Sunday, July 1, 2012

June 2012 Summary


30 June, 2012

ကလေးလေး ဖိုအင်္ဂါ မအင်္ဂါ နှစ်ခု ပါနေတဲ့ ဓာတ်ပုံကို ဘာကြောင့် ရှဲ နေကြတယ် နားမလည်ဘူး။ ဟိုမိဘတွေက ချို့တဲ့ရှာလို့ ထားပါတော့။ ကိုယ့်သားသမီးသာ ဒီလိုဖြစ်နေရင် သူများတွေ ကြည့်ပါစေဆိုပြီး ဖြန့်မလား။ ကိုယ့်ဟာကိုယ် မမြင်ဖူးရင်ကြည့် တော်ရောပေါ့။ ဘာအတွက်နဲ့ အုတ်အော်သောင်းနင်း လျှောက်ရှဲနေကြတာလဲ နားမလည်နိုင်ဘူး။ အဲဒီကလေး အသက်ကြီးလာရင် ဘယ်လိုလုပ်မလဲ ရှက်ရှာမှာပေါ့။ ဒါလေးတောင် နားမလည်ကြဘူးလား။ ၂၀၀၉ လောက်တုန်းက ဒါမျိုး ကလေးလေးတစ်ယောက် တွေ့ခဲ့ဖူးတယ်။ ခွဲစိတ်ဖို့ မတတ်နိုင်လို့တဲ့ အကူအညီတောင်းတော့ ဆရာဝန်တချို့က ကျွန်တော့်ကို အကူအညီတောင်းတာနဲ့ အွန်လိုင်းကနေ ကူညီပေးခဲ့ဖူးတယ်။ ဒါပေမယ့် ဓာတ်ပုံတွေ ကျွန်တော် မတင်ခဲ့ပါဘူး။ ကိုယ်ချင်းစာနာစိတ် ရှိနိုင်ကြပါစေ။

တဘက်လောက်ဆို ဟုတ်သေး။ ဘယ်သူ့ ပုဆိုးကြီး အုပ်ပေးထားတယ် မသိဘူး။ နိုင်ငံဂုဏ်ဆောင် ကမ္ဘာ့ဂုဏ်ပြုခံ ပုဂ္ဂိုလ်တစ်ယောက်ကို ဒီလို မခန့်မထည် လုပ်ထားတာ မျက်စိအမြင် မတင့်တယ်ပေဘူး။ တရားခံ ဘယ်သူလဲ ???? အစိုးရပဲ ဖြစ်ရမယ်။ ဒီလို ဖြစ်လာအောင် စနစ်တကျ စီမံထားတာ။ သက်သက် သိက္ခာချတာ။ တောက်!!!

မြန်မာစကားလုံး ပြောင်းထုံးကျမ်း ဆိုတာ ရှိတယ်။ စာလုံးတွေ ဘယ်လိုဘယ်ပုံ ပြောင်းလဲတယ်ဆိုတာကို ပြထားတာ။ အခုချိန် လိုက်ရှာရင်တောင် အတော်ရှာယူရမယ်။ စာအုပ်က စာမျက်နှာ တစ်ထောင်လောက် ရှိမယ်။ ရရင်တောင် အနည်းဆုံး ၂သောင်းလောက်တော့ ပေးရမယ် ထင်ရဲ့။ ဒီစာအုပ်ရေးတဲ့ ကိုယ်တော်တိုင်ကတော့ စာအုပ်အမည်ကို အဲဒလို ပေးခဲ့ဖူးသဗျ။ ဟိုးရှေးအင်္ဂလိပ်တွေကတော့ ဘားမားလို့ ခေါ်တယ်။ အင်း ခေါ်မှာပေါ့ သူတို့မှာမှ ဗျည်းတွဲ ရရစ်သံ မရှိတာကိုး ထားတော့။ ဟဲဟဲဟဲ တကယ်တမ်း ပြောရမယ်ဆိုရင် ကျုပ်တို့တွေဟာ ဟိုးရှေးတုန်းက ဗြဟ္မာကြီးတွေပဲ။ ဗြဟ္မာဒေသ ဆိုတာ ကျုပ်တို့ ဘုံဗိမ္မာန်နေရာကြီးပေါ့လေ။ ဒါကြောင့် ကျုပ်တို့နေရာ အရပ်ကို ဗြဟ္မာပြည်၊ ကျုပ်တို့ကိုတော့ ဗြဟ္မာကြီးများလို့ အမည်သတ်မှတ်ပေးဖို့ အဆိုပြုချင်ပါတယ်။ (ပုံ-ဗြဟ္မာအကျင့် မကျင့်သူ ဗြဟ္မာတစ်ဦး)

ဝင်းဖေ စာအုပ်ထဲက မြို့ဟောင်းမှ ဦးခင်မောင်ညိုသို့ (၃၅)နှစ် ဝတ္ထုလေးများ ဖတ်ကြည့် ၀တ္ထုသုံးချိုးတစ်ချိုး ရောက်တာနဲ့ တစ်ခုခုကို ကွက်ကွက်ကွင်းကွင်း မြင်လာပြီး ရယ်ချင်လာလိမ့်မယ်။ ဟက်ဟက်။ ဦးခင်မောင်ညိုဆိုတာက ရွာဘုန်းကြီးကျောင်းကနေ ရန်ကုန်ကို တက်လို့ ကောလိပ်တက္ကသိုလ်တွေ အောင်ပြီး အင်ဂျင်နီယာ ဖြစ်နေတဲ့လူ။ ကျေးတောသား ဦးဖိုးထင်ခမျာ သူတို့ရွာဂုဏ်ဆောင် ဦးခင်မောင်ညို လာတယ်ဆိုလို့ နွားတွေကို လွှတ်ကွင်းထဲ ပစ်ထားပြီး လာကြည့်တော့ ဘဘုန်းကြီးက ပိတ်ဆူလွှတ်တာပေါ့။ ဟေ့ကောင် ခွေးမသား နွားတွေ ပစ်ထားပြီး ဒီမှာ ဘာလာလုပ်တာလဲတဲ့။ သူ့ခမျာ ကြောက်ကြောက်လန့်လန့်နဲ့ ကျုပ်..ကျုပ်.. ကိုရင်ခင်မောင်ညို လာ.. လာ.. လာတယ်ဆိုလို့ လာကြည့်တာပါဗျာလို့ ပြန်ဖြေတော့ ဘုန်းကြီးက သူ့ကို မဆူတော့ဘဲ အလကားတောသား နောက်ကို ကိုရင်ခင်မောင်ညို မခေါ်နဲ့ ဦးခင်မောင်ညိုလို့ ခေါ်ရမယ်ဆိုပြီး မိန့်လွှတ်လိုက်သတဲ့။ တစ်ရက် ဦးဖိုးထင် နဲ့ ဦးခင်မောင်ညို ရွာတောင်ဘက်က လမ်းကြားလေးမှာ မမျှော်လင့်ဘဲ တွေ့တော့ သူ့ခမျာ ဝမ်းသာလွန်းလို့ ရင်တွေပန်းတွေတောင် တုန်ရသတဲ့။ ပြီးတော့ ဦးခင်မောင်ညို အရိပ်ကို နင်းမိမှာစိုးလို့ လမ်းတစ်ဖက်ကို တအားကပ်ပေးလိုက်သတဲ့။ ဘယ်ကလာတာလဲ ကိုဖိုးထင်လို့ ဟိုက နှုတ်ဆက်တော့ ဪ ဒီးနားတင်ကပါပဲ ဘုရား.. ဆိုပြီးတော့တောင် ယောင်သွားမိသတဲ့လေ။ ဇာတ်လမ်းက ဒီနေရာမှာ တစ်ဝက်ပြီးတယ်။ တစ်ရက်တော့ ဦးခင်မောင်ညိုခမျာ လင်းအားကြီး မျက်နှာသစ်ဖို့ ရေခွက်အယူမှာ ခွေနေတဲ့ မြွေပွေးက နထင်တည့်တည့် ပေါက်တော့ တစ်ခါထဲ ကိစ္စပြတ်သွားကရောတဲ့။ ဒီမှာ ဇာတ်လမ်းက ဒုတိယပိုင်း စတယ်။ ဒီဝတ္ထုကို ဒီနေရာမှာ ရပ်လိုက်ရင် ဟုတ်နေတာပဲ။ ဒါပေမယ့် ဝင်းဖေက မရပ်ဘဲ ဇာတ်လမ်းကို ဆက်သွားလိုက်တာ ဇာတ်လမ်းလည်းဆုံးရော အောချလိုက်ရပါလေရောဗျား။ ဖတ်ကြည့်ပါ။ :)


29 June, 2012

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားသွားတာ သူ့ကိစ္စနဲ့သူသွားတာမို့ နိုင်ငံပိုင်မီဒီယာတွေနဲ့ မသက်ဆိုင်ဘူးလို့ ဆိုထားပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည် သူ့ဟာသူ နိုင်ငံခြားသွားပြီး သူ့ဟာသူ ဗမာပြောပြော မြန်မာပြောပြော အကျယ်တဝင့် အခြေခံဥပဒေနဲ့ ကိုင်ပေါက်ပြီး သတင်းစာထဲထည့် ကန့်ကွက်တာမျိုးကတော့ လူရယ်စရာကြီး ဖြစ်နေတယ်။ စောက်တင်းတုပ်ချင်လို့ FB ထဲ Request လာလုပ်ပြီး သူငယ်ချင်းဖွဲ့ ကောင်းတာလေးတွေ့ရင်တော့ ငြိမ်နေ၊ အပြစ်လေးတွေ့ပြီဆိုရင်တော့ ချက်ချင်း အပြင်မှာ ပြန်တုပ်တဲ့ အဖြစ်မျိုးနဲ့ ခပ်ဆင်ဆင်ရယ်။

Mutual Respect ရှိကြတဲ့ လူတွေ အချင်းချင်းပဲ အသက်ကြီးကြီး ငယ်ငယ် ပေါင်းလို့သင်းလို့ ကောင်းတယ်။ တချို့လူတွေကို အရောတဝင် မဆက်ဆံသင့်ဘူး။ တချို့လူတွေကို ခပ်ကင်းကင်း နေရာတယ်။ တချို့လူတွေက ရည်ရွယ်ချက်ရှိရှိ မိုက်ရိုင်းတယ်။ ကိုယ့်ကို စိတ်အနှောက်အယှက် ပေးနိုင်တဲ့ လူမျိုးလို့ ခံစားရရင် စောစောစီးစီးထဲက ခပ်တန်းတန်းနေတာ အကောင်းဆုံးပဲ။ အားနာနေဖို့ မသင့်ပါ။

ဒေါ်စုကို မုန်းတိုင်းလည်း မြန်မာလို့ အတင်းဖင်ပိတ်ငြင်းဖို့ မလိုပါဘူး။ ဒေါ်စုကို ချစ်တိုင်းလည်း မျက်လုံးမှိတ်ပြီး ဗမာလို့ အတင်းဖင်ပိတ်ပြောဖို့ မလိုပါဘူး။ ကိုယ်ကိုယ်တိုင်က ဒီအကြောင်းနဲ့ ပတ်သက်လို့ ဘယ်လောက် လေ့လာဖူးလို့လည်း အရင် မေးကြည့်ကြပါဦး။ စာအုပ်လေး တစ်အုပ်နှစ်အုပ် ဖတ်ပြီး သူများ ပြောတိုင်း လိုက်ပြောနေတာဟာ ကိုယ့်ကိုယ်ကို လှန်ထောင်းနေသလိုပါပဲ။ ကိုယ်တိုင် အဘက်ဘက်က လေ့လာပြီး ဆင်ခြင်သုံးသပ်မှု မပြုနိုင်သရွေ့ ကိုယ့်အတွက်ရော၊ သူများအတွက်ရော၊ တိုင်းပြည်အတွက်ပါ ဘယ်သူ့အတွက်မှ မကောင်းဘူးဆိုတာ သတိပြုစေချင်ပါတယ်။


26 June, 2012

သခင်အောင်ဆန်း ဖမ်းဝရမ်းက ၅ကျပ်။ မြတ်ခိုင် အာမခံက သိန်း ၈ ထောင်။ ဒီလူတော့ တစ်သက်လုံး မာန်တက်ပြီး ပြောလို့ဆုံးမယ် မထင်တော့ဘူး။ စိတ်လေ။


24 June, 2012

အစိုးရက သူတို့လုပ်တာ တစ်ခုခုကို ဂုဏ်ယူစွာ ထုတ်ပြချင်ရင် ၁၉၈၈ မတိုင်ခင်က ဘယ်လောက် တပ်မတော် အစိုးရလက်ထက် ဘယ်လောက် တိုးတက်လာတယ် ဆိုပြီး နှိုင်းပြလေ့ရှိတာ တွေ့ရတယ်။ ကိုယ့်အိမ်နီးနားချင်း တိုင်းပြည်တွေနဲ့တော့ ယှဉ်ပြတာ ဘယ်တော့မှ မတွေ့ရဘူး။ အင်း အနုပညာရှင်တွေ ပြောတတ်တဲ့ သာမီးက ဘယ်သူ့ကိုမှ မပြိုင်ဘူး သာမီးကိုသာမီးပဲ ပြိုင်တယ်ဆိုတာလေး သွားသတိရတယ်။ အကယ်ဒမီပေးရမယ်။ :)

မွန်ဂိုတွေ မြန်မာပြည် လာသိမ်းတော့ ရှင်ဒိသာပါမောက် စေ့စပ်လို့ တပ်ဆုတ်သွားသတဲ့။ ဘုန်းကြီးလျှောက်ကြားလွှာထဲ မတွေ့ရပေမယ့် မြန်မာတွေဆိုတာ မွန်ဂိုလွိုက်လူမျိုးထဲက ဆင်းသက်လာတာမို့ အမျိုးတူခြင်း မလုပ်ကောင်းပါဘူး ဆိုတာမျိုး ထည့်ပြောခဲ့လို့များ ဟိုက တပ်ဆုတ်ပေးသွားသလား စဉ်းစားမိတယ်။


19 June, 2012

သစ်တောကလူတွေ ကြိုးဝိုင်းလို နေရာမျိုးထဲမှာတောင် ဝင်ရောက် လုပ်ကိုင်ချင်ရင် တစ်ဧကကို ဘယ်လောက်ဆိုပြီး ယူထားတာမို့ အကျင့်ပျက်ဝန်ထမ်း ကိစ္စကို ပထမဆုံး ကိုင်စေချင်ပါတယ်။ ယာသမားတွေ ခမျာမှာလည်း အဲဒီဝန်ထမ်းတွေကို ပိုက်ဆံပေးရ၊ ပေါင်းသင်ခုတ်ထွင် ထွန်ယက်ရ၊ အားလုံးပြီးတော့ အစိုးရအမိန့်ဆိုပြီး မောင်းထုတ်လိုက်ကြပြန်ရော ဆိုတော့ သူတို့က မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်နေကြတာပါ။ (ရည်ညွှန်း။ သစ်တောမြေနှင့် အခြားမြေလွတ်မြေရိုင်းများ အခြားမြေများတွင် တရားမဝင် ကျူးကျော်ဝင်ရောက် နေထိုင်လုပ်ကိုင်ရာမှ..... သမ္မတမိန့်ခွန်း)


15 June, 2012

တကယ်တမ်း ဘာသာရေးက သူ့ဟာသူနေတယ်၊ လူတွေက တိုင်လိုက်ပတ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ အလှူခံဌာနတွေက တရားရွတ် အလှူခံရင် လော်စပီကာနဲ့ အော်တယ်၊ တခါတလေ တစ်ပတ်ဆယ်ရက် ဆက်တိုက် အသံနဲ့ နှိပ်စက်တယ်။ အစ္စလာမ်ဗလီတွေက မနက်အစောကြီးတစ်ခါ ညတစ်ခါ လော်စပီကာသံနဲ့အော်ပြီး နေ့တိုင်း နှိပ်စက်တယ်။ ဘေးနားက အင်္ဂလိကန်ချာ့(ပ်)က အပေါ်နှစ်ခုလောက် မဆိုးပေမယ့် သူလည်း သူ့ရာသီချိန် ပွဲတော်ချိန်တွေဆို ရူးသွားမယ်။ ဘယ်ဘာသာဖြစ်ဖြစ် လူတွေကို Annoy ဖြစ်အောင် လုပ်တာကို မကြိုက်ပါဘူး။ အားလည်း မပေးပါဘူး။ စိတ်ပါဝင်စားတဲ့သူက သွားလိမ့်မယ်။ စိတ်မပါတဲ့သူက မသွားဘူးပေါ့၊ မလုပ်ဘူးပေါ့။ ဒါကြီးကို ခုနကဟာတွေလို အတင်းအဓမ္မ တိုက်တွန်းတာ လုပ်ယူတာက တခြားလူတွေကို စိတ်ညစ်ညူးစေပါတယ်။ မကြားချင်တဲ့ အသံကို ဆန္ဒမပါဘဲ စိတ်ညစ်စွာနဲ့ အကျယ်ကြီး ကြားနေရတာဟာ လူ့အခွင့်အရေးတစ်ရပ် ဆုံးရှုံးနေတာပါပဲ။ ဒါက ဘယ်ဘာသာ၊ ဘာလူမျိုးပဲဖြစ်ဖြစ် နိုင်ငံသား တစ်ယောက် အနေနဲ့ ရသင့်တဲ့ လူ့အခွင့်အရေး တစ်မျိုးလို့ ထင်တယ်။ အဲဒီအတွက် ဥပဒေတွေ ပြဋ္ဌာန်းဖို့ လိုအပ်တယ် ထင်တယ်။


14 June, 2012

မောင်ဆုရှင်ရဲ့ မြတ်ဘုရားရွှေတိဂုံဆိုတဲ့ စာအုပ်ထဲမှာ ဦးနေဝင်းလက်ထက် ရွှေတိဂုံဘုရားကြီး ရာသီဥတုဒဏ်ကြောင့် ပျက်စီးပြီး အပေါက်ကြီး ဖြစ်သွားပြီး အထဲက လှိုဏ်ခေါင်းကြီး ပေါ်လာတဲ့ အခါမှ အဓိက တာဝန်ယူ ပြုပြင်ပေးခဲ့ရတဲ့ လူတစ်ယောက် ဖြစ်တဲ့ ဦးလှကြည်ရဲ့ ဆောင်းပါးပါတယ်။ ဆောင်းပါးက အစမှာ ဗုဒ္ဓံပူဇေမိ၊ ဓမ္မံပူဇေမိ၊ သံဃံပူဇေမိနဲ့ စတယ်။ ဆလမ္မာလေးကွန်းနဲ့ အဆုံးသတ်တယ်။ ဦးလှကြည်က မွတ်ဆလင်မို့ ကန့်ကွက်ချင်ရင် အစကတည်းက ကန့်ကွက်ကြပါလို့ ပြောတော့ ဂေါပက အဖွဲ့က ကန့်ကွက်စရာမရှိ ထောက်ခံခဲ့ကြတယ်။ လုပ်ငန်းဟာ အန္တရာယ် ကြီးတဲ့အပြင် အလွန်ထိန်းထိန်းသိမ်းသိမ်း လုပ်ရတာမို့ ချွတ်ချော်မှု မဖြစ်အောင် အလွန်ဂရုစိုက်ကြရတယ်။ "စေတီတော်ကြီးသာ ပြိုကျသွားရင် ငလှကြည် နင်လည်း သေလိုက်တော့။ ဒီဘုရားကြီးဟာ မြန်မာပြည်သာမဟုတ် ဗုဒ္ဓဘာသာ တစ်ခုတည်းသာမဟုတ် တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေရဲ့ မေတ္တာစုဝေးရာ ဖြစ်တယ်။ တစ်စုံတစ်ခုသာ လွဲမှားသွားလို့ကတော့ အဲဒီမေတ္တာ စူးတာနဲ့ သေသွားနိုင်တယ်" လို့ ဦးလှကြည်က ရေးသားခဲ့ပါတယ်။ အစ္စလာမ်သာသနာရေးကောင်စီ ဥက္ကဋ္ဌကြီး မိုဟာမက်ဂါဇီဟာရှင်က ဖုန်းဆက်ပြီး ဘာပြောခဲ့လဲဆိုတော့ မောင်လှကြည် အလွန်ကောင်းတဲ့ ကိစ္စကို ဆောင်ရွက်တဲ့အတွက် တို့က ဂုဏ်ယူပါတယ်တဲ့။ အလွန်စိတ်ချမ်းမြေ့စရာကောင်းတဲ့ ဖြစ်ရပ်လေး တစ်ခုပါ။ ကောင်းတဲ့သူက ကောင်းပါတယ်။ ယုတ်တဲ့သူက ယုတ်ပါတယ်။ ဒါကိုပဲ ခွဲခြားမြင်တတ်ဖို့ ဆက်ဆံတတ်ဖို့ လိုပါလိမ့်မယ်။


13 June, 2012

မီးတွေပျက်လွန်လွန်းတုန်းက အလုပ်လုပ်ရတာလေးကို သွားသတိရမိတယ်။ အင်ဗာတာဝယ်ရ၊ ဘက်ထရီဝယ်ရ၊ ရက်ဂူလေတာဝယ်ရ။ အဲဒါတွေ ဝယ်ဖို့ အပိုပိုက်ဆံ ရှာဖို့ လုပ်ရ။ အင်ဗာတာက ဘယ်လောက်အလုပ်လုပ်နိုင်သလဲ။ စက်ဘယ်နှစ်လုံး သုံးလို့ရမလဲ တွက်ရချက်ရ၊ ဘက်ထရီက မီးအားဘယ်လောက် ထုတ်ပေးသလဲ၊ ကိုယ့်စက်ဘယ်နှစ်လုံးဆို ဘယ်လောက်အား ဘက်ထရီ ဝယ်ရမလဲ၊ အစိုလား အခြောက်လား။ ဟိုဆိုင်ကဘယ်ဈေး ဒီဆိုင်ကဘယ်ဈေး ဘယ်သူပိုသက်သာသလဲ။ ဝရမ်တီ ပေးသလား။ ဘက်ထရီအစိုဝယ်ရင် အက်ဆစ်ဘယ်အချိန် စစ်ရမလဲ ထည့်ရမလဲ။ မီးပျက်ရင် အင်တာနက် ပျက်သွားလေ့ ရှိသလား။ စသည်ဖြင့် စသည်ဖြင့် ပေါ့ ကိုယ်နဲ့ မဆိုင်တာတွေ မကျွမ်းကျင်တာတွေ လိုက်လျှောက်စဉ်းစား လေ့လာပြီး အပိုအလုပ် လုပ်ရတာတွေ အများကြီးပဲ။ အခုလို မီးလည်းလာရော အဲဒါတွေအားလုံး ကိစ္စရှင်းသွားရော။ တခါတလေ အခြေခံအကျဆုံးဟာ မရှိတော့၊ မရှိသေးတော့၊ မဖြစ်သေးတော့၊ ကိုယ်နဲ့ မဆိုင်တဲ့ ဟာတွေအားလုံးပါ လိုက်စဉ်းစားပြီး လူတွေမှာ ပိုပင်ပန်းရပါတယ်။ ကျွန်တော်တို့လည်း အစိုးရဘက်က မပွင့်လင်းတော့ အားလုံး လိုက်စဉ်းစားပြီး ဟုတ်လား မဟုတ်ဘူးလား ဘယ်လိုလုပ်မလဲ ဘယ်လိုလုပ်ရင် ကောင်းမလဲ စတဲ့ ဟာတွေ လိုက်စဉ်းစားရင်း စိတ်တွေ ပူပန်နေရ ပင်ပန်းနေရတာ ညတွေ အတော်များသွားပြီ :( တကယ်တော့အစိုးရ လုပ်နေရင် ဒါတွေ သူတို့ ရှင်းရမှာပဲ။ သူတို့ တာဝန်ပဲလေ။ အဲဒီမီးလေးလာလိုက်ရင်ပဲ တခြား ဗာဟီရတွေ အများကြီး လျော့သွားမယ်လို့ ထင်ပါတယ်။


12 June, 2012

ဒီနေ့မနက် အစောကြီးပဲ နာမည်ကျော် ဓာတ်ပုံ ဂျာနယ်လစ် သူငယ်ချင်းတစ်ယောက်နဲ့ ဖုန်းပြောဖြစ်တယ်။ သူတို့ကိုယ်တိုင် ရခိုင်နယ်ထဲမှာ သက်စွန့်ဆံဖျား ဓာတ်ပုံတွေ သွားရောက်ရိုက်ကူးပြီး အဖြစ်မှန်ကို သူတို့မီဒီယာတွေဆီ တင်ပို့ပေးတယ်၊ ရိုဟင်ဂျာတွေ ဘယ်လောက်သောင်းကျန်းလို့ ဒေသခံ ရခိုင်လူမျိုးတွေ ဘယ်လောက်ထိ ဒုက္ခဖြစ်နေတယ်၊ ဒါဟာ ဘာသာရေးအဓိကရုဏ်း မဟုတ်ဘူး ဆိုတဲ့ အကြောင်းတွေ ရှင်းပြပေမယ့် သူတို့ မီဒီယာတွေ ကိုယ်တိုင်က ဒါဟာ ဗုဒ္ဓဘာသာ-အစ္စလာမ် ဖြစ်တဲ့ ဘာသာရေးအဓိကရုဏ်းလို့သာ ခံယူနေကြတာမို့ ဇာတ်လမ်းတွေက တခြားဘက်ကို ဦးတည်သွားရသတဲ့။ နောက်ဆုံးမှာ သူတို့တွေ ကြားညပ်ရတယ်ပေါ့ဗျာ။ ဗမာလိုတွေ ရခိုင်လိုတွေ တွတ်ပြီး လုပ်နေလို့ကတော့ ကမ္ဘာ့နား မပေါက်ဘူး။ ဦးကျော်ဆန်း မီဒီယာကို မီဒီယာနဲ့ တိုက်မယ် ဆိုတာကလည်း ဗမာမီဒီယာတွေလောက်သာ ဗမာသံလေးနဲ့ ညဲ့ညဲ့ညဲ့ညဲ့ တိုက်တတ်တာ။ ဒီတော့ကာ ကမ္ဘာ့နား ပေါက်ချင်ရင်တော့ အင်္ဂလိပ်လို တွတ်ပါမှ အဆင်ပြေမည် ဖြစ်ပါကြောင်း။

မြန်မာပြည်မယ် နောင်သိပ်မကြာခင် Cyber Crime ကိစ္စတွေ ပေါ်လာတဲ့အခါ အစိုးရက ဒီလို တောင်းဆိုနိုင်ဖို့ အစိုးရကိုယ်တိုင်က၊ တရားသူကြီးတွေက၊ ရှေ့နေတွေက အိုင်တီအကြောင်းကို နောကြေနေအောင် နားလည်မှ ရလိမ့်မယ်။ ဥပဒေကလည်း လိုက်ကန့်သတ်တာမျိုး မဟုတ်ဘဲ တိတိကျကျ ခိုင်ခိုင်မာမာ ရှိရမယ်။ 
(Ref: http://www.informationweek.com/news/security/client/240001792)


11 June, 2012

ဒီလို ဖိုရမ်မျိုးတွေမှာ အင်္ဂလိပ်စာကောင်းကောင်း ပြောတတ်ဆိုတတ် အချက်အလက် သမိုင်းပိုင်တဲ့ သူမျိုးတွေ သွားတက်ပြီး ဆွေးနွေးသင့်တယ်။ ဒါမှ နိုင်ငံတကာက လူတွေကို ကိုယ့်လူတွေရဲ့ အမြင် ကိုယ့်လူတွေရဲ့ ခံယူချက် စတာတွေ ရှင်းပြ ဆွေးနွေး ချပြနိုင်မယ်။ ဒါပေမယ့် ဒီလို သွားတက်နိုင်ဖို့ အဲဒီလူတွေကို ပံ့ပိုးပေးတဲ့ Myanmar Foundation တစ်ခု ရှိမယ်ဆိုရင် သိပ်ကောင်းမယ်။ ဒါမှ တော်ပေမယ့် ပိုက်ဆံ မတတ်နိုင်တဲ့ ဆရာသမားတွေ စိတ်ချမ်းချမ်းသာသာနဲ့ သွားနိုင်မယ်။ ပိုက်ဆံရှိသူများ ပူးပေါင်းပြီး ဖြစ်ဖြစ် ဒါမျိုး Support Organization လေး တစ်ခုလောက် တည်ထောင်ထားရင် သိပ်ကောင်းမှာပါပဲခင်ဗျာ။ နိုင်ငံတကာမှာဆို ဒါမျိုးတွေကို သူဌေးတွေက Backup လုပ်ပေးထားတော့ ပညာရှင်တွေက သွားတက်ရုံပဲ။ ဒီကာလမျိုးမှာ ပိုလို့တောင် လိုအပ်ပါသေးတယ်။ ကျွန်တော် သိကျွမ်းတဲ့ အကိုတွေထဲက စိတ်ထဲပေါ်လာတဲ့သူတွေကို Tag လုပ်လိုက်မိတယ်။ ခွင့်လွှတ်ကြပါ။ (Ref: Public forum 'Burma Now: Assessing the Reforms' Ethnic Conflicts, Refugees & Sanctions)

စစ်တပ်မသွားတော့ စစ်တပ်မသွားလို့ စောက်တင်းတုပ်၊ စစ်တပ်သွားပြန်တော့ ဒါက အာဏာသိမ်းဖို့ ဆိုပြီး စောက်တင်းပြော၊ ရခိုင်တွေ သတိရှိရှိနဲ့ အစိုးရခြေလှမ်းတွေကို စောင့်ကြည့်ဆိုပြီး မီးထိုးပေးတဲ့ကောင်က မီးထိုးပေး၊ ကဲ ငါမပြောဘူးလား မာရှယ်လော ထုတ်လိုက်ပြီ ဒါ အကွက်ဆင်တာပဲ ဆိုပြီး ရွှေဥာဏ်တော် စူးရောက်တဲ့သူက စူးရောက်။ အစတုန်းကတော့ ရိုဟင်ဂျာတွေ သတ်ပစ်ဆိုပြီး အရူးချီးပန်း အော်လိုအော်၊ အခုကျတော့ ငါတို့များ ရိုဟင်ဂျာတွေကို ဖိနှိပ်ထားသလို ဖြစ်နေလား ဆိုပြီး တွေဝေတဲ့လူက တွေဝေ။ ကဲ ကိုယ့်ဘဝမှာ ကိုယ့်ခံယူချက် ခိုင်ခိုင်မာမာနဲ့ အကောင်းမြင်တတ်တာ ဆင်ခြင်သုံးသပ်တာ လေယူရာမသင့်တာမျိုးရော ရှိရဲ့လားဆိုတာ ပြန်သုံးသပ်ဖို့ပါ။ ကိုယ်မှားလည်း မှားတယ်ပေါ့။ မှန်လည်း မှန်တယ်ပေါ့။ ကျွန်တော့် ခံယူချက်တွေကတော့ အောက်ကအတိုင်းပဲ။ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်။
  • အခုဖြစ်နေတာ အစ္စလာမ်ဘာသာကို တိုက်ထုတ်နေတာလို့ မခံယူ
  • အခုဖြစ်နေတာ တရားမဝင် ရိုဟင်ဂျာတွေ မဟားတရား ကိုယ့်ပြည်ထဲမှာ ခြေစွာနေတာကို တိုက်တာ
  • ရိုဟင်ဂျာတွေကို အားလုံးသတ်ပစ်ဆိုတာကို ဆန့်ကျင်တယ်
  • ရိုဟင်ဂျာတွေ နယ်မြေတောင်းတာကို ဆန့်ကျင်တယ်
  • ပြည်တွင်းက လူမျိုးခြားမွတ်ဆလင်အဖွဲ့တွေ ဒီအရေး လက်ရှောင်တာကို ဆန့်ကျင်တယ်
  • ဦးမှူးဇော် ပါဆင်နယ်လိုလို တရားဝင်လိုလို လျှောက်ရေးနေတာကို လက်မခံ
  • ပြည်သူမှာ လက်နက်မရှိတဲ့အတွက် စစ်တပ်ဝင်တာကို အားပေးတယ်
  • လုံခြုံရေးအခြေအနေအရ ကာဖျူးလုပ်ထားတာလည်း အားပေးတယ်
  • သမ္မတ မိန့်ခွန်းက မထိရောက်ဖူးလို့ ထင်တယ်
  • ဟိုမုဒိန်းကောင် သေတာ (သို့) အသတ်ခံရတာဟာ အစိုးရရဲ့ ညံ့ဖျင်းတဲ့ အစီအမံ (သို့) လုပ်ရပ်လို့ မြင်တယ်။
  • ဒီကိစ္စကို ဒီအတိုင်းဆက်သွားရင် ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်လို့ မြင်တယ်။
  • အစိုးရကတော့ အာဏာလက်နက်နဲ့ နှိပ်ကွပ်ပြီး ဒီအရေးကို ဒီမှာတင်ရပ်ဆိုပြီး ပြီးသွားစေလိမ့်မယ်လို့ ထင်တယ်။
  • အဲလို ပြီးသွားတာဟာ ဘယ်တော့မှ မဆုံးတဲ့ အစတစ်ခု ပြန်ဖြစ်သွားနိုင်တယ်လို့လည်း ယုံတယ်။



10 June, 2012

အိန္ဒိယ အရှေ့အလယ်ပိုင်းဒေသ အာရပ်နိုင်ငံ အတော်များများကို ရောက်ခဲ့ဖူးပါတယ်။ ကမ္ဘာမှာ အဆင်းရဲဆုံး လူနေမှုဘဝကို ပိုင်ဆိုင်ကြတဲ့ လူတွေအများကြီးကို အဲဒီဒေသတွေမှာ တွေ့ခဲ့ရဖူးတယ်။ သာမန်လူသား မေတ္တာတရားရှိတဲ့ လူတစ်ယောက် အနေနဲ့ ငတ်ပြတ်၊ ဆင်းရဲ၊ စာမတတ် လူနေမှုဘဝ နိမ့်ကျ၊ နုံချာလှတဲ့ သူတို့ဘဝတွေကို မြင်ရတဲ့အခါ လူသားချင်း အနေနဲ့ အရမ်းကို ဝမ်းနည်း စိတ်မကောင်း ဖြစ်ရတယ်။ အခုလည်း ရိုဟင်ဂျာလူမျိုးစုဝင်တွေရဲ့ ဓာတ်ပုံတချို့ကို ကြည့်ဖြစ်တဲ့အခါ လူသားတစ်ယောက် အနေနဲ့ စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါ။ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံ အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ပြဿနာက ကြီးလွန်းပါတယ်။ တကယ်လို့ သူတို့သာ ဟိုးအစကတည်းက နိုင်ငံတွင်းကို အတင်းအဓမ္မ လှိမ့်မဝင်ခဲ့ကြဘူးဆိုရင်၊ တကယ်လို့ သူတို့သာ စည်းကမ်းရှိရှိ ကောင်းကောင်းမွန်မွန် နေခဲ့ကြမယ်ဆိုရင်၊ သူတို့သာ ဒေသခံ ရခိုင်လူမျိုးတွေကို လေးလေးစားစားနဲ့ ပြေပြေလည်လည် နေထိုင်ခဲ့မယ်ဆိုရင်၊ သူတို့သာ ဒေသကောင်းကျိုး မြန်မာနိုင်ငံရဲ့ ကောင်းရာကောင်းကျိုး ဆောင်ရွက်တဲ့သူတွေ ဖြစ်ခဲ့မယ်ဆိုရင်၊ သူတို့သာ အကြမ်းမဖက်ကြဘူးဆိုရင်၊ သူတို့သာ တိုင်းရင်းသားဇာတ်ထဲ ကိုယ့်ကိုကိုယ် အတင်းမသွတ်သွင်းဘူးဆိုရင် မြန်မာလူမျိုးတွေရဲ့ အမုန်းတရား အဲဒီလောက် ကြီးထွားသွားဖို့ရာ မရှိပါဘူး။ ဒီနိုင်ငံမှာ ဟိုးတုန်းကတည်းက ဘာသာလူမျိုးပေါင်းစုံ နေထိုင်ခဲ့ကြတာပဲ။ Kick them out, Fight them Back ဆိုတဲ့ စကားမျိုးကို လက်ခံနိုင်စွမ်း ရှိပေမယ့် Kill them all ဆိုတဲ့ စကားမျိုးကို ကြားရတဲ့အခါ အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ အခုပြဿနာက အခုမှစတဲ့ဟာတော့ မဟုတ်ပါဘူး။ ကင်ဆာလို အမြစ်တွယ်နေတာ ကြာလှပြီ။ အစကတည်းက စစ်ဆေး ဆေးကု ဖယ်သင့်တဲ့ အမြစ်တွေဖယ်၊ ထုတ်သင့်တာထုတ်၊ ကင်သင့်တာကင် လုပ်ခဲ့ရမယ့်ဟာ အခုတော့ ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အဆုံးမှာမှ ဆေးကုတော့မယ် ဆိုတဲ့အခါ ဆဲလ်တွေကလည်း အရမ်းပွားနေခဲ့ပြီ။ ကိုယ်တွေဆီမှာလည်း မနေစေချင်ဘူး (ကိုယ့်ဆီမှာတော့ ၂ သန်းလောက်က ရောက်နှင့်နေပြီ) သူများ ဘယ်နိုင်ငံကမှလည်း လက်မခံဘူး။ ဘယ်လိုလုပ်မလဲ ဒီလူတွေအကုန်ကို သတ်ပစ်လိုက်ပေါ့ ဒီလိုလား။ ဒီလိုနည်းတွေနဲ့ ဘယ်တော့မှ ဒီပြဿနာတွေ အမုန်းတရားတွေဟာ ပြီးဆုံးသွားမှာ မဟုတ်ဘူး ဆိုတာကို သတိချပ်သင့်ပါတယ်။ ဆရာဝန် ကောင်းကောင်းများ ရှိသလား။ ကင်ဆာရောဂါကုထုံးတွေက ကင်ဆာကို အမြစ်ဖြတ်နိုင်ပြီလားဆိုတာ စဉ်းစားနေမိတယ်ဗျာ။


7 June, 2012

ဝန်ကြီးတွေ ဒေါ်လာဈေးကျနေလို့ဆိုပြီး သိပ်ပြောတယ်။ ၁၀၀၀ ကျော်အထိ တက်အောင် လုပ်မယ်လို့လည်း ခဏခဏ ပြောကြတယ်။ အစီအစဉ်လည်း ရှိတယ်တဲ့။ ဒေါ်လာဝယ်စုပြီး ကိုင်ထားလိုက်ရင် သေချာပေါက်မြတ်မယ်။


4 June, 2012

အစိုးရအနေနဲ့ သတင်းတွေမှာ Transperancy ရှိဖို့ Updated ဖြစ်ဖို့တွေဟာလည်း အရေးကြီးပါတယ်ခင်ဗျာ။ အခုဟာက အထောက်အထား ခိုင်လုံဖို့ခက်တဲ့ အွန်လိုင်း တစ်ယောက်ချင်း စကားတွေကိုပဲ လိုက်နားထောင်နေရပါတယ်။ ဒီနေ့ သတင်းစာထဲအထိတောင် အဲဒီသတင်း ထည့်မထားတာ တွေ့ရပါတယ်။ ကျွန်တော်တို့ ပြည်သူလူထု အနေနဲ့ သတင်းကို သတင်းအနေနဲ့ အမှန်အတိုင်း သိချင်ပါတယ်။ ဥပဒေကြောင်းအရ ဆုံးဖြတ်တာကသာ အစိုးရအပိုင်းပါ ဦး Hmuu Zaw ခင်ဗျာ။ ပြည်သူလူထုမှာလည်း ဘက်မလိုက်တဲ့ သတင်းမှန် သိခွင့်ရှိသင့်ပါတယ်။


3 June, 2012

အင်း ကိုယ်တွေလည်း အထက(၃) ကဆိုတော့ ကချင်သူငယ်ချင်းတွေ အများကြီးပဲ။ မြစ်ကြီးနားဆိုတာ ကိုယ်နေခဲ့တဲ့ နေရာတွေထဲမှာ အပျော်ဆုံး နေရာတစ်ခုပဲ။ အခုလို လူမျိုးရေး တိုက်ပွဲတွေ ဖြစ်နေတာတော့ စိတ်မကောင်းဘူး။ ကချင်တွေက ဗမာတွေကို မုန်းတယ်။ စစ်တပ်ဆိုရင်လည်း ဗမာစစ်တပ်လို့ ပြောတယ်။ ဟုတ်တော့လည်း ဟုတ်တယ် စစ်တပ်ထဲမှာ တိုင်းရင်းသားတွေကို နေရာ မပေးဘူး။ ဒါပေမယ့် ဒီလို ပြောပြန်တော့လည်း ဒါကိုလည်း မခံစားနိုင်ဘူး။ ဗမာတွေ ဆင်းရဲမွဲတေနေတာလည်း အများကြီးမှ အများကြီး။ ကချင်ပြည်နယ်လို့ ဆိုရအောင်လည်း နေနေကြတာက လူမျိုးပေါင်းစုံ။ ဒီတော့ကာ အကြောင်းရင်းမြစ်ကို ဖြေရှင်းမှ ဒီပြဿနာက ရှင်းမယ်လို့ ထင်မိတယ်။ နေရာနဲ့ ပြောကြေးဆိုရင်တော့ ကချင်ပြည်နယ် ကွဲထွက်လည်း တရုတ်ပြည်ထဲ တစ်ချိန်ချိန် ပါသွားမှာပဲလို့ ထင်ပါတယ်။

ဘာရယ်မဟုတ်ပါဘူး။ ဒီလူသတ်မှုရဲ့နောက်ဆက်တွဲ တချို့ဂျာနယ် စာမျက်နှာတွေမှာ လင်ပါသားကို တရားခံအဖြစ် ရေးထားကြတာ တွေ့လိုက်ရတယ်။ ဒါပေယ့် အခုကျတော့ တချို့တွေက တင်ထားခဲ့တဲ့ သတင်းတွေ ပြန်ဖျက်လိုက်ကြတယ်။ Popular Myanmar News ကတော့ သူတို့သတင်းမှားကြီးကို မဖျက်သေးဘူး။ ဒါမျိုးဆို တရားစွဲခံရနိုင်တယ် မဟုတ်လား။ တချို့တွေကတော့ သတိကြီးကြီးနဲ့ ရေးတာ တွေ့ရတယ်။ မီဒီယာတွေ အနေနဲ့ သတင်းတွေကို တစ်ကမ္ဘာလုံး ဖြန့်နေတဲ့သူတွေ ဖြစ်တဲ့အတွက် ဂရုပြုသင့်တယ် ထင်ပါတယ်။ ဒီလို သတင်းမှား ရေးခဲ့မိရင်လည်း ပြန်တောင်းပန်သင့်တယ်လို့ ထင်မိတယ်။


2 June, 2012

မြန်မာပြည် အစိုးရလူကြီးတွေအနေနဲ့ နိုင်ငံတကာနဲ့ ဆက်ဆံဖို့ အရေးကို ကြည့်ပြီး အင်္ဂလိပ်လို ကောင်းကောင်း ပြောနိုင်တဲ့ လူတွေကို မဖြစ်မနေ အရည်အချင်း တစ်ရပ် အနေနဲ့ ထည့်သွင်းပြီး ရွေးချယ် ခန့်အပ်သင့်ပါတယ်။ မနေ့က Yangon Heritage Trust Meeting မှာလည်း ဘာတွေ ပြောလို့ ပြောနေမှန်း မသိဘူး။ အတော်ညံ့တယ်။ သံအမတ်တွေ၊ သံတမန်တွေ အဖြစ်နဲ့ လာပြီး အင်္ဂလိပ်လို မပြောတတ်လို့ ဟိုရောက်မှ အတင်းအဓမ္မ အင်္ဂလိပ်စာ ပြန်သင်နေရသူတွေ၊ သူများတာကိုယ်နားမလည် ကိုယ်ပြောတာ သူနားမလည်လို့ ခေါင်းတညိမ့်ညိမ့် လုပ်နေရတဲ့သူတွေ၊ ပြောရမှာကြောက်လို့ Diplomat Party မှန်သမျှ ရှောင်တဲ့သူတွေ အများကြီး တွေ့ခဲ့ဖူးတယ်။

5 Responses to “June 2012 Summary”

11 June က ရေးထားတဲ့ ရခိုင်ကိစ္စ ကိုညီလင်းဆက်နဲ့ သဘောတူပါကြောင်း။ မစဉ်းစားဘဲ အပေါ်ယံရှပ်တွေးတာတွေ၊ အယူအဆ၊ ခံယူချက်၊ အတွေးအခေါ် မခိုင်မာတာတွေကို သဘောမကျပါကြောင်း။

FB မှာလည်းဖတ်.... ဒီမှာတင်တော့လည်း ပြန်မှတ်မိတာပေါ့။

georgemyint said...

15 June 2012 က ဘာသာရေး နှင့်ပတ်သက်ပြီး သတ္တိ၇ှိရှိဖြင့် ရေးသားတဲ့အတွက်ကျေးဇူးတင်ပါတယ်။

richelle co said...

Hi, very Interesting blog you have here... It would be my pleasure if you visit my website too. Here's the link
http://ads.com.mm/?cid=4fe2db67e4b0d19a0f5e0b1e&utm_campaign=ads_mm_lb_blog_riche&utm_so

တော်တော်များများ ကိုညီနဲ့ အတွေးတူမိပါတယ်.။

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz