Tuesday, February 28, 2006

ပျောက်ဆုံးခြင်း

တိုက်စားခံ ကမ်းပါးများလို
ပြိုကျသွားပေမယ့် ပျောက်ပျက်မသွားခဲ့ဘူး
သီချင်းသံတွေ ကြားလည်း
ငါ့မျက်လုံးများ မမှိတ်တော့ဘူး
ငါ့သွေးကြောများ တုန်ခါခဲ့ရာ မျက်ဝန်းက
စိုစွတ်တဲ့ နှုတ်ခမ်းပါးတွေ ရှိရာ ညနေရီ
ဒီလိုပါ
ဖျတ်ခနဲ လှုပ်သွားတဲ့ နှလုံးခုန်သံက
ကောင်မလေး မျက်ဝန်းဖျားက အမာရွတ်လေး ဖြစ်မယ်
မှန်ကို ပြန်ကြည့်တိုင်း နာကျည်းမှု စတင်မယ်
လည်နေတဲ့ ကမာမြေကို လိုက်ရေ မိခဲ့သူက
ကြိုးခဏခဏ ပြတ်တတ်တဲ့ ငါ့ဂီတာလေး ဖြစ်တယ်
ကောင်မလေးက ယုဒ ဖြစ်တယ်
သူကိုယ်တိုင် မသတ်ခဲ့ဘူး
စကားလုံးတွေကို စေပါးခဲ့တယ်
နံရံပှေါက သစ်ရွက်လေးကလည်း
လူတစ်ယောက်ရဲ့ နောက်ဆုံးအပြုံးကို မြင်သွားနိုင်တယ်
ငါစောင့်နေကြ လမ်းလေးက တယောသံ ချိုမြမြ
အခိုးအငွေ့လေးတွေပဲ ကျန်ခဲ့ကြတယ်
ခဏလေး
ငါ..
မင်းရဲ့ အသက်ရှူမှုလေးကို အမှတ်တရ ခိုးယူချင်လို့ပါ
တိတ်တဆိတ် မမြင်ချင်ယောင် ဆောင်ပေးပါ
အမှန်တရားအတွက် ပညာရှိတွေ သေဆုံးဖူးတယ်
နာကျင်ပေမယ့် အဆိပ်ခွက်တွေက တခါတရံ ချိုမြကြတယ်
ပါးစပ်နဲ့ ပြောရတဲ့ စကားတွေကို ငါမုန်းတယ်
နားနဲ့မှ နားဆင်တတ်ကြတဲ့ သူတွေကို ငါမုန်းတယ်
တကယ်လို့များ ငါတို့တွေ ဆွံ့အ အလင်းကွယ်ပျောက် သွားခဲ့ကြရင်
ဘယ်ဘာသာနဲ့ ငါတို့ ဆက်သွယ် နိုင်ကြတော့မလဲ
မင်းတို့ကြားမှာ
ငါကတစ်ယောက်တည်း
ကမာဦး စကားကို ဆိုသူ ဖြစ်ခဲ့တယ်။

27.02.2006
Tag : Poem

No comments: