Friday, August 3, 2012

July 2012 Summary

 

31 July 2012
ဒီနေ့ထုတ် ဗီးနပ်(စ်)နယူးဂျာနယ်မှာ နိုင်ငံတော်သမ္မတ ခန့်အပ်တဲ့ ပုဂ္ဂိုလ်တွေကို စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေ စစ်ဆေးမယ့်သတင်း ပါတယ်လို့ ဆိုပါတယ်။ သတင်းစာထဲမှာလည်း မတွေ့ရ၊ သမ္မတရုံးဝဘ်ဆိုဒ်မှာလည်း မတွေ့ရလို့ သံသယတော့ အနည်းငယ် ရှိမိပေမယ့် ဒါမျိုးဆိုတာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမယ့် အရာပါ။ ဒါပေမယ့် မစိုးရိမ်ပါနဲ့ သူတို့ စစ်ဆေးမယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေက စစ်ဆေးရေးအဖွဲ့က ခုံသမာဓိကြီးတွေပဲမို့ အဆင်ပြေသွားမှာပါ။ ပြီးတော့ အမြော်အမြင်ကြီးတဲ့ အဆိုပါ ပုဂ္ဂိုလ်ကြီးများဟာ ဘာလုပ်ငန်းလုပ်လုပ် ဟိုးအရင် အစကတည်းက နာမည်ခံ လုပ်ပေးတဲ့ လူလေးတွေ ရှိစမြဲမို့ သိပ်တော့ ထူးထူးခြားခြား ပြောင်းလဲမှု မမြင်မိဘူးလို့ ခံစားရပါတယ်။ :)
30 July 2012
သမဂ္ဂတစ်ခုဟာ ဘယ်လို အချင်းအရာတွေနဲ့ ကိုက်ညီရင် ဖွဲ့စည်းသင့်သလဲခင်ဗျာ။ အိမ်ရှင်တွေ နှိပ်စက်တာခံရတဲ့ ဆားပုလင်းတွေအတွက် မြန်မာနိုင်ငံ ဆားပုလင်းများသမဂ္ဂ၊ လယ်ရှင်ယာရှင်တွေ ဖိနှိပ်တာခံနေရတဲ့ နွားကျောင်းသားတွေအတွက် မြန်မာနိုင်ငံ နွားကျောင်းသားများ သမဂ္ဂ၊ နွားနဲ့ကျွဲ မတူလို့ ကျွဲကျောင်းသားများ သမဂ္ဂ၊ ငွေတစ်ရာမှာ ရှစ်ဆယ်လောက်ကို ခေါင်းကို ခွဲပေးနေရတဲ့ ပြည့်တန်ဆာတွေအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အဖြည့်ခံများ သမဂ္ဂ၊ တောပြုန်းလာတာတွေ သားကောင်ရှားပါးလာတာတွေ တိရစ္ဆာန်ကာကွယ်ရေး အဖွဲ့တွေရဲ့ ရိုက်ခတ်မှုကို တန်ပြန်ဖို့ မြန်မာပြည်လုံးဆိုင်ရာ မုဆိုးများ သမဂ္ဂ၊ ကဗျာတွေကို ကာကွယ်ဖို့ မြန်မာ့ကဗျာဆရာများသမဂ္ဂဗဟို၊ အဲဒီအောက်မှာ၊ လေးလုံးစပ်ကဗျာသမားများသမဂ္ဂ၊ မော်ဒန်ကဗျာဆရာများသမဂ္ဂ၊ ပိုစ့်မော်ဒန် ကဗျာဆရာများ သမဂ္ဂ စတဲ့ စတဲ့ သမဂ္ဂတွေ ဖွဲ့စည်းမယ် ဆိုရင်ရော ဖြစ်နိုင်ပါလားခင်ဗျာ။ မုဆိုး၊ ကဗျာဆရာ၊ ကျောင်းသား စတာတွေဟာ အလုပ်သမားတွေ မဟုတ်ကြတဲ့အတွက် အလုပ်သမားရေးရာ ဥပဒေနဲ့အညီ သမဂ္ဂ ဖွဲ့စည်းခွင့်ရော ရှိပါ့မလားခင်ဗျာ။ တကယ်သိချင်တာပါ။
ဒီသတင်းကို စဥ့်ကူးမင်းသာသိရင် ကျိန်ဆဲမှာတော့ အမှန်ပဲ။ ဖတ်ခဲ့ဖူးတဲ့ Ancient Future, Learning from Ladakh ဆိုတဲ့ စာအုပ်လေး ပြန်သတိရမိတယ်။ တခါတလေ တိုးတက်ရေးလုပ်တာဟာ ယဉ်ကျေးမှုစနစ်ကြီးကို ပျက်စီးသွားစေတယ်။ ဒါကြီးကို ဖက်တွယ်ထားပြန်တော့လည်း ခေတ်သစ်ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက် သွားပြန်တယ်။ လုပ်ခွင့်ရတဲ့ 3rd Party တွေကတော့ သူတို့မှန်တယ်ထင်တာ လုပ်ကြတာပဲ။ စဉ်းစားစရာတွေ အများကြီးပါပဲ။ (စဥ့်ကူးမင်းခေါင်းလောင်း ထိုးခွင့်မပြုတော့ခြင်း သတင်းနှင့် စပ်လျဉ်း၍)
မြန်မာအစိုးရဟာ ဘင်္ဂလီနဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံး နှစ်လုံးကြားမှာ ကစားသွားလိမ့်မယ်။ လည်တော့လည်တယ်။ ရိုဟင်ဂျာတွေကလည်း သူတို့ရပ်တည်ရေးအတွက် ကျွန်တော်တို့ဟာ ဘင်္ဂလီပါလို့ တစ်ထစ်လျှော့ချနိုင်ဖွယ် ရှိပါတယ်။ စိတ်ဝင်စားမိတာ တစ်ခုပဲ ရှိတယ်။ သူတို့ကို ဘယ်နေရာမှာ သွားထားမလဲ ဆိုတာပဲ။ စဉ်းစားကြည့်တော့ ကုလားတန်မြစ်စီမံကိန်းမှာ လုပ်သားအဖြစ် အသုံးချနိုင်ဖွယ် ရှိတယ်လို့ မြင်မိတယ်။
ကျုပ်ဘဝမှာ ငယ်ငယ်ကတည်းက ဆင်းရဲတဲ့လူတွေကို သနားတယ်။ ကိုယ်တိုင်လည်း မရှိမရှား မိသားစုက ကြီးပြင်းခဲ့ရသူမို့ ဒီလူတွေရဲ့ ဘဝကို စာနာတယ်။ အဖေ နိုင်ငံခြား သွားနေတဲ့အချိန် ဇီးထုပ်တွေ၊ အကြော်တွေရောင်းပြီး မိသားစုကို ကျွေးမွေးခဲ့တဲ့ အမေနဲ့ အတူဖြတ်သန်းခဲ့သူမို့ ဒီလိုဘဝတွေကိုလည်း နားလည်တယ်။ ဒါပေမယ့် ဆင်းရဲမွဲတေရင် သူခိုးဂျပိုးဖြစ်ရမယ်လို့ ဘယ်တုန်းကမှ စိတ်ဓာတ်မှာတောင် မရှိခဲ့ဖူးဘူး။ ခြေလေး လက်လေးပြတ်လို့ လာတောင်းတဲ့ သူတောင်းစားတောင် ပညာရပ် ကျွမ်းကျင်မှု တစ်ခုခု မပြရင် ပိုက်ဆံမထည့်ဘူး။ ဒီစာ ဘယ်သူရေးပေးတယ် မသိဘူး။ ညံ့ဖျင်းလိုက်တဲ့ အိုင်ဒီရော်လော်ဂျီ။ (ကျွန်ုပ်တို့ တောင်သူလယ်သမားများသာ ဖြစ်ချင်ကြပါသည်။ ဆင်းရဲမွဲတေမှုကြောင့် လူဆိုးသူခိုးများ မဖြစ်ချင်ကြပါ ဆိုသည့် ဆိုင်းဘုတ်ကိုင် ဆန္ဒပြဓာတ်ပုံတစ်ခုနှင့် စပ်လျဉ်း၍)
သခင်စိုးသည် ခြင်းခတ်သည့်အခါတိုင်း ၄င်းကြောင့် ဘေးထွက်သွားသော ခြင်း၊ မြေပေါ်ရောက်သွားသော ခြင်းတို့ကို ဘယ်သောအခါမျှ သွား၍ ကောက်လေ့မရှိ။ ခြင်းပွဲကို အတူကစားပေးရသည့် ရဲဘော်များကသာ ကောက်ပေးရလေ့ ရှိသည်။ ယင်းသို့ ကောက်ယူပေးခြင်း မရှိသည့်အပြင် လွန်စွာ အငြင်းသန်လေသည်။ ကြာသော် သခင်စိုးနှင့်အတူ မည်သည့်ရဲဘော်မျှ ခြင်းခတ်ကစားလိုခြင်း မရှိကြချေ။ အပေးအယူ၊ လွန်စွာမျှတ၊ ခြင်းမူစာဂ (စာအမှန်- အပေးအယူ လွန်ကြည်ဖြူ ခြင်းမူစာဂ မျှစိတ္တ) ဆိုသည့် ဆောင်ပုဒ်သည် သခင်စိုးနှင့် မသက်ဆိုင်သလို ဖြစ်နေသည်။ အနောက်တိုင်း စာရေးဆရာများက လူတစ်ယောက်အကြောင်း သိလိုပါက ခရီးအတူသွားကြည့်ပါဟု ရေးကြ ပြောကြလေ့ရှိသည်။ ဗကပအတွင်းမှ ရဲဘော်များကမူ သခင်စိုးအကြောင်း သိလိုပါက ခြင်းအတူကစားကြည့်ပါဟု နောက်ပြောင် ပြောလေ့ ရှိကြသည်။ (ဘခက်အကြောင်း၊ စာ-၁၄၁)
29 July 2012
မုန့်စိမ်းပေါင်းသည်တွေကို မော်ဒယ်ရွေးပွဲမှာ အကဲဖြတ်ခန့်လို့ မရဘူး။ ကားပွဲစားကို ကျောက်စိမ်း ရွေးခိုင်းလို့ မရဘူး။ လိုဂိုအကြောင်း မသိတဲ့လူတွေ လိုဂိုမရွေးသင့်ဘူး။ မဲပေးတယ်ဆိုတာလည်း အဲလိုပဲ။ ကိုယ်ကြိုက်တာနဲ့တင် အလုပ်မဖြစ်ဘူး။ ဒီနေရာနဲ့ဒီလူ တကယ်လိုက်မလိုက် အပ်စပ်သည် မအပ်စပ်သည် ဆိုတာက ရွေးချယ်တဲ့သူတွေမှာ အဲဒါနဲ့ ပတ်သက်တဲ့ အသိပညာ၊ သညာနဲ့ ဆင်ခြင်နိုင်စွမ်းအားလည်း လိုအပ်တယ်။
ကားမရပ်ရတဲ့ နေရာမှာ ရပ်ထားကြတဲ့ကားတွေ။ ၉ခ/၉၉၉၉ ကစလို့ ရဲကားအထိ စည်းကမ်း မလိုက်နာကြလေတော့ ပြည်သူတွေ စည်းပျက်ကမ်းပျက်ဖြစ်တာ မဆန်းပါဘူး။ ဘာမဟုတ်တဲ့ နေရာလေးမှာတောင် လူတွေဟာ အခွင့်ထူးခံ လူတန်းစား ဖြစ်ချင်ကြတယ်။ ၁၁၅ မိုင် နားနေစခန်း။ (၉ခ/၉၉၉၉ ဘယ်သူ့ကားလဲဟင်)
သြဇီမှာ လာနေတဲ့ တခြားနိုင်ငံသား ဘာသာခြားတွေနဲ့ ပတ်သက်လို့ သြဇီဝန်ကြီးချုပ် ဂျူလီယာဂီးလတ်ရဲ့ ပြတ်သားတဲ့ မိန့်ခွန်းဆိုတဲ့ဟာ တစ်ခုကို လူအတော်များများ Share လုပ်နေကြ Like လုပ်နေကြတာ တွေ့ရပါတယ်။ ရုတ်တရက် ဖတ်ကြည့်လိုက်ရင်တော့ လက်ငင်း အခြေအနေတွေအရ သဘောကျချင်စရာ နှစ်ခြိုက်ချင်စရာ၊ ပြတ်သားတယ်လို့ ထင်စရာ မိန့်ခွန်းတစ်ခုမို့ လူတွေ မစူးစမ်းမိဘဲ ကြိုက်ကြတာ သိပ်တော့ အထူးအဆန်း မဟုတ်ပေမယ့် ပြဿနာက အဲဒီဟာကြီးက အတုကြီး ဖြစ်နေတာပါပဲ။ သူမက ဒါမျိုးကို ဘယ်နေရာ ဘယ်အချိန်မှာ ပြောခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထားလည်း မရှိပါဘူး။ ဒီလို ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်မျိုးဟာ ဒါမျိုး အရေမရ အဖတ်မရ စကားမျိုးကို မပြောကြပါဘူး။ ဘယ်နိုင်ငံရေးသမားမှ ကိုယ့်သေတွင်း ကိုယ်တူးမယ့် စကားမျိုး မပြော တတ်ကြပါဘူး။ ဒါဟာ Hoax News ကြီး တစ်ခုပါ။ Google မှာတင် ဟုတ်မဟုတ် ရှာကြည့်နိုင်ပါတယ်။ ဒီအကြောင်းကို ကျွန်တော့် မိတ်ဆွေတွေ ထဲကတောင် သတိမမူ ဂူမမြင်ဖြစ်ပြီး သဘောကျကြ ထပ်ရှဲကြတာတွေ တွေ့ရပါတယ်။ ဒီတော့ အင်တာနက်မှာ တစ်ခုခုတွေ့တိုင်း မယုံလိုက်ပါနဲ့။ စစ်ဆေး ဆင်ခြင် သုံးသပ်ကြပါဦး။
28 July 2012
ခင်ဗျားတို့တွေ တစ်ခါလာလည်း နောင်တော်ပါတီ တစ်ခါလာလည်း နောင်တော်ပါတီကြီးတွေနဲ့ ခင်ဗျားတို့ မုဆိုးမကို -ီး နဲ့ ခြောက်လို့ မရသလို ကျွန်တော်တို့ကိုလည်း ခြောက်လို့ မရဘူးဗျ~ သုံးပါတီညီညွတ်ရေးကွန်ဖရန့်အပြီး သခင်စိုးက သခင်သန်းထွန်းကို ဒေါသတကြီး ပြန်ကြားချက်။ ဘခက်အကြောင်း။ စာ-၁၄၀
အခု နောက်ဆုံးထွက်တဲ့ ရဲဘော်ဘခက်ရဲ့ ဘခက်အကြောင်း စာအုပ်ထဲ အမျိုးနာမည်တွေ ပြန်တွေ့နေရတယ်။ ဗိုလ်ချုပ်မှူးကြီး ဆိုတာ ဦးစောမောင် လက်ထက်မှ မဟုတ်ဘူး။ ဗကပ လက်ထက်က စတာပဲ။ သခင်သန်းထွန်းက ဗိုလ်ချုပ်မှူး ရာထူးတဲ့ဗျ။ ပြည်ခရိုင် ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က တပ်မှူးကြီး ဗိုလ်မင်းနိုင်ဆိုတာ အမျိုးရင်းကြီး။ နောက်ပိုင်းတော့ အလင်းဝင်ပြီး ကုန်သွယ်ရေး အဖွဲ့ဝင် ဖြစ်သွားသပေါ့။ သားသမီးတွေ အားလုံးက ပညာတတ်တွေ ဆရာဝန်တွေချည်းပဲ။ သားတစ်ယောက်ကို ရုရှား နာမည်မှည့်ထားတာ ယူရီမော်ဇင်နိုင်တဲ့။ သူလည်း ဆရာဝန်ဖြစ်ပြီး တောခိုသွားလိုက်ရာက နောက်ပိုင်း အဖမ်းခံရတယ်။ ထောင်ထဲမယ် အကြာကြီး နေလိုက်ရတယ်။ ဗကပ ပြည်သူ့ တပ်မတော်အောက်မှာ တပ်မကြီး ၄ ခုရှိတယ်။ တပ်မကြီး(၁) အောက်က တပ်မဟာ(၁)ရဲ့ တပ်မဟာမှူး ဗိုလ်မှူးကြီးမင်းဒင် ကလည်း အမျိုးကြီးပဲ။ အဖေဘက်က တော်တယ်။ သူ့သားတစ်ယောက်က ဦးမောင်မောင်သိမ်းတဲ့ သမီးက မမချိုချိုတင်တဲ့။ ဦးမောင်မောင်သိမ်း ကတော့ တောခိုသွားတာ အခုထိ ပြန်လာတဲ့ အထဲတော့ မကြားမိသေးဘူး။ ပေါက်ခေါင်းဆိုတာ ဗကပရဲ့ အခြေစိုက် စခန်းကြီး ဖြစ်ခဲ့ပေမယ့် ကိုယ့်အမျိုးတွေထဲက ဖြုတ်ထုတ်သတ် တွေထဲ မပါခဲ့တာ တော်သေးတယ် ပြောရမယ်။
27 July 2012
ဦးအောင်သိန်းလင်းရဲ့ အင်တာဗျူးကို ပြန်ဖတ်ဖြစ်တယ်။ အဲဒီအထဲက တရုတ်ဟာ မြန်မာတွေရဲ့ ထာဝရမိတ်ဆွေပါ။ အမြဲတမ်း မြန်မာဘက်က ရပ်တည်ပေးခဲ့တယ်။ ငါတို့ ဒုက္ခတွေ့ချိန်တွေမှာ ကူညီခဲ့တာတွေ ဟာလည်း မင်းတို့ပါပဲ စတဲ့ စကားတွေက မှန်တော့မှန်နေတာပဲ။ ဒါပေမယ့် မှန်တယ်ဆိုတာက အစိုးရ အတွက်ပဲ ဖြစ်လိမ့်မယ်။ ပြည်သူလူထု အတွက်တော့ မဟုတ်ဘူး။ အနည်းဆုံး မြန်မာပြည်သူတွေ တရုတ်ပစ္စည်းတောင် Quality ပစ္စည်း မသုံးခဲ့ရဘူး။ ဦးသိန်းစိန်က သမ္မတ လုပ်ပိုင်ခွင့် အာဏာနဲ့ မြစ်ဆုံကိစ္စကို ရပ်လိုက်တော့ ဟိုက ဒေါသထွက်တဲ့အခါ ဒုသမ္မတ လုပ်တဲ့သူက အပြေးအလွှား သွားပြီး တောင်းပန်ခဲ့ရရှာတာပဲ။ တရုတ်ကို အဖေတော်ထားတဲ့ ကိစ္စကို ရှင်းဖို့က ဒီကာလက အကောင်းဆုံးပဲ။ ခုရှုပ်မှ နောင်ရှင်းပဲ။
မြစ်ဆုံလို ပမာဏရော အရင်းအနှီးပါ ကြီးမားတဲ့ စီမံကိန်းမျိုးကို အိမ်နီးချင်း တရုတ် တစ်ယောက်ထဲကို ပေးလိုက်တာဟာ ကိုယ့်အန္တရာယ် ကိုယ်မမြင်တာပဲ။ နောင်မှာ ပြဿနာပိုရှုပ်ထွေးနိုင်တယ်။ တစ်နေ့နေ့မှာ လုံခြုံရေး အခြေအနေအရလို့ အကြောင်းပြပြီး တရုတ်က တပ်တော်တစ်ခု အတင်းအဓမ္မ လွှတ်လိုက်ရင်တောင် မြန်မာတွေ တွန်းလှန်နိုင်ပါ့မလား။
24 July 2012
တစ်သက်လုံး တရားဓမ္မထဲမှာ ဘဝင်မကျခဲ့တဲ့ ကိစ္စတစ်ခုရှိတာ ဘာလဲဆိုတော့ လှူဒါန်းတာချင်း အတူတူတောင် သာမန်လူကို လှူဒါန်းတာထက် အကျင့်သီလရှိတဲ့ ပုဂ္ဂိုလ်၊ ရဟန်းကို လှူဒါန်းတာ ပိုမြတ်သတဲ့၊ ဒီထက်ပိုပြီး ဘုရားရှင်ကို လှူဒါန်းတာ ပိုမြတ်တယ် ဆိုတာပဲ။ ကိုယ်တစ်သက်လုံး စိတ်ထဲ စွဲလာတာက ကိုယ့်အလှူဟာ ဘယ်သူ့ကို လှူလှူ စိတ်သာ အဓိကမို့ အဲဒါတွေက အရေးမကြီးဘူးလို့။  ဒီနေ့မှာ အကြောင်းကိစ္စတစ်ခု ကြုံလို့ တွေးမိရာက ပညာရှိများ၊ အကျင့်သီလ ရှိသူများဟာ သာမန်လူထက် သူတထူးရဲ့ ကျေးဇူးကို ပိုသိတတ်တယ်၊ ဘဝကို အကျိုးရှိရှိ ဖြတ်သန်းတတ်တယ်တာကို သတိပြုမိခဲ့တယ်။ သူလုပ်သမျှ အလုပ်တိုင်းကလည်း သာမန်လူတွေထက် ပိုပြီး အဓိပ္ပာယ် ရှိမှာပဲ။ စဉ်းစားဆင်ခြင် ဆုံးဖြတ်နိုင်စွမ်းအား ကောင်းတဲ့ အတွက်လည်း ကိုယ်လှူလိုက်တဲ့ အလှူအပေါ်မှာ ပိုပြီး အကျိုးရှိရှိ အသုံးချမှာပဲ။ လှူဒါန်းသူ အပေါ်လည်း အဖန်တလဲလဲ ကျေးဇူးဂုဏ်ကို ပွားများတတ်မှာပဲ။ သာမန်လူတွေ္မှမှာတော့ ကျေးဇူးသိတတ်ခြင်း၊ ကျေးဇူးဂုဏ်ကို ပွားများခြင်း၊ အကျိုးရှိအောင် အသုံးချခြင်းတွေ နည်းပါးတာမို့ လူ့ဘောင်လောကဟာ တဖြည်းဖြည်း အပျက်အစီးတွေ များလာကြတယ် ဆိုတဲ့အကြောင်းတွေ ဆက်စပ် စဉ်းစားမိပြီး နားလည်သွားတယ်။ ဒီလို ဖြတ်ခနဲ နားလည်သွားတဲ့ အရာလေးဟာ စာအုပ်ပေါင်း ထောင်သောင်း ဖတ်လို့ ရလာတာနဲ့လည်း မတူဘူး။ တစ်သက်လုံး စိတ်ထဲမယ် တင်းထားတဲ့အစွဲ လင်းခနဲဖြစ်ပြီး တိခနဲကို ဖြတ်ချသွားတော့တယ်။ အင်မတန်မှန်သော ဘုရားစကားပါတကား ဝိစိကိစ္ဆာတစ်ခု ပြတ်သွားလေတယ်။ (လှူတယ်ဆိုတဲ့ စကားပဲ ခေါင်းထဲပေါ်လာလို့ အဲဒါကို သုံးလိုက်မိတာပါ။ တကယ်က အဲဒါတစ်ခုထဲကိုပဲ ရည်ညွန်းချင်တာတော့ မဟုတ်ပါဘူး။ ဒီလိုလေးနဲ့လည်း သက်ဆိုင်ပါတယ်။ ဥပမာ- ကလေးနှစ်ယောက်ရှိတယ်။ တစ်ယောက်က ပင်ကိုယ် စာတော်တယ် တစ်ယောက်က ပင်ကိုယ် စာညံ့တယ်။ နှစ်ယောက်စလုံးက နွမ်းပါးတယ်။ ကိုယ်က နှစ်ယောက်စလုံးကို ကူညီမယ်ဆိုရင် နှစ်ယောက်စလုံး အတွက် အကျိုး ရှိမှာ အသေအချာပါပဲ။ ဒါပေမယ့် စာညံ့တဲ့သူဆိုရင် ကျောင်းပြီးသွားရုံလောက်သာ ဖြစ်နိုင်ပေမယ့် စာတော်တဲ့သူအတွက် ပညာရှင်အထိ ဖြစ်လာပြီး လောကကောင်းကျိုး ပိုပြုနိုင်သူ ဖြစ်လာနိုင်မယ် ထင်ပါတယ်။ ကူညီသူအတွက် အတူတူ ဖြစ်နိုင်တာတောင် သူတို့ နှစ်ယောက်စီက ပြန်ထွက်လာတဲ့ Impact က ကွာခြား နိုင်တာကို ဆိုချင်တာပါ။ အဲဒီ Impact ဟာ ကိုယ့်အတွက်လည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ ဘုန်းကြီး ရဟန်းကိုမှလှူရမယ်လို့လည်း မဟုတ်ပါဘူး။ တကယ်တော့ လှူဒါန်းတာတစ်ခုထဲကိုလည်း ရည်ရွယ် ပြောချင်တာတော့ မဟုတ်ဘူး။ ကျွန်တော် နားလည်သွားတဲ့ အရာကို သေချာ ရှင်းရှင်းလင်းလင်း မပြောတတ်လို့ပါ။)
23 July 2012
ဘုံဘေဘားမား ကုမ္ပဏီကနေ သူတို့ဆီမှာ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူသွားတဲ့ Berkeley John Byron Stephens Esquire ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို လက်ဆောင်ပေးခဲ့တဲ့ ရှေးမြန်မာ့ ငွေထည်လက်ရာ။ ကြောက်ဖို့တောင်ကောင်းတယ်။ ကိုယ့်ဆီက သူဌေးတွေ ဒါမျိုးတွေ စိတ်မဝင်စားကြတာလည်း ဝမ်းနည်းစရာ။ http://www.michaelbackmanltd.com/1691.html
21 July 2012
စာအုပ်ဆိုင်မယ် တင်နိုင်တိုး စာအုပ်အသစ် တစ်အုပ် တွေ့ခဲ့တယ်။ နိုင်ငံတော် လုပ်ကြံမှု အကြောင်း သတင်းစာတွေထဲ ပါတဲ့ နောက်ဆက်တွဲ သတင်းတွေ။ အဲဒါတွေတော့ သိပ်ဖီးလ်မလာတော့လို့ မဝယ်ခဲ့ပေမယ့် နောက်ဆုံးနားမှာ စိတ်ဝင်စားစရာ သတင်းလေး ပါတယ်ဗျ။ ဗိုလ်ချုပ်တို့ သေပြီး မန္တလေးမှာ လူဝင်စားပြန်ဖြစ်သတဲ့။ ဝင်စားတာကမှ ဗိုလ်ချုပ်ရယ် မိုင်းပွန်စော်ဘွားကြီးရယ် အမွှာညီဆိုပဲ။ ရဲအောင်နဲ့ ရဲမောင်တဲ့။ စိတ်ဝင်စားသူများ ဖတ်ကြည့်နိုင်အောင် ညွှန်းတာပါ။ အခုအချိန်တော့ ဦးရဲအောင်နဲ့ ဦးရဲမောင်ခမျာ သူဌေးပဲ ဖြစ်နေမလား မသိဘူးရယ်။
20 July 2012
ဗိုလ်ချုပ်ပုံနဲ့ ကြပ်ထုပ်နေတဲ့ ဖင်ပိုင်ရှင် အမျိုးသမီးလေးက တကယ့် Compromise ဖြစ်တာပဲ။ ဒါဟာ အနုပညာမှာ အလင်းအမှောင်ကို ပြတဲ့သဘော။ ဖိုမကို ပြတဲ့သဘော။ ဒါရိုက်ရှင်ကို ပြတဲ့သဘော။ နှစ်ယောက်စလုံး မတ်တပ်ရပ်နေပေမယ့် ဗိုလ်ချုပ်က မြင့်နေတာကိုက အနိမ့်အမြင့်သဘော။ ဗိုလ်ချုပ်က ခပ်ပွပွ အဝတ်အစားဝတ်ထားပေမယ့် ကောင်မလေးက ကြပ်ထုပ်လေး။ ဒါကိုက ဆန့်ကျင်ဘက်တွေ အားပြိုင်သွားတာ။ ဓာတ်ပုံအနေအထားကတော့ ကင်မရာနဲ့ ရိုက်ထားတာမျိုးထက် တပ်ဘလက်လို ဟာမျိုးနဲ့ ရိုက်ထားလို့ ရှည်မျောမျော ဖြစ်နေလေရဲ့။ ကောင်မလေးက အလေးပြုနေတာမဟုတ်ဘူး၊ ရှိခိုးနေတာ မဟုတ်ဘူး လက်ထဲက ဖုန်းနဲ့ ဓာတ်ပုံရိုက်နေသလိုပဲ။ အို ဘာပဲဖြစ်ဖြစ် Centre of focus လေးကတော့ မိပါတယ်ဗျာ။ ပုံကြီးလေး ကူးထားလိုက်တယ်။ :)
19 July 2012
လွှတ်တော်ထဲက အမတ်တွေအကြောင်း Biography အကျဉ်း စာအုပ်လေးတွေ ကန့်သတ်နဲ့ ထွက်တယ်။ PDF အနေနဲ့တော့ ရှိပါတယ်။ ဒါပေမယ့် သိပ်မသေသပ်ဘူး။ တကယ်တော့ ဒီစာအုပ်တွေကို အပြင်ကိုလည်း ထုတ်ပေးသင့်တယ်။ ဒါမှ ပြည်သူပြည်သားအားလုံး အမတ်တွေအကြောင်း သေသေချာချာ သိရမယ်။ ဒါမှ ကိုယ်မဲပေးသင့်တဲ့သူ ထောက်ခံသင့်တဲ့သူတွေကို ပိုသိလာမယ်။
ဦးသိန်းညွန့် မတရားအသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ-၁၄) ကို ရုပ်သိမ်းသည့် ဥပဒေကို တင်သွင်းတာကို ချွင်းချက်မရှိ ထောက်ခံတယ်။ ဒါကို ကျားဖြူက ဒေါ်နန်းနုဝါ ထပ်ဆင့် ဆွေးနွေးတာမှာလည်း အတော်လေး ချီးကျူးဖွယ်ရာဖြစ်တယ်။ ဒီအမျိုးသမီး ဘာမှန်းမသိပေမယ့် ထူးထူးခြားခြားနှစ်နေရာမှာ မြင်လာရပြီ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဒီအဆိုကို အလေးအနက် စဉ်းစားစရာလို့ မြင်လာပြီး အဲဒီ ဥပဒေကို ဖျက်သိမ်းဖို့ တောင်းဆိုတာထက် အကျယ်ဆွေးနွေးဖို့ ပြင်ဆင်တောင်းဆိုမလား လို့ သဘောထား မေးမြန်းတာဟာ လှပတဲ့ အချက်ဖြစ်ပြီး အဲဒါကို ဦးသိန်းညွန့်က ဥက္ကဋ္ဌကြီးပြောတဲ့ဟာ အင်မတန်သင့်မြတ်တဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ သဘောထားကို ကျွန်တော် လုံးဝသဘောတူပါတယ်လို့ ပြန်ပြောလိုက်တဲ့ အချက်ဟာ ပိုမို လှပတဲ့ နိုင်ငံရေး မျက်ကွင်းတစ်ခုလို့ ထင်မိပါတယ်။
18 July 2012
ကွန်ဟိန်းက ကျားဖြူပါတီအမတ် ဒေါ်နန်းနုဝါကို ဘာလို့ NLD အသိုင်းအဝိုင်းကလူတွေ ဝိုင်းကစ်နေကြတယ် မသိဘူး။ ကြံ့ဖွတ်ကလည်း မဟုတ်ဘူး။ သူတောင်းဆိုတာလည်း ကောင်းတဲ့ တောင်းဆိုမှုပဲ ဘာဖြစ်နေလို့လဲ။ ပုဂ္ဂလိက ပြဿနာတွေ ရှိလို့လား။ Sanction ဆက်မတိုးဖို့ လွှတ်တော်အနေနဲ့ ဆန္ဒပြုသင့်ကြောင်း တောင်းဆိုတာ ဘာဖြစ်လဲ။ တော်တော် အံသြနေမိတဲ့ ကိစ္စတစ်ခုပါ။ ကျားဖြူကို သွားမလုပ်သင့်ဘူး။ ဘယ်တိုင်းရင်းသားမှ ဆရာကြီး လုပ်ချင်တဲ့ ဗမာကို မချစ်ဘူးဆိုတာ မသိဘူးလား။ ဒီအတိုင်းဆက်သွားရင်၂၀၁၅ မှာ ရခိုင်နဲ့ ရှမ်း မဲရလဒ် တစ်မျိုး ပြောင်းကုန်လိမ့်မယ်။
မြန်မာ့နိုင်ငံရေးသမိုင်းမယ် သေသွားတဲ့ လူတွေကလွဲလို့ ကျန်တဲ့ လူတွေထဲ နာမည်ကောင်း ရတဲ့သူဆိုတာ လက်ချိုးရေလို့တောင် ရတယ်။ ဆက်သာ အသက်ရှင်ခဲ့ရင် ကိုးယောက်မှာ အနည်းဆုံး ခုနှစ်ယောက် လောက်ကတော့ မြန်မာ့နိုင်ငံရေး လောကရဲ့ နာမည်ပျက် စာရင်းထဲ ဝင်သွားနိုင်တယ်။
15 July 2012
ကိုယ်ခံစွမ်းအားကောင်းရင် တော်ရုံတန်ရုံ ဘယ်ရောဂါမှ ကြောက်နေဖို့ သိပ်မလိုပါဘူး။ ကိုယ်ခံစွမ်းအား မကောင်းရင်သာ ရာသီဥတုလေး နဲနဲပြောင်းတာနဲ့တင် ဖျားတတ်နာတတ်တာပဲ။ အဲဒါ ဘယ်သူမှ လုပ်ပေးလို့ မရတဲ့ ကိုယ့်ကိုကိုယ် လေ့ကျင့် ပြုစု စောင့်ထိန်းရတဲ့ အရာပဲ။
14 July 2012
FM လေး ကောက်ဖွင့်လိုက်ပါတယ်။ 88.6 Mhz ဆိုလားပဲ။ မင်္ဂလာပါ သဇင်ကိုသဘောကျ နှစ်ခြိုက်ကြတဲ့ ပရိသတ်များရှင်တဲ့။ ဒါ ငါ့ကို စော်ကားတာပဲ ဆိုပြီး တောက်ခနဲ ပြန်ပိတ် ပစ်လိုက်တယ်။
12 July 2012
ညက သူငယ်ချင်းတွေနဲ့ သမဂ္ဂ တစ်ခု ထောင်တဲ့ကိစ္စ ပြောဖြစ်တယ်။ ပြဿနာက သူတို့ လုပ်ချင်စိတ်ရှိတာလည်း မှန်တယ်။ လုပ်သင့်တာလည်း ဟုတ်တယ်။ ရှိလည်း ရှိသင့်တယ်။ ဒါပေမယ့် ဒီဟာ ပေါ်ပေါက်လာဖို့ အားကြိုးမာန်တက် လုပ်မယ့်လူ တစ်ယောက် နှစ်ယောက် မဟုတ်ဘူး အတော်များများ လိုအပ်တယ်။ အချိန်အတိုင်းအတာ တစ်ခုလည်း ပေးရမယ်။ နောက်တစ်ခုက စည်းရုံးရေး။ စည်းရုံးရေးလုပ်တယ် ဆိုတာ အပြောအဆို ခံနိုင်ရမယ်၊ မျက်နှာထား ချိုရမယ်၊ ရည်ရွယ်ချက်ကို တိတိပပ ထိထိရောက်ရောက် ပြောဆိုနိုင်ရမယ်။ လိုအပ်ရင် ငွေကြေးကို လက်မတွန့်ဘဲ သုံးစွဲသင့် သုံးစွဲရမယ်။ သူတို့က ဒေါ်လာ သုံးလေးထောင်စားတွေဆိုတော့ အလုပ်ကလည်း အပျက်မခံနိုင်ကြဘူး။ ဘယ်လောက် စိတ်စေတနာပါပါ၊ ဦးတည်ချက်ကောင်းကောင်း ဦးဆောင် လုပ်ကိုင်တဲ့ သူတွေက ကာလတစ်ခုကြာ အနစ်နာခံ ဆောင်ရွက်ပြမှ တခြားသူတွေကလည်း လိုက်ပါချင်လာမယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက အသစ်လုပ်ဖို့ လိုသလား။ အသစ်လုပ်ဖို့ လိုအပ်ရင် အသစ်ဟာ အဟောင်းနဲ့ ဘယ်လို ကွဲပြားသလဲ ဆိုတဲ့ ကွာခြားချက်ကို မြင်သာထင်ရှားအောင် ပြရမယ်။ နောက်ဆုံး တရားဝင်အဖွဲ့အစည်း ဖွဲ့စည်းမယ်ဆိုရင် အခြားအဖွဲ့တွေ အားလုံးကို အချိန်တိုင်း ကန်နေလို့ မရဘူး တချို့နေရာတွေမှာ လိုက်လျောသင့်တာ လိုက်လျော ငြင်းသင့်တာငြင်း ကန့်ကွက်သင့်တာ ကန့်ကွက်ရမယ်လို့ မြင်မိတယ်။
9 July 2012
မနေ့ညက မိုးတွေကလည်း ရွာနေချိန် ကားမှန်တွေ အကုန်တင်ပြီး မောင်းလာတာ သီချင်းဖွင့်လိုက်တော့ ကိုအံ့ကြီး ဆိုထားတဲ့ တူရိယာလုလင် ဆိုတဲ့ သီချင်း မန္တလေး FM က လာတယ်။ စန္ဒယား တစ်ခုထဲနဲ့ ဆိုထားလိုက်တဲ့ Jazz စတိုင်လေး ကောင်းလိုက်တာဗျာ။ အသံကလည်း ကြည်တောက်နေပြန်ရော။ နောက်ပိုင်း ပြန်ဆိုကြတဲ့လူတွေရော ပြန်တီးကြတဲ့ လူတွေရော အရမ်းညံ့တာပဲ။
7 July 2012
ဒီပုံမှာက ကျွန်တော် ဖျက်ထားပေးတာ။ News Watch Journal က ပုံထဲမှာတော့ ကလေးကို ပေါင်ကားခိုင်းပြီး အင်္ဂါနှစ်ခုလုံး ပြထားတယ်။ မိဘတွေဟာ အကူအညီလိုလို့၊ အသိဥာဏ်နည်းပါးလို့၊ နောက်ဆက်တွဲ ဇာတ်လမ်းတွေ မသိလို့ ဒါမျိုး ပေးရိုက်တယ် ထားပါတော့။ ဒါမျိုးကို ဂျာနယ်ထဲမှာ ဖော်ပြရလားဗျာ။ ကိုယ့်ကလေးကို ဒီလို ရိုက်ပြီး ဖော်ပြရင် ကြိုက်မလား တွေးကြည့်သင့်တယ်။ (အင်္ဂါနှစ်ခုပါ ကလေးငယ်တစ်ဦး မွေးဖွား သတင်းနှင့် စပ်လျဉ်း၍)
5 July 2012
မိန်းမတွေဟာ ယောက်ျားတွေထက် ဘုရားတရား ပိုလုပ်ကြ ပိုကြည်ညိုကြတယ်။ ဝေယျာဝစ္စဆိုလည်း ပိုပြီး လုပ်နိုင် ကိုင်နိုင်ကြတယ်။ ဒီလိုနဲ့ ကြာလာတော့ ဘုန်းကြီးတွေဘေး ကြည့်လိုက်ရင် မိန်းမတွေ တရုံးရုံးနဲ့ အများအမြင်မှာ မတင့်တယ်တော့ဘူး။ ဟိုခရီးသွားလည်း လိုက်ရတာနဲ့ ဒီခရီးသွားလည်း လိုက်ရတာနဲ့။ ရယ်တော့ ရယ်ရတယ်။
4 July 2012
JBRS ထဲက စာစောင်လေးတစ်ခု ပြန်ရှာနေတယ်။ မြန်မာပြည်က ဆရာကြီး တစ်ယောက်ပဲ (ဦးရွှေဇံအောင် ထင်မိတယ်) သူက မြန်မာစကားလုံးတွေရဲ့ ရင်းမြစ်ကို အသံစွဲပြီး ဒါကတော့ ဘယ်နိုင်ငံရဲ့ စကားလုံးက ယူသုံးတာ၊ ဒီဟာကတော့ ဘယ်နေရာက ဖြစ်မယ် ဆိုပြီး ခန့်မှန်းချက် အတွေး သက်သက်တွေနဲ့ ပညာရပ်ဂျာနယ် JBRS ထဲ ထည့်ရေးလိုက်တယ်။ သိပ်မကြာပါဘူး လန်ဒန်က မြန်မာစာပညာရှင် ဒေါက်တာလှဘေက JBRS ထဲ နာမည်တပ်ပြီးတော့ကို အဲဒီပုဂ္ဂိုလ်ဟာ သူကျွမ်းကျင်တဲ့ နယ်ပယ်မှာ ဆရာတစ်ဆူ ဖြစ်ပေမယ့် မြန်မာစကားနဲ့ ပတ်သက်ပြီး Linguistic သဘောတရား မသိဘဲ ခန့်မှန်းချက် သက်သက်တွေနဲ့ မရေးသင့်တဲ့အကြောင်း ပေါ်တင်ကို ချဲပါလေရော။ ဖတ်မိသလောက် အဲဒီ ပုဂ္ဂိုလ်ကြီးဟာ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေ ဘယ်တော့မှ ထပ်မရေးတော့ဘူး။ နှစ်ယောက်စလုံး လေးစားစရာ ကောင်းပါတယ်။ ပြန်ရှာတွေ့ရင် တင်ပေးမယ် :)
3 July 2012
ဗမာဖြစ်ဖြစ် မြန်မာဖြစ်ဖြစ် ကျွန်တော့် အနေနဲ့ကတော့ ဂရုမစိုက်ပါဘူး။ Standardization တစ်ခုကိုတော့ လိုက်နာရမယ် ထင်တယ်။ မြန်မာပြည်မှာ ဖြစ်နေတာဟာ Standardization တိတိကျကျ မပြဋ္ဌာန်းနိုင်တာပဲ။ တို့၊ ဒို့၊ ကျွန်တော်၊ ကျတော်၊ မြန်မာ၊ ဗမာ ခေတ်အဆက်ဆက် ငြင်းခုံနေကြတာနဲ့ကို မပြီးနိုင်တော့ဘူး။ ပညာရှင်တွေကိုယ်တိုင်ကလည်း ဟိုးတုန်းကတည်းက Democracy စနစ်နဲ့ အသားမကျလေတော့ ပညာရှင်အဖွဲ့တစ်ခု ဖွဲ့စည်းပြီး သဘောတူကြတဲ့ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းလိုမျိုး Standardization ကိုတောင် လိုက်နာသင့်တယ်ဆိုတာ လက်မခံနိုင်ဘဲ ဦးနေဝင်းကြီး အပြစ်တင် ဆဲနေပြီး ခဲလုံးကြီးကိုတော့ ခေါင်းပေါ် ရွက်နေကြသေးတယ်။ အဲဒါဟာ ဘာအလုပ်မှ မဖြစ်ပါဘူး။ ဒီအတွက် တိုင်းပြည်မှာ ဘာပဲဖြစ်ဖြစ် တိတိကျကျ စနစ်တစ်ခုရှိရမှာကို ကျွန်တော် လက်ခံတယ်။ ပုဂ္ဂလိက အမြင်နဲ့ ခင်ဗျား ဘယ်လိုမျိုး ယူဆသလဲ မေးရင် ဖတ်ထားတဲ့စာတွေ မကိုးကားဘဲ Common Sense တစ်ခုလောက် ပြောပြချင်ပါတယ်။ ဟိုးတုန်းက ဒီတိုင်းပြည်ကြီးထဲမယ် တိုင်းရင်းသားပေါင်းစုံ နေထိုင်ခဲ့ကြတယ်။ ယိုးဒယားကို သွားသွားတိုက်လို့ ယိုးဒယားတွေက ဖမ ဆို သိပ်မုန်းတယ်။ အဲဒီ ဖမတွေဟာ ယိုးဒယားတွေတင် မဟုတ်ပါဘူး ရခိုင်တွေကိုလည်း သွားတိုက်တာပဲ။ ရှမ်းကိုလည်း တိုက်တာပဲ။ မွန်ကိုလည်း တိုက်တာပဲ။ တစ်နိုင်ငံလုံးကို ဘုရင်လုပ် အုပ်ချုပ်နေတာလည်း ဖမတွေပဲ။ ရှမ်းစော်ဘွားတွေကလည်း ဗမာဘုရင်လို့ခေါ်တယ်။ ရခိုင်တွေကလည်း ဗမာဘုရင် ရခိုင်ကို ကျူးကျော်ပြီး မဟာမြတ်မုနိဘုရား ယူသွားခဲ့တာလို့ သမိုင်းထဲ အထင်အရှားရှိတယ်။ အဲဒီလို တိုင်းပြည်ကို ကြီးစိုးထားသူ ဖမတွေ ယိုးဒယားကို စစ်သွားတိုက်ရင် လက်အောက်ခံ ရှမ်းတွေ၊ မွန်တွေကလည်း လိုက်ရတာပဲ။ သူတို့ကိုယ်တိုင်က ယိုးဒယားကို သွားတိုက်ကြတာ မဟုတ်ဘူးနော်။ ဖမဘုရင်ကို မငြင်းသာလို့ တိုက်ရတာ။ ဒါပေမယ့် ရှမ်းလာတိုက်တယ်၊ မွန်လာတိုက်တယ်လို့ မပြောဘူး။ ဖမတွေ လာတိုက်တယ်လို့ပဲပြောတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဖမတွေက ရှမ်းတွေ မွန်တွေကိုလည်း သိမ်းပိုက်ထားတာကိုး။ လာတိုက်တဲ့အဓိက တရားခံကလည်း ဖမဘုရင်ကိုး။ ဒီတော့ ဖမဆိုတာ လူတွင်ကျယ် လုပ်နိုင်ခဲ့တဲ့ တိုင်းရင်းသား လူမျိုးတစ်ခုရဲ့ အမည်ဆိုတာ Common Sense နဲ့ စဉ်းစားရင်တောင် ရပါတယ်။ ဒါက ကျွန်တော့်ကိုယ်ပိုင် Common Sense အရ တွေးမိတဲ့ အတွေးပါ။ ဒါကို လက်ခံဖို့ မဟုတ်ဘူး။ Standardization ရှိဖို့ဆိုတာကတော့ လိုပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ဘဝမှာ ကိုယ်လုပ် ကိုယ်တော်မှ လူရာဝင်ပါတယ်။
2 July 2012
တခါတုန်းကပေါ့ဗျာ Lasalle SIA ကျောင်းဝင်ခွင့်ခေါ်တော့ ဒီလို ဝိုင်ယာအတ်တွေ ဖန်တီးပြီး Portfolio တင်ခဲ့တယ်။ အဲဒါနဲ့ ကျောင်း ဝင်ခွင့်ရသွားတယ်။ အဲဒီဟာတွေ ပြန်ယူလာပြီး ဦးဝိစာရနားက Energy မှာ ကားရေဝင်ဆေးတုန်း အလုပ်သမားလေးက ဝိုင်ယာတွေ လုံးထွေးနေတယ်ဆိုပြီး ဆွဲဖြောင့်ပစ်လိုက်တာ သိလိုက်တဲ့ အချိန်မှာ အားလုံး ကုန်ပြီ။ တက်လိုက်တဲ့ ပြဿနာ။ သူတို့မန်နေဂျာလားမသိဘူး ဘယ်လောက် ပြန်လျှော်ပေးရမလဲ ပြောလို့ တဆတ်ဆတ်တုန်ပြီး ကွိုင်တွေတက်။ အနုပညာဟာ အနုပညာခံစားတတ်တဲ့သူရယ် တန်ဖိုးထားတတ်တဲ့သူရယ်နဲ့မှ ထိုက်တန်တယ်။
တောက် ငါကွာ။ ပြောရင်လည်း သောက်ပြစ်တွေပဲ ပြောနေတယ် ဖြစ်မယ်။ တွမ်ခရု ဘယ်တုန်းကများ မိန်းမအသစ် ယူခဲ့တာလဲလို့ ကြောင်တောင် ကြောင်သွားတယ်။ ကိတ်ဟိုးလ်မက်စ် ဆိုလို့။ ပထမတစ်ချက် မြန်မာစာ အရေးအသားမှာ အသတ်နှစ်ခု မရှိဘူး လဒူတွေရဲ့။ ဒုတိယအချက် တစ်သက်လုံး ကြားဖူးခဲ့တဲ့ ရှားလော့ဟုမ်း ဆိုတာကြီး မေ့နေသလား လဒူများရဲ့။ လေတယ်ကွာ။ (July 2, 2012 မြန်မာ့အလင်း သတင်းစာပါ ကေတီဟုမ်းသတင်းနှင့် စပ်လျဉ်း၍)
1 July 2012
ဦးသန်းရွှေကြီးသာ တကယ်သေသွားပြီး လက်တလော ခလေးယူဖို့ စဉ်းစားနေတဲ့ ဒီမိုမမကြီး တစ်ယောက်ရဲ့ ဗိုက်ထဲ ပြန်ဝင်စားရင် ဘယ်လို လုပ်မလဲဟင်။ ကိုယ့်ကလေးဆိုတော့ ချစ်ကြမှာပဲ မဟုတ်လား။

One response to “July 2012 Summary”

Benol Smile said...

Hi guys...
It’s nice to be a friend with you.
But may give you somethings special.
You should to try it. It’s free, friends.
HERE

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz