Sunday, April 1, 2012

မတ်ကုန်ဧပြီကူး အတွေးရူးများ

(၁)
မဲပေးတဲ့ ကိစ္စကို နောင်အခါကျရင် ပြန်သုံးသပ် ပြင်ဆင်ဖို့ လိုလိမ့်မယ်။ အခု ဖြစ်နေတာတွေ တွေ့ရတော့ သူတို့ လုပ်ပုံကိုင်ပုံ မဟုတ်လို့၊ စနစ်တကျ မရှိခဲ့လို့ ဆိုတာ တွေ့လာရတယ်။ ဥပမာ-ကျွန်တော်က သန်းခေါင်စာရင်းအရ ရန်ကုန်မှာ ပေမယ့် အလုပ်က ပဲခူးမှာဆိုရင် ယာယီသန်းခေါင်စာရင်းနဲ့ ပဲခူးကနေ မဲပေးလို့ ရတယ်။ မှတ်ပုံတင် မရှိဘူးလား ရတယ်။ ပေးလို့ရတယ်။ သူတို့ပေးတဲ့ ယာယီ သက်သေခံ စာရွက်လေး တစ်ခုမှာ ဓာတ်ပုံကပ်ပြီး သွားမဲပေးရုံပဲ။ အိမ်တွေမှာ လိုက်ပြီး မဲပေးမယ့် လူစာရင်း လိုက်ကောက်တော့လည်း ဖြစ်သလိုပဲ စာရင်းယူသွားတာ။ ဒီတော့ ကျွန်တော့် တကယ့် သန်းခေါင်စာရင်းအရ အိမ်သားတွေကသာ စာရင်းသွင်းလိုက်ရင် ရန်ကုန်မှာ မဲပေးခွင့် စာရင်း ၀င်နေသလို၊ ပဲခူးမှာလည်း ရနေတဲ့ သဘော ဖြစ်နေတယ်။ ဒါက ဝေးပါသေးတယ်။ ဟိုဘက် ရပ်ကွက် ဒီဘက် ရပ်ကွက် ဆိုရင်တောင် သူတို့မှာ စစ်ဆေးစရာ စနစ် မရှိဘူး။ ဒီတော့ မနက်စောစော ပဲခူးမှာ မဲပေး၊ ပြီးရင် ရန်ကုန်မှာ ထပ်မဲပေး။ မဆိုးဘူးဟုတ်။ နှစ်ခါပေးတယ်လို့လည်း သူတို့ခမျာ သိနိုင်ရှာတာ မဟုတ်။ ဒါကြောင့် လိမ်ချင်ရင် ကွန်ပျူတာစနစ် အတည်တကျ မဖြစ်သေးတဲ့ အချိန်မှာ လိမ်ကြဗျ။ စဉ်းစားကြည့်ဗျာ E-Gov လုပ်ခဲ့တာ နှစ်ပေါင်းများစွာ ခုချိန်ထိ ဖြစ်မလာသေးတာ :)။ ဒါပေမယ့် စိတ်မပူပါနဲ့ သူတို့ လိမ်မယ်ဆိုလည်း ပြည်သူတွေ ဘယ်လောက် ထောက်ခံထောက်ခံ ၂၀၀၈၊ ၂၀၁၀ တုန်းက လိမ်သလို (ဘောင်ထဲကနေ) သူတို့ပဲ မဲအပြတ်အသတ်နိုင်အောင် လိမ်နိုင်စွမ်း ရှိပါတယ်။ :D ဒီတစ်ခေါက်ကတော့ NLD & DASSK ကို ဆွဲသွင်းချင်လို့ကို သူတို့ လမ်းကြောင်းတွေ ထွင်လာခဲ့တဲ့အတွက် သေချာပေါက်ကို NLD က ၈၀% နိုင်ပါလိမ့်မယ်။ ဆွဲသွင်းချင်လို့ ဆိုရာမှာ သိပ်သဘောကျလွန်း ဖြစ်စေချင်လွန်းလို့တော့ ဟုတ်မယ် မထင်မိဘူး :D


(၂)

ကျတော်တို့ ဟာ ၈၈ သွေးမြေကျမှတ်တမ်းတွေကိုလဲ မေ့လိုက်ပါဆိုလို့ မေ့ခဲ့ရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလဲ မေ့လိုက်ပါ ဆိုလို့ မေ့ခဲ့ရပါတယ်။ တခါ ၂၀၀၈ မှာ အချို့ အချို့ သော မမှန်ကန်မှုတွေကိုလဲ မေ့လိုက်ပါဆိုလို့ မေ့ခဲ့ရပါတယ်။ ခဏခဏပဲ ဒါမျိုးကြီး မေ့ခိုင်းနေရင်တော့ ညီညွတ်ရေးဟာ အင်မတန် ခက်ခဲပါလိမ့်မယ်။

(မင်းကိုနိုင်)

ကျောင်းသားခေါင်းဆောင်တွေ အားလုံးထဲမယ် သူ့ကို အကြိုက်ဆုံးပဲ။ သူ့ပြောတဲ့ မိန့်ခွန်းတွေ ဘာတွေဆိုလည်း တော်တော်လေး သမာသမတ်ကျပြီး လက်တွေ့ကျတယ်လို့ ခံစားရတယ်။ ဒါပေမယ့် အထက်ကလို ပြောတာတော့ သိပ်သဘော မတွေ့ဘူး။ အာဏာရှင်စနစ်ကို မကြိုက်လို့ တိုက်လာတာ ဦးနေ၀င်း လက်ထက်ကနေစလို့ နှစ်ပေါင်းများစွာ။ နာကျည်း ခါးသီးမှုတွေကို မမေ့ဘဲ တိုက်လိုက်တဲ့ နှစ်ပေါင်းများစွာ။ နည်းလမ်းပေါင်းစုံစွာဖြင့်။ ဘာမှ မပြောင်းလဲခဲ့တဲ့အပြင် ပိုပိုတောင် တင်းကျပ် ဆိုးရွားလာခဲ့တယ်။ (အခုအချိန်မှာ ပြောင်းလဲလာတာတွေဟာ သူတို့ကြောင့်လို့ ထင်ရင်လည်း ရပါတယ်) ဒါပေမယ့် အခုလို မေ့လိုက်ချိန်မှာမှ အပြောင်းအလဲတွေ စမြင်တွေ့ရတယ် မဟုတ်ဘူးလား။ သူတို့အတွက်တော့ ခါးသီးစရာ ဖြစ်နေပေမယ့် လူထုအတွက် ကောင်းမနေဘူးလား။ (စထွာထဂျီအသစ်နဲ့) မြန်မာပြည်ကို ဒီမိုကရေစီလမ်းကြောင်းသစ်ကို ဖော်ဆောင်သင့်ကြောင်း ပါခင်ဗျ။ တကယ်တော့ လူထု ခေါင်းဆောင်တွေဟာ အနစ်နာအခံရဆုံး သူတွေပါပဲ။


(၃)

ကျွန်တော်ဆိုတဲ့ အကောင်ဟာ ဒီမိုကရေစီကို ထောက်ခံတာပါ။ ဒီမိုကရေစီစာလုံး ပါတီနာမည်မှာပါတဲ့ အဖွဲ့တွေ အင်အားစုတွေကို ထောက်ခံနေတာ မဟုတ်ဘူး။ ကျွန်တော်က တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှာကို လိုလားတာ ဖွံ့ဖြိုးရေး စာလုံး နာမည်မှာပါတဲ့ ပါတီ အဖွဲ့အစည်းကို လိုလားတာ မဟုတ်ဘူး။ ကျွန်တော်က ဟိုးအရင်ကတည်းက မတရားတာ မကြိုက်ဘူး။ အာဏာရှင် မကြိုက်ဘူး။ မကြိုက်လို့လဲ စိတ်ထဲရှိသလို ကိုယ့်အသိုင်းအ၀ိုင်း ၀န်းကျင် အွန်လိုင်း၊ပြင်ပ နှစ်မျိုးလုံး ဝေဖန်ခဲ့တယ်။ ရှုံ့ချကန့်ကွက်ခဲ့တယ်။ အထက်တန်း၊ တက္ကသိုလ် ကျောင်းသားဘ၀ တောင်းဆိုမှုတွေမှာ အထိုက်အလျှောက် ပါဖူးပေမယ့် ရေရှည် နိုင်ငံရေး စီမံကိန်း ရှိမထားလေတော့လဲ ထောင်ကျစေလောက်တဲ့ အထိ ပြုမူပြောဆိုခြင်း မရှိခဲ့ဖူးဘူး။ အဲသည်အတွက်လဲ ခုချိန်ထိ နောင်တရယ်လဲ မရမိခဲ့ဘူး။ ဒါပေမယ့် ဒီရက်ပိုင်း အတွင်းကျမှ လမ်းတွေပေါ် ဟိုနားသည်နားမှာ ခေါင်းမှာနဖူးစည်းပတ် ပါးမှာ စတစ်ကာကပ်ပြီး အလံတရမ်းရမ်းနဲ့ အော်ဟစ်တက်ကြွ နေသူတွေကို ကြည့်ပြီး ငါ အရင်က ဘာလို့ ဒီလို ရဲရဲတောက် မလုပ်နိုင်ခဲ့ရတာလဲ.. ငါ ဘာလို့ သူတို့လို ပုဆိုးလှန်ပြဖို့ မပြောနဲ့ ပုဆိုးခြုံထဲက လက်သီး ပေါက်စနလေးတောင် မင်းအုပ်စိုးလို ထုတ်မပြနိုင်ခဲ့ရတာလဲ ဆိုပြီးတော့ ကိုယ့်ကိုကိုယ် အားမလိုအားမရတွေဖြစ်ပြီး အကြီးအကျယ် ရှက်ဖွယ်လိလိဖြစ်ကာ အိမ်တွင်းအောင်းနေရပါပြီ။


အွန်လိုင်းက ဆရာကြီးတစ်ယောက် ပြောသလိုပါပဲလား။ ကလေးပေါက်စလေးတွေ လောက်တောင် နိုင်ငံချစ်၊ မျိုးချစ်၊ ဒီမိုကရေစီချစ် တစ်ကိုယ်လုံး ရဲရဲနီဆွေးလို့ အလံတွေရော၊ နဖူးစည်းတွေရော စတစ်ကာတွေရော ဆင်မြန်းပြီး မြန်မာ့သွေးကို ပြနေတဲ့အချိန်မှာ အသက် သုံးဆယ့်နှစ် ငါဆိုတဲ့ လူ့ငညစ်ကြီးကတော့ ၁-၂ နှစ်သား ကလေးငယ်လေးတွေ လောက်တောင်မှ ဆန္ဒမဖော်ထုတ်တတ် ပါလားကွယ်။ အားရမိတယ် ကလေးတို့ရယ်..... ရယ်.... အယ်... အယ်....



(၄)
ကျွန်ုပ်တို့ သမ္မတကြီး ဦးသိန်းစိန်သည် ဦးရွှေမန်း၏ သားမက်ဖြစ်ကာ၊ ဒေါ်ခင်ညွန့်၏ သားဖြစ်ကြောင်း မဲစာရင်း မှတ်တမ်းများအရ ဖော်ထုတ် သိရှိရသည်။ :D တိုက်ဆိုင်ပေစွ (ကိုးကား)


(၅)
ဂျာနယ်လစ်များ အနေဖြင့် မည်သည့် ကိစ္စရပ် မဆို မိမိတို့ လိုက်နာစောင့်ထိန်းအပ်သော ကျင့်ဝတ်မှ အပ လွတ်လပ်စွာ မေးမြန်းခွင့်၊ ရေးသားခွင့်များ ရှိပါသည်။

ဂျာနယ်လစ်ဆိုတာ ရေးသားခွင့် ရှိတာတော့ ဟုတ်ပါပြီ။ လွတ်လပ်စွာ မေးမြန်းခွင့် ဆိုတာက ဘယ်သူက ပေးထားတာ မို့လို့လဲခင်ဗျ။ အဲဒီအချက်ကိုတော့ သိပ်လက်မခံပါ။ သိသလောက်ကတော့ သူတို့ဟာ Civil Service တွေလည်း မဟုတ်ကြပါဘူး။ မီဒီယာကုမ္ပဏီတွေကနေသာ တာဝန်ပေးထားတာ မဟုတ်ဘူးလား။ ကာယကံရှင်က ခွင့်မပြုတဲ့ကိစ္စဆိုရင်ရော အတင်းမေးမြန်း နေတော့မှာလား။ ဒါဆိုရင်တော့ လေးဖြူလို သိပ်မပတ်သက်တာပဲ ကောင်းပါလိမ့်မယ်။ (ကိုးကား)


(၆)
အင်္ဂလိပ်ခေတ်က ဆာဘွဲရတဲ့ မြန်မာများ ဆာဘိုးသာ (သူဌေး)၊ ဆာစံစီဖိုး (ဆရာဝန်)၊ ဆာဂျေအေမောင်ကြီး (ခေတ္တဘုရင်ခံ)၊ ဆာပေါ်ထွန်း (ပြည်ထဲရေးဝန်ကြီး)၊ ဆာထွန်းအောင်ကျော် (ဘဏ္ဍာရေးနှင့် အခွန်တော်ဌာန)၊ ဆာဘဦး (ဒေါက်တာဘဦး၊ သမဿ္မတ၊ နောင်ဆာဘွဲ့ပြန်အပ်)၊ ဆာမောင်ဘ၊ ဆာမောင်ခင်၊ ဆာစောချယ် (သီပေါစော်ဘွားကြီး)၊ ဆာဦးသွင် (သူဌေး)၊ ဆာမြဘူး (တရားရေးဝန်ကြီး)၊ ဆာစောမောင်(စ၀်မောင်) (ညောင်ရွှေစော်ဘွားကြီး)


(၇)
အခွန်ဆောင်ရမှာက ဟုတ်ပါပြီ။ ကိုယ်ဆောင်တဲ့ အခွန်က အရင်ကလို အစိုးရလူကြီးတွေရဲ့ ဝင်ငွေ မဖြစ်သွားဖို့သာ အရေးကြီးတာ။ ပြီးတော့ အခွန်ဆောင်ထားတဲ့ နိုင်ငံသားကို ဘယ်လို အကာအကွယ်တွေ ပေးမှာလဲ ဂရုစိုက်မှုတွေ နိုင်ငံက ပြန်လုပ်ပေးမလဲ။


(၈)
လေးဖြူက သူ့ဟာသူ ကြံ့ခိုင်ရေးကို မဲထည့်တော့လဲ ဘာဖြစ်လဲ။ မထည့်တော့လဲ ဘာဖြစ်လဲ။ ဒါက သူ့လွတ်လပ်ခွင့်ပဲ မဟုတ်ဘူးလား။ NLD မှ မဲမထည့်ရင် လူ့ပတ်ဝန်းကျင်က ကြဉ်သလိုလို ဘာလိုလို လုပ်တဲ့ အောက်တန်းစား စိတ်ဓာတ်လေးတွေတော့ ပြင်သင့်တယ်။ ဘယ်သူကြောင့်မှ ဒီလို ဖြစ်လာတယ် မထင်ဘူး။ ဟိုအဖိုးကြီးက နှစ်ပေါင်းများစွာကတည်းက ပန္နက်ရိုက်ပြီး အစီအစဉ်ချ လုပ်လာတာ။ နောင်သမ္မတ ဘယ်သူလဲဆိုတာတောင် အခုအခြေအနေမှာ စဉ်းစားကြည့်ရင် ရနိုင်သေးတယ်။ Fuck off!!!


(၉)
အခု ဘားကမ့်ကို လုပ်နေကြတဲ့ သူတွေအနေနဲ့ အောင်မြင်ခဲ့တဲ့ ရန်ကုန် မန်းလေး ဘားကမ့် အော်ဂနိုက်ဇာတွေရဲ့ အကူအညီကို မယူကြတာ ဘာကြောင့်လဲ။ အနည်းဆုံးတော့ နည်းလမ်းတွေ အကြံဥာဏ်တွေ ရနိုင်တာပေါ့ မဟုတ်ဘူးလား။ လောလောဆယ်တော့ လောလောဆယ်အကြောင်း ဘာမှ ကွန်မန့် မပေးလိုတော့ပါဘူး။ (Dedicated to Barcamp Pathein & Barcamp Taunggyi)


(၁၀)
CJ သင်တန်းတစ်ခုမှာ စာသင်တော့ Online Endurance အကြောင်း ပြောဖြစ်တယ်။ တော်တော်များများက ဒါကြီးကို ထဲထဲဝင်ဝင် မခံစားဖူးတော့ သိပ်အရေးကြီးတယ် မထင်ကြဘူး။ ဒါနဲ့ အလွယ်ဆုံး ဥပမာ ပေးလိုက်ပါတယ်။ ဒေါ်စု (သို့) NLD နဲ့ ပတ်သက်တာ တစ်ခုကို အွန်လိုင်းမှာ ဝေဖန်ကြည့်လိုက်လို့။ အဲဒီအခါ ကိုယ့်မှာ OE ဘယ်လောက် ရှိတယ်ဆိုတာ သိလာလိမ့်မယ်လို့။:D စမ်းကြည့်ကြဘူးလားဗျ?? :D အဲဒီ အိုအီးနဲ့ ပတ်သက်ပြီးတော့ အမှတ်တရ အဖြစ်အပျက်လေး တစ်ခုတောင် ရှိခဲ့ဖူးသေးတယ်။ တစ်ခါတုန်းက ELEVEN သတင်း စာမျက်နှာမှာ သူတို့ စီအီးအို ရေးထားတဲ့ ဆောင်းပါးတစ်ခုကို သွားဝေဖန်လိုက်တယ်။ ဆဲဆိုသံတွေ ပလူပျံလာပြီး ဒီမိုကရေစီတွေ လွတ်လပ်ခွင့်တွေ အသားကုန် အော်နေတဲ့ မီဒီယာကြီးက အကောင့်ကို ဘန်းလိုက်ပါလေရောကွယ်။ အရင်အစိုးရနဲ့ ဘာများ ကွာလို့ဒုန်း။ ကိုယ်တွေကတော့ OE (Online Endurance) ကို လေ့ကျင့်ယူထားပါတယ်။ ဒင်းတို့လို မဟုတ် :)


အခုတလော တွေးဖြစ် ရေးဖြစ်တာလေးတွေပါ။

7 Responses to “မတ်ကုန်ဧပြီကူး အတွေးရူးများ”

alhs said...

Glad you are back!!!! Carry on bro

kokoseinygn said...

ညီလင်းဆက်
ေ၇းသမျှကြိုက်တယ်
အားပေးလျှက်........

aung nge said...

ကိုညီလင်းဆက်ရဲ့ပိုစ်တွေကိုဖတ်တိုင်းတခုမဟုတ်တခုရလိုက်သလိုခံစားမိပါတယ်..
ကိုညီတာရာမင်းဝေပိုစ်မှာရေးထားသလို..ပညာ
တတ်တယောက်ရဲမွန်းကျပ်မူ၊အလိုမပြည့်မှူတွေလို့ခံစားနားလည်မိပါတယ်...

tin min htet said...

ကိုညီလင်းဆက်၊ ကိုမင်းကိုနိုင်ရဲ့ စကားနဲ့ ပတ်သက်ပြီး ကျွန်တော် နားလည်တာက ဒီလိုပါ -

၁၉၈၈၊ ၁၉၉၀၊ ၂၀ဝ၈ တို့ကို မေ့တာ မမေ့တာ ပြောနေတာ မဟုတ်ပါဘူး။ (သူတို့လည်း ခါးသီးစရာတွေ မေ့ပေးထားပြီး ဖြစ်လို့ ဒီနေ့လိုမျိုး အန်အယ်လ်ဒီ ရွေးကောက်ပွဲဝင်တာကို ဝိုင်းရံ ဆိုတာမျိုး လုပ်နေကြတာပါ။) ဒါမျိုး မေ့ခိုင်းစရာ အဖြစ်တွေ နောက်ထပ် ထပ်မပေါ်လာဖို့၊ ဆိုပါစို့ ၂၀၁၂ ကို ၁၀၁၅ ကိုမေ့လိုက်ပါ ဆိုတာမျိုးတွေ မဖြစ်ဖို့၊ အဲဒီလို ဖြစ်လာမယ် ဆိုရင် ညီညွတ်ရေး ရဖို့ ခဲယဉ်း (မဖြစ်နိုင်) လို့ ဆိုလိုတာပါ။

thaingarra said...

Online Endurance အကြောင်း သိရလို့ ...

ကျေးဇူးပါ ကိုညီလင်းဆက်

phung bella said...

hi beautiful blog. We have a big classified site in Myanmar. Please visit us back at: http://ads.com.mm/?cid=4fd60e51e4b0fa6db841e336&utm_campaign=ads_mm_lb_blog_phung&utm_source=ads_lb_blog&utm_medium=lb_blog

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz