Thursday, March 30, 2006

ညီမလေးက လက်သည်းမရှိတဲ့ ကြောင်တစ်ကောင်

ညီမလေးက လက်သည်းမရှိတဲ့ ကြောင်တစ်ကောင်


ဒီနေ့ဟာ ညီမလေးရဲ့ မွေးနေ့ပဲ
အိပ်ယာက ထလိုက်တာနဲ့ လွမ်းလွမ်းဆွတ်ဆွတ်
ငွေ့ရည်ဖွဲ့ တိမ်တွေရဲ့ ဘာသာဗေဒကို ညီမလေး မသိခဲ့
ရာသီချိန်မှာ ပြန်လာတတ်တဲ့
ဆယ်လမွန်ငါးတွေအကြောင်းလည်း ညီမလေး မသိခဲ့တော့
အားလုံးကပြောတဲ့ မြို့ပျက်မှာ
ညီမလေးက အပေါင်းတစ်ဖြစ်ပြီး
ငါက အနှုတ်တစ်ဖြစ်လို့နေတယ်။

ရှိရင်းစွဲ အခြေအနေလေးနဲ့တော့
ငါနဲ့ ငါ့အသက်ရှူသံတွေက
ဘယ်လိုမှ ညီမလေးကို မဖြားယောင်းနိုင်
မြင်မြင်ချင်း ချစ်မိခြင်းက အပြစ် ၁ ဖြစ်ခဲ့ပြီး
ချစ်မိမိချင်း မသိလိုက်ခဲ့ခြင်းက အပြစ် ၂ ဖြစ်တယ်လို့
ငါ့သူငယ်ချင်းက ငါ့ကိုဆိုတယ်
တကယ်တော့
ညီမလေးဆိုတာကိုက ငါ့ရဲ့ အပြစ် ၃ ဖြစ်တယ်။

ငါ့အသံကို သူက မကြားနိုင်ပဲ
ငါ့အသံကို ငါသာပြန်ကြားနေခဲ့
ငါက ရင်မောစွာ ငေးကြည့်မိတိုင်း
ညီမလေးက ကြောင်တစ်ကောင်ဖြစ်လို့နေခဲ့
ငါသွားရာ လမ်းတွေမှာ ညီမလေး ပျောက်နေခဲ့ပြီး
ငါ့လမ်းတစ်လျောက်မှတော့ ညီမလေး အရိပ်တွေတွေ့နေခဲ့ရတယ်။

ငါ့သွေးသားများက တောနက်ရိုင်းလို
ခြသေဿင့တစ်ကောင်အုပ်စိုးရာ တိုင်းပြည်မှာမှ
မြေခွေးနှစ်ဆယ့်ငါးကောင်ကပါ ကျက်စားခဲ့ကြတော့
ပြန်မလာမှန်းသိလည်း ငှက်တွေကို အခါခါလွှတ်နေခဲ့မိပေါ့
နောက်ဆုံး
ဒီမျက်နှာဖုံးကို ငါစွပ်တယ်
ဒီတေးသွားကို ငါရေးတယ်
တီးခတ်ရာ ဂီတာကြိုးက ပုံမှန်အသံမထွက်နိုင်ခဲ့တော့
အသံအတယ်
ဂီတက ရုန့်ရင်း အကျည်းတန်တယ်
တကယ်တော့ငါက
ဒီမြို့ကြီးမှောင်နေတာကိုတောင်
မီးတွေ ထိန်နေအောင် ထွန်းချင်ခဲ့မိတဲ့ကောင်ပေါ့ ညီမလေး။



သူငယ်ချင်း ဖိုးကျှောစွာနဲ့ စုမြတ်လေး သို့ အမှတ်တရ
Tags : Poem , NLS , Friend , Kyaw Swar

No comments: