Thursday, February 11, 2021

Thought about Myanmar Cyber Law


Feb 15 ရက်နေ့မှာ Draft Cyber Law ကို အတည်ပြုမယ်ဆိုပြီး သတင်းတွေ ကြားနေရတယ်။ သိခဲ့ရသလောက် အခု သတင်းထွက်နေတဲ့ Cyber Law ဥပဒေကြမ်းကို NLD အစိုးရလက်ထက်မှာ ဆက်သွယ်ရေး ဝန်ကြီးဌာနက ရေးဆွဲတယ်။ အကြံပြုကြဖို့ ဘာညာ ကြေညာတာတွေ တွေ့လို့ ကျွန်တော်တောင် စာပို့ အကြံပြုခဲ့တာတွေလည်း ရှိပါတယ်။ ယူမယူ မသိပါ။ အခုထိလည်း သေချာ မဖတ်ကြည့်ရသေးပါဘူး။ အထဲမှာ ဘာတွေပါမှန်း သေချာ မဖတ်ရသေးဘဲ ပြောပါမယ်။ 

၁။ အချိန်ပြည့် တိုင်းသူပြည်သား အားလုံးကို Survillence လုပ်တဲ့ စနစ်မျိုး တရုတ်လို စနစ်မျိုးဆိုရင် ဘယ်ပါတီ ဘယ်အစိုးရဖြစ်ဖြစ် ကျွန်တော်လုံးဝ မထောက်ခံပါဘူး။ ဒါကြောင့် နေပြည်တော်မှာ CCTV တွေနဲ့ Face Recognition လုပ်တဲ့ စနစ်ကိုတောင် ကျွန်တော် ကန့်ကွက်ခဲ့သေးတယ်။ 

၂။ နိုင်ငံတော်လုံခြုံရေးကိစ္စအကြောင်းကြောင့် လူတစ်ယောက်ရဲ့ ပါဆင်နယ် ဒေတာတွေကို ရယူထောက်လှမ်းမယ်ဆိုရင် ရယူထောက်လှမ်းခွင့် ရှိရပါမယ်။ ဒါဟာ ဥပဒေအရကို ရှိရမယ်။ ဒါပေမယ့် ((တိကျစွာ သတ်မှတ်ထားတဲ့အဖွဲ့အစည်း)) ကသာ Access လုပ်ခွင့် ရှိရပါမယ်။ အဲဒီ ((တိကျစွာသတ်မှတ်ထားတဲ့အဖွဲ့)) အဖွဲ့ဝင်တွေကို ဒီဒေတာတွေကို ဒီအကြောင်းအရင်းကလွဲလို့ အခြားနေရာမှာ မသုံးစွဲဖို့ Data Privacy Law လိုအပ်ပါတယ်။ ဘယ်သူဘယ်လယ်ဗယ်အထိ သုံးစွဲခွင့် ရှိတယ် ဆိုတာတွေကိုလည်း ပြဌာန်းရမှာ ဖြစ်သလို ဘယ်သူက ဘယ်ဒေတာ ထုတ်ယူသုံးစွဲတယ် ဆိုတာတွေကိုလည်း ((တိကျစွာသတ်မှတ်ထားတဲ့အဖွဲ့)) မှာ တာဝန်ထမ်းဆောင်မယ့် လူတွေကို Professional Ethics တွေ လေ့ကျင့်သင်ကြားပေးရမှာလည်း ဖြစ်ပါတယ်။ Technology နဲ့ System ဟာ ပိုက်ဆံဘယ်လောက်သုံးနိုင်သလဲ ဆိုတဲ့အပေါ် မူတည်ပြီး အရမ်းကောင်းအောင် တည်ဆောက်လို့ရပေမယ့် လူတွေရဲ့ Morale & Ethics ကိုက ဒီအတိုင်း တည်ဆောက်လို့မရပါဘူး။ လူတစ်ယောက်ချင်းစီရဲ့ Privacy ကို လေးစား အလေးထားရပါမယ်။ မဟုတ်ရင် လူမှုပြဿနာအများကြီးကို ဖန်တီးသလို ဖြစ်နေပါလိမ့်မယ်။ ဒါမျိုးစနစ်ကို ((စနစ်တကျ မဖန်တီးနိုင်ရင်)) လည်း တိုင်းပြည်ငွေယိုပေါက် အကြီးကြီးနဲ့ ငွေမည်းစီးဆင်းရာ Crime Organize လုပ်ရာ ဖြစ်နိုင်ပါတယ်။ 

၃။ ဒီ Law ဟာ ကျွန်တော်တို့ IT Company တွေအပေါ် အများကြီး ရိုက်ခတ်မှု ရှိပါလိမ့်မယ်။ ဒီဥပဒေ ကောင်းမယ်ဆို အကျိုးကျေးဇူး ရှိပေမယ့် မကောင်းရင် တချို့ နိုင်ငံရပ်ခြားနဲ့ ဆက်သွယ် အလုပ်လုပ်နေသူတွေ အများကြီး ရပ်ဆိုင်းသွားနိုင်တယ်။ တိုင်းပြည် တိုးတက်ဖို့ဆိုရင် အိုင်တီကို ဖွင့်ရပါမယ်။ အင်တာနက်ကို ဖွင့်ရပါမယ်။ ပိတ်လိုက်တာနဲ့ ပြောင်းပြန်ဖြစ်ပါလိမ့်မယ်။ လေယာတစ်ခု ခံတာနဲ့တင် တစ်ခုနှေးကွေးပါတယ်။  တိုင်းပြည်ကို သူများနိုင်ငံတွေလို ဖြစ်စေဖို့နဲ့ နိုင်ငံ GDP တက်ဖို့ဆိုရင် Digital စနစ်ကို အကုန် ကူးပြောင်းကြရမယ်။ အချို့လုပ်ငန်းတွေဟာ 5G နဲ့မှ ရတာမို့ နိုင်ငံတကာမှာ 5G Compliance ဖြစ်ဖို့ အများကြီး ကြိုးစားလုပ်ကိုင်နေကြတယ်။ ကျွန်တော်တို့ဆီမှာ Telecom ကဏ္ဍဖွင့်လိုက်တာနဲ့ အများကြီး ပြောင်းလဲ တိုးတက်လာခဲ့တာ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ပေါ်လာတာ တွေ့ရမှာပါ။ ဒါကြောင့် ပိတ်တာ ဆို့တာ ကြားဖြတ်တာ ဘာညာကွိကွမှန်သမျှ ကန့်ကွက်ဖို့ပဲ ရှိပါတယ်။ 

အထက်က ပြောခဲ့တဲ့အရာအားလုံးက Cyber Law နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်သက်သက်အောက်မှာ ဖြစ်ပါတယ်။ လက်ရှိ အရေးအခင်းတွေနဲ့ ပတ်သက် ဆက်နွယ်တဲ့ ခံစားချက် မထားဘဲ အိုင်တီလုပ်ငန်းရှင် တစ်ယောက်၊ နက်တီဇန်တစ်ယောက် အနေနဲ့ ဖြစ်သင့်တာကို ပြောတာပါ။ ကျွန်တော့် ပါဆင်နယ် ခံယူချက်အရကတော့ ဒီဥပဒေကို လူတွေကို ထိန်းချုပ်ဖို့ သက်သက်ထက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့၊ တစ်ယောက်က တစ်ယောက်ကို ဒီလို အင်တာနက်ကွန်ယက်တွေ အသုံးပြု မတရားလုပ်တာ၊ Cyberspace မှာ ကိုယ့်နိုင်ငံက ခံရတဲ့ဘက်ချည်းက မဖြစ်ဖို့ ရေးဆွဲတဲ့ ဥပဒေတစ်ခုအနေနဲ့ ဖြစ်သင့်ကြောင်းပါ။ သေချာဖတ်ကြည့်ပြီး စဉ်းစားမိတာ ရေးပါဦးမယ်။ 

Tuesday, February 9, 2021

Myanmar Anti-Coup Protest Day 3

ဆန္ဒပြပွဲမှာ ထွက်လာကြ လုပ်နေကြတာက ၈၀% အသက် ၄၀ အောက် လူငယ်တွေလို့ သေချာ ပြောလို့ရတယ်။ လူကြီးတွေ သိပ်မမြင်မိသေးဘူး။ မင်းတို့ခေတ်မှာ မင်းတို့တိုက်တော့ ငါတို့ခေတ်တုန်းက နှစ်ကြိမ်တိုက်ခဲ့တာ မနိုင်ဘူး ဆိုပြီး စိတ်ပျက်အားလျော့နေကြလားတော့မသိပါ။ ဆရာကြီးဒေါက်တာဇော်ဝေစိုးတို့လို မားမားမတ်မတ် ရပ်တည်ပေးမယ့် လူကြီးတွေ လိုအပ်တယ်။ 

ဒီနေ့ လုပ်ကိုင်နေကြတဲ့ လူငယ်တွေဟာ နည်းပညာခေတ် လူငယ်တွေဖြစ်တယ် ကမ္ဘာတလွှားမှာ ဒီလိုအဖြစ်အပျက်တွေ ဖြစ်လာရင် ဘယ်လိုလုပ်ဆောင်ကြသလဲဆိုတာ အင်တာနက်ကတဆင့် ထိတွေ့ သိရှိနေကြသူတွေဖြစ်တယ်။ သပိတ်အတွက် ရေ၊ အစားအစာ၊ ဆေးဝါး၊ မျက်နှာဖုံးကအစ လိုက်လံ ပံ့ပိုးကြတယ်။ အမှိုက်တွေ စည်ပင်တောင်သိမ်းစရာမကျန်ဘူး ကောက်တဲ့အဖွဲ့ရှိတယ်။ ကားကျော်တက် ဖြတ်ဝင်ရင်တောင် လက်သုံးချောင်းထောင်ထားတာနဲ့ သွားနေတဲ့ကားက ရပ်ပေးတယ်။ ကိုယ်တွေ ရွေးကောက် တင်မြှောက်ခဲ့တဲ့ အစိုးရနဲ့ လူကြီးတွေအတွက် အမှန်တရားအတွက် လုပ်ကြပေမယ့် တကယ်တမ်း အန်တီဖမ်းခံရတာကစလို့ ဘာ Strategic Plan B မှ NLD မှာ မရှိဘူးလို့ ခံစားရတယ်။ ဘယ်သူမှလည်း လူထု ခေါင်းဆောင်နေရာက ထွက်မလာခဲ့ဘူး။ ကိုမင်းကိုနိုင်သာ ထွက်လာခဲ့တယ်။ 

ဒီနေ့တွေ့ကြုံခံစားနေရတာတွေဟာ အတိတ်ကလူတွေရဲ့ သမိုင်းအမွေတွေပါ။ လူငယ်တွေချည်း တိုက်နေလို့မရဘူး။ မသေသေးတဲ့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ မှတ်ယူရပါမယ်။ ဒီသပိတ်မှာ ကျွန်တော်အကြိုက်ဆုံးနဲ့ အားအရဆုံး အဖွဲ့ကတော့ MNL ဘောလုံးအားကစား သမားတွေ အများဆုံးပါတဲ့အဖွဲ့ပါ။ သူတို့ရဲ့ ရုံးမတက်နဲ့ ရုံးမတက်နဲ့ ရုန်းထွက် ရုန်းထွက် ဆိုတာ ကျွန်တော်သဘောအကျဆုံး CDM Movement ကြွေးကြော်သံဖြစ်ပါတယ်

Feb 09, 2021

Thursday, February 4, 2021

04.02.2021

ဒီနေ့ ရုံးခန်းအသစ်လေး MICT မှာ ဖွင့်ဖြစ်တယ်။ ပထမက ဖေဖော်ဝါရီ ၁ ရက်နေ့ ဖွင့်မလို့ပါပဲ။ နိုင်ငံရေးအရှုပ်အထွေးတွေနဲ့ နောက်ဆုတ်ခဲ့ရတယ်။ ဖေ့ဘွတ်ဖွင့်လိုက်ရင်လည်း စိတ်ညစ်စရာတွေချည်းမို့ စိတ်ဆုံးဖြတ်ပြီး Delete လုပ်လိုက်တယ်။ ဘလော့(ဂ်)မှာ စာပြန်ရေးဖို့ ကြံနေတာ ကြာပြီ မလုပ်ဖြစ်ဘူး။ အခုတော့ ပြန်လုပ်ဖြစ်မယ် ထင်ပါရဲ့။