Sunday, September 9, 2012

August 2012 Summary

Sept 8, 2012

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကျွန်တော် ဘဝင်မကျဆုံးက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေ ပေးတဲ့ကိစ္စပါပဲ။ ဘာကြောင့် ဒါတွေကို ခွင့်ပြုခဲ့ရတာလဲ။ ဘာကြောင့် သူတို့ကိုပဲ ရွေးပြီး ခွင့်ပြုခဲ့တာလဲ။ 

 

၅၆။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို အောက်ပါအတိုင်း သတ်မှတ်သည် -

(က) စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊

(ခ) ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊

(ဂ) ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ် တို့ကို စုစည်းပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊

(ဃ) ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကို စုစည်းပြီး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊

(င) ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ် တို့ကို စုစည်းပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊

(စ) ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ် ခြောက်မြို့နယ် တို့ကို ခရိုင်နှစ်ခရိုင် ဖွဲ့ပြီး ““၀”” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း။

 

ကွန်ပျူတာ တက္ကသိုလ်မှာ ကျွန်တော်တို့နှစ်က အယောက် ၄၀၀ ကျော် ရှိတယ်။ အဲဒီအထဲမယ် အစိုးရက ဆရာအဖြစ်နဲ့ ကျောင်းမှာ ကျန်ခဲ့တာ လက်ဆယ်ချောင်း မပြည့်။ ဆရာ မဖြစ်တဲ့ သူတွေလည်း အသက်မွေးဝမ်းကျောင်းမှု အမျိုးမျိုး ပြောင်းလုပ်ကြရရှာတယ်။ ဒါတွေကိုရော ဘယ်လိုလုပ်ကြမလဲ။

 

မင်းသားမလုပ်ရလို့ ပတ်မကြီးထိုးဖောက်တဲ့အထဲ အသက် ၃၂ နှစ်အထိ ဘယ်တုန်းကမှ မပါခဲ့ပါလေ။ ဒါပေမယ့် မှားနေတာကို မကောင်းတာကို မှားနေတယ် မကောင်းဘူးလို့ အချက်ကျကျ ထောက်ပြခဲ့ရင် ကျေကျေနပ်နပ် လက်ခံနိုင်စွမ်း ရှိသူတွေနဲ့ပဲ ဆက်ဆံလိုပါတယ်။

 

Sept 7, 2012

အပြင်မှာ အွန်လိုင်းပေါ်မှာ တိုင်းရင်းသားတွေအကြောင်း ထုံးတမ်းစဉ်လာ၊ ရိုးရာဓလေ့၊ ဝတ်စားဆင်ယင်ပုံ၊ နေထိုင်လုပ်ကိုင်ပုံ၊ အတွေးအခေါ်အယူအဆ စတာတွေကို တွေ့ရတာ သိပ်နည်းပါတယ်။ ဒါမျိုးတွေကို သူတို့ကိုယ်တိုင် လုပ်မှ ရပါလိမ့်မယ်။ သူတို့လုပ်နိုင်ဖို့ သူတို့ နည်းပညာအကြောင်းတွေလည်း သိဖို့ လိုပါတယ်။ ဒါမှ ကျွန်တော်တို့ တိုင်းရင်းသားတွေအချင်းချင်း နားလည်မှု ပိုလာနိုင်ပါမယ်။ လောလောဆယ်တော့ ကိုယ့်တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ လူတွေအကြောင်းတောင် အကုန် မသိရတာမို့ ကာလတစ်ခုအထိ အလှမ်းဝေးလို့တော့ နေဦးမယ်လို့ ထင်မိတယ်။

 

ဒေါက်တာမာလာအောင် အကြောင်းကို လွှတ်တော်မှာမေးတော့ ဦးအေးကြူက ပြည့်ပြည့်စုံစုံ မဖြေသွားဘူး။ ဒေါက်တာမာလာအောင်က ဂျပန်နိုင်ငံ တိုဟိုကု (Tohoku) တက္ကသိုလ်ကနေ ဥပဒေအဓိကနဲ့ ဒေါက်တာဘွဲ့ရခဲ့တယ်။ အဝေးသင်တက္ကသိုလ်မှာ Head of the Department of Law တာဝန် ထမ်းဆောင်ခဲ့တယ်။ အခုလက်ရှိတော့ အဝေးသင်တက္ကသိုလ်ရဲ့ ဒုပါမောက္ခချုပ်အနေနဲ့ တာဝန်ယူထားတယ်။ အဲဒီဆောင်းပါးကို ဘယ်သူ့ရဲ့ တိုက်တွန်းချက်မှ မပါဘဲ ရေးခဲ့တယ်လို့ သိရပါတယ်။ ဥပဒေပညာရှင်တွေ ကြားထဲမှာတောင် ထောက်ခံသူနဲ့ ကန့်ကွက်သူတွေ ကွဲပြားကြတယ်ဆိုတာ ဥပဒေကိုယ်တိုင်မှာ အားနည်းချက်နဲ့ မတိကျမှုတွေများ ရှိနေလို့လား အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုနိုင်နေလို့လားလို့ တွေးမိပါတယ်။ ဒါဆိုရင် ဥပဒေကို ညှိနှိုင်းမပြင်ဆင်ဘဲ အပြုတ်တိုက်ကြတာမျိုးကတော့ အရင်ကလိုပဲ ရန်/ငါ စည်း ခြားကြတဲ့ကိစ္စလို့ပဲ တွေးမိပါတယ်။

 

စိတ်ထဲမှာ စွဲနေတာ တစ်ခုရှိတယ်။ ကောင်းမှုပြုလို့ အကျိုးပေးမယ် ဆိုရင်တောင် ကာလအတော်ကြာမှ အကျိုးကျေးဇူးပြုတယ်။ မကောင်းမှု ပြုရင်တော့ အကျိုးပေးက အတော်မြန်တယ်လို့။ ဒါကြောင့်လည်း တခါတလေ ကိုယ်က ကောင်းမှုတွေ ဘယ်လောက်ပြုပြု ဘဝမှာ စိတ်ညစ်စရာတွေပဲ ဆက်တိုက် ကြုံရတဲ့အခါ ကောင်းမှုအကျိုးဆိုတာ အလကားပါလို့ တွေးမိခဲ့တယ်။ အခုလိုကာလမှာ ဓမ္မပဒလေး ဖတ်လိုက်ရတာ စိတ်ချမ်းသာလိုက်တာ။

 

၁၁၉။ ပါပေါပိ ပဿတိ ဘဒြံ၊ ယာဝ ပါပံ န ပစ္စတိ။

ယဒါ စ ပစ္စတိ ပါပံ၊ အထ ပါပေါ ပါပါနိ ပဿတိ။

၁၁၉။ မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသရွေ့ ကာလပတ်လုံး ကောင်းမြတ်သောအာရုံကို တွေ့မြင်နိုင်သေး၏၊ မကောင်းမှုအကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသူသည် မကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏။

 

၁၂၀။ ဘဒြောပိ ပဿတိ ပါပံ၊ ယာဝ ဘဒြံ န ပစ္စတိ။

ယဒါ စ ပစ္စတိ ဘဒြံ၊ အထ ဘဒြော ဘဒြာနိ ပဿတိ။

၁၂၀။ ကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း ကောင်းမှုအကျိုး မပေးသေးသရွေ့ ကာလပတ်လုံး မကောင်းသောအာရုံကို တွေ့မြင်နိုင်သေး၏၊ ကောင်းမှုအကျိုးပေးသော အခါ၌မူကား ကောင်းမှုပြုသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရလေတော့၏။

 

၈၄။ န အတ္တဟေတု န ပရဿ ဟေတု၊ န ပုတ္တမိစ္ဆေ န ဓနံ န ရဋ္ဌံ။

န ဣစ္ဆေယျ အဓမ္မေန သမိဒ္ဓိမတ္တနော၊ သ သီလ၀ါ ပည၀ါ ဓမ္မိကော သိယာ။

၈၄။ ပညာရှိမည်သည် မိမိအကြောင်းကြောင့်ဖြစ်စေ၊ သူတစ်ပါး အကြောင်းကြောင့်ဖြစ်စေ (မကောင်းမှုကိုမပြု) မကောင်းမှုဖြင့် သားသမီး ဥစ္စာ၊ တိုင်းပြည်ကို အလိုမရှိရာ၊ မတရားမှုဖြင့် မိမိ၏ ပြည့်စုံမှုကို အလိုမရှိရာ၊ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်မျိုးသည် သီလရှိသူ ပညာရှိသူ တရားရှိသူ ဖြစ်၏။

84. If, whether for his own sake or for the sake of others, a man wishes neither for sons nor for wealth nor for power, and if he does not wish for his own success by unfair means, then he is virtuous, wise and righteous.

 

Sept 5, 2012

သတင်းစာမှာ ဒီဟာကို ဖတ်လိုက်ရကတည်းက ဒီဆရာမက ဘယ်လိုသဘောနဲ့ ဒီကြားထဲကို တိုးဝင်သလဲလို့ စစချင်းကို တွေးမိလိုက်ပါတယ်။ ပြီးတော့ မိမိရဲ့ ရာထူးကို ထည့်သွင်းဖော်ပြထားတဲ့ အတွက်လည်း ဒါဟာ ဝန်ကြီးဌာနတစ်ခုရဲ့ အာဘော်ကို ကိုယ်စားပြုတာလား၊ ပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာနက ဘာကြောင့် အဖြေမထွက်သေးတဲ့ ပြဿနာတစ်ခုကို တစ်ဖက်စောင်းနင်း သတင်းစာထဲ ဖော်ပြတာလည်း ဆိုတာတွေလည်း တွေးမိခဲ့ပါတယ်။ ကောင်းလိုက်တာ အခုတော့ လွှတ်တော်မှာ မေးကြပြီ။ တကယ်ဆို ထည့်မယ့်ထည့် အယူအဆ မတူတဲ့ ဆောင်းပါးနှစ်ခုကို ပြိုင်ထည့်ရင်တောင် တော်သေးတယ်။ ဒီအဆိုကို ထောက်ခံပါတယ်။

 

မြန်မာပြည်မှာဆို ဒါမျိုးကို ဝန်ကြီးတွေက နာယက၊ ဥက္ကဋ္ဌတွေ တက်လုပ်ပြီး ဘာမှမသိဘဲ ညွှန်ကြားချက်တွေ တားမြစ်ချက်တွေ ထုတ်ကြ ဖောကြဦးမယ်။ ကျွန်တော်တို့ဆီမှာ ဒါမျိုး လိုအပ်နေပါပြီခင်ဗျာ။ တာဝန်ရှိသူများ အမတ်မင်းများ အဆိုတင်သွင်းကြပါလားဗျာ တစ်ခါလာလည်း ရေတွင်းတူး ကျောင်းဆောက် လမ်းပြင်ကိစ္စတွေ တင်သွင်းနေရာကနေ အသစ်အဆန်းလေးတွေ ကြားပါရစေဗျာ :(

 

ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ခဲ့ဖူးတယ်။ ပြည်သူပြည်သား အားလုံးလိုလိုက အကူအညီ အထောက်အပံ့ကိုပဲ မျှော်နေကြတယ်။ လပွတ္တာမှာ တစ်မိသားစုလုံး ပါသွားတဲ့ ကိုဂတုံးဆိုတဲ့ လူတစ်ယောက်ကို မြင်ခဲ့ဖူးတယ်။ သူ့မှာ စက်လှေတစ်စင်းပဲ ကျန်ခဲ့တယ်။ သူ ဖြစ်ခဲ့သမျှတွေကို တတ်နိုင်သမျှ မေ့ထားလိုက်ပြီး အဲဒီကာလမှ တအားကြိုးစားလိုက်တာ မနေမနားဘဲ။ ကျွန်တော်တို့ နေခဲ့တဲ့ လေးလလောက်မှာ ဒီလူ အတော် ကြီးပွားသွားတယ်။ ကူညီတယ် ဆိုတာမှာလည်း ကိုယ်ကလည်း အလိုက်သင့် အလျားသင့် ပါတတ်ဖို့ အသင့်ဖြစ်နေဖို့ လိုအပ်တယ်။ မဟုတ်ရင် ကိုယ့်အားကိုယ်ကိုးချင်စိတ် ပျောက်သွားတတ်တယ်။

 

သူတို့သေသွားတာက အုပ်စုတွင်း အာဏာလုပွဲအတွင်းမှာ သေသွားခဲ့တာ။ တိုက်ပွဲမှာ သေသွားတာ မဟုတ်တဲ့အတွက် သူရဲကောင်းတော့ မဖြစ်သင့်ပါ။ သမိုင်းမှာ အပြစ်မရှိဘဲ မြေစာပင်ဖြစ်ကြတဲ့ သူတွေလို့ပဲ လက်ခံပါတယ်။ သူတို့ရဲ့ အဲဒီကာလက တော်လှန်ရေး စိတ်ဓာတ်တွေကိုတော့ လေးစား အသိအမှတ် ပြုရမှာပါ။

 

Sept 4, 2012

မြောက်ပိုင်းလူသတ်မှု ထောက်လှမ်းရေးပါ အစစ်ခံဖို့လိုဟု ဒေါက်တာနိုင်အောင်ပြော။ ထောက်လှမ်းရေးပါ အစစ်ခံဖို့လိုလို့ ပြောရအောင် ထောက်လှမ်းရေးက ဟုတ်ပါတယ်။ သူတို့ လူတွေ လွှတ်ထားမိပါတယ် ပြောခဲ့ရင်ရော ခင်ဗျားတို့ကို လူသတ်ဖို့ အခွင့်အာဏာ ဘယ်သူက ပေးထားလို့လဲ။

 

အစိုးရဆိုတာ ဒါမျိုးဟာတွေကို စစ်ဆေးဖို့တော့ တာဝန်ရှိမယ် ထင်တယ်။ ဒီလိုဟာမျိုးကို ကုမ္ပဏီအနေနဲ့ တရားဝင် လုပ်ခွင့်ပေးထားလားလည်း သိချင်မိတယ်။ ကုမ္ပဏီလိပ်စာဆိုပြီး ဒါမျိုးတွေလည်း ပေးထားတယ်။ ဒီကုမ္ပဏီကို ဘယ်လောက် ယုံကြည်ရလို့ လူတွေက သူတို့ အင်ဖော်မေးရှင်းတွေ ပေးနေတယ် သူတို့ ဓာတ်ပုံတွေ တင်နေကြတယ် မသိဘူး။ ဒါမျိုးက နိုင်ငံခြားမှာတောင် သိပ်ပြဿနာတက်တဲ့ ဝန်ဆောင်မှုမျိုးတွေ။ သတိထားသင့်တယ်။ (www.Skylark-vivaha.com)

 

Sept 3, 2012

တက္ကသိုလ်ကျောင်းတွေကို အစိုးရအထောက်အပံ့ပေးတဲ့ တက္ကသိုလ်နဲ့ ပုဂ္ဂလိက တက္ကသိုလ်တွေဆိုပြီး ခွဲခြားသင့်တယ်။ အစိုးရ၊ ဝန်ကြီးဌာနတွေက တက္ကသိုလ်တွေကို ထောက်ပံ့တာမျိုး၊ ကူညီတာမျိုးပဲ ရှိသင့်တယ်။ လွှမ်းမိုးမှု မရှိသင့်ဘူး။ တက္ကသိုလ်တစ်ခုချင်းစီအလိုက် အုပ်ချုပ်ရေး ကောင်စီ ဖွဲ့စည်းပြီး အဲဒီကောင်စီရဲ့ မူဝါဒအတိုင်းသာ သွားသင့်တယ်။ စင်္ကာပူမှာတော့ အရင်တုန်းက MOE နဲ့ Affiliate ဖြစ်တဲ့ ကျောင်းတွေမှာ တက်သူဟာ ကျောင်းပြီးတာနဲ့ PR ရဖို့ မခက်ခဲဘူး။ အဲဒီကျောင်းတွေမှာ တက်တဲ့ ကျောင်းသားတွေကိုလည်း Tuition Grants တွေ ပေးထားတယ်။ အဲဒီက ကျောင်းသားတွေ ကျောင်းပြီး အလုပ်ရဖို့လည်း မခက်ခဲဘူး။ MOE အောက်မှာ ဆိုပေမယ့် ဆရာဆရာမ ရွေးချယ်တာ၊ ကျောင်းသားရွှေးချယ်တာတွေကို MOE က ဘာမှ ဝင်မစွက်ဖက်ဘူး။ ကျောင်းကသာ လုပ်တယ်။ ဒီအတွက် အစိုးရအနေနဲ့ ဆက်ဆံစရာရှိရင် ကျောင်းနဲ့သာ တိုက်ရိုက် ဆက်ဆံတယ်။ မြန်မာပြည်မှာတော့ သူငယ်တန်းကစပြီး ပါရဂူအထိကို အစိုးရက ချုပ်ကိုင်ထားတယ်။ အဲဒီအတွက် သူတို့လည်း တာဝန်ကြီးတယ်။ အလုပ်များတယ်။ နိုင်အောင်လည်း မလုပ်နိုင်ဘူး။ ဘွဲ့ရတွေသာများလာတယ် ပညာမတတ်ဘူး။ တကယ်ဆို အစိုးရက ပါးပါးနပ်နပ်နဲ့ ဒီကိစ္စကို ခွဲခြားပစ်သင့်ပါပြီ။ Main ကြီး တစ်ခုလုံးကို ပြန်ယူလိုက်။ ရန်ကုန်တက္ကသိုလ်နာမည်နဲ့ ပြန်ဖွင့်၊ ကျောင်းအုပ်ချုပ်ရေး ကောင်စီဖွဲ့၊ အဲဒီကျောင်းကို Gov က Finicial ပိုင်း Support လုပ်။ အဲဒီမှာဖွင့်မယ့် ဘာသာရပ်အားလုံးကို COE လုပ်လိုက်။ အဲဒီက ထွက်လာမယ့် ကျောင်းသားတွေ အတွက် အာမခံချက်ပေး။ အဲဒါဆိုရင် ဘာသာရပ်တွေ အားလုံးဟာ Faculty တွေ အနေနဲ့ ရှိလာမယ်။ ဘွဲ့ပေးလည်း ရန်ကုန်တက္ကသိုလ်အနေနဲ့ ပေးလို့ရမယ်။ ဒီတော့ ဒီတက္ကသိုလ်ကြီးမှာ တက်ဖို့ကို Qualification မြင့်မြင့်မားမား သတ်မှတ်ထားမယ်။ ကျောင်းပြီးရင်လည်း အလုပ်အကိုင်အတွက် အာမခံချက်ပေးနိုင်မယ်။ ပြီးတော့ ဘာသာရပ်တစ်ခုထဲကို အဆင်မြှင့်တာမျိုး မဟုတ်ဘဲ တက္ကသိုလ်ကြီးလိုက အဆင့်မြှင့်တဲ့ အတွက် ဘာသာရပ်အလိုက် အဆင့်ခွဲတာမျိုး မဟုတ်တော့ဘဲ ပိုပြီး အဆင်ပြေပါတယ်။ ဒီတက္ကသိုလ်ကြီးမှာ ဘာသာရပ်ပေါင်းစုံက တကယ်တော်သူတွေပဲ ရှိမယ်။ ဒီလိုလူတော်တွေရှိတဲ့ တက္ကသိုလ်ကြီးကို တက်ချင်ရင် ရန်ကုန်တက္ကသိုလ်ကို ဝင်နိုင်ဖို့ ကြိုးစားရမယ်ဆိုတာမျိုးက အဓိပ္ပာယ် ပိုရှိပါတယ်။ ဘာသာရပ်တက္ကသိုလ် တစ်ခုချင်းစီကို အဆင့်ခွဲထုတ်ပစ်တာမျိုးတော့ လက်ခံချင်စရာ မရှိလှပါ။

 

Aug 31, 2012

ရော်နယ်အောင်နိုင်ရော၊ ဒေါက်တာနိုင်အောင်ရော၊ ဦးစိန်ဝင်းရော၊ မိုးသီးဇွန်ရော၊ ဒေါက်တာဇာနည်ရော၊ ဒေါ်အောင်ဆန်းစုကြည်အဆုံး အနှစ်နှစ်ဆယ်လုံးလုံး တိုင်းပြည်ကောင်းအောင်၊ အစိုးရပြုတ်ကျသွားအောင် ဘာများ လုပ်နိုင်ခဲ့လို့လဲ။ ဒေါ်စုကမှ ဒီနိုင်ငံထဲနေ ဒီနိုင်ငံထဲ တိုက်ပိတ်ခံပြီး အနစ်နာ ခံခဲ့တာမျိုး ရှိသေးတယ်။ ဒီလူတွေ အဝေးကနေ တော်ကီပွားနေတာပဲ ရှိတယ်။ စီးပွားရေးဝိုင်းပိတ်ဆို့ ခိုင်းတာတော့ အောင်မြင်ကြပါတယ်။ ဒါဆိုရင် အဲဒါ ဘယ်လောက် ထိရောက်လဲဆိုတာ အစိုးရလူကြီးပိုင်းတွေ သိပ်ချမ်းသာသွားတာနဲ့ ခရိုနီတွေ ပွားများလာတာ အချိုးချကြည့်ဦးမလား။ ပြောရရင် ဦးသန်းရွှေကြီး သိပ်အသက်ကြီးသွားလို့ ဦးသိန်းစိန်နဲ့မို့လို့ ဒီလောက် ဖြစ်လာတယ်ဆိုတာ ငြင်းချင်လည်း ဖင်ပိတ်ငြင်းပေတော့။ ဒါတောင် ခုအချိန်အထိ သူလုပ်ထားတဲ့ ပုံစံခွက်ထဲက သိပ်တောင် မထွက်နိုင်သေးဘူး။ အစိုးရအဖွဲ့က သူတို့နဲ့ တွေ့မယ်ဆိုတော့ ဆရာကြီးခန်းတွေက တစခန်း ထလာကြရော။ အစိုးရက အတိုက်အခံ အချင်းချင်း ပါဝါဗဲလန့် လုပ်စေချင်လို့ တပ်လှန့်တဲ့ အကွက်လို့ပဲ မြင်ပါတယ်။ ၂၀၁၅ ပိုတောင်လှဦးမယ်။ အထင်မသေးနဲ့နော့်။ ၁၀ တန်းတောင် မအောင်တဲ့လူကို ဆေးကျောင်းတက်ခိုင်းပြီး ဒုဝန်ကြီး လယ်ဗယ်တန်း ပို့ထားနိုင်တဲ့ အနှစ် ၃၀ စာ ရှဲဒိုး စီမံကိန်းတောင် ခုမှ အသက်ဝင်တယ် ကြားမိသလိုလိုပဲ။

 

အင်းဝ တံတားဦးနယ်ဟာ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ ဖြစ်တယ်။ ဒီနေရာဟာ မြေနိမ့်ပိုင်း ရေလွှမ်းတတ်တဲ့ ဒေသလည်း ဖြစ်တယ်။ တကယ်ဆို မန္တလေးအရှေ့ဘက် ပုသိမ်ကြီးနယ်ထဲ လုပ်တာကမှ လက်ခံနိုင်စရာ ရှိသေးတယ်။ ယဉ်ကျေးမှုနယ်မြေအနေနဲ့ ကန့်ကွက်သင့်တယ်လို့ ထင်တယ်။ တကယ်လို့ ဒီပရောဂျက် မရခဲ့ရင်ရော ဒီကုမ္ပဏီက ဒေါ်လာ သန်းနှစ်ရာကျော်ကို ဘာဆက်လုပ်မှာလဲ။ ငွေတိုးပေးထားရင်တောင် ဒီကုမ္ပဏီ အတော်အမြတ်ထွက်နေပြီ။

 

ဘဝမှာ အမှားအယွင်း လုပ်ခဲ့တာရှိရင် ပြန်ပြင်ဖို့ဆိုတာတော့ မလွယ်ဘူး။ ဒါပေမယ့် အဲဒီ အမှားအယွင်းကို စိတ်ထဲခံစားပြီး ကွဲကြေထိရှနေပြန်ရင်လည်း ဘာအတွက်မှ မကောင်းဘူး။ အဲဒီအတွက် အကောင်းဆုံး တစ်ခုကို လုပ်ပြီး အဲဒီ အမှားအယွင်း တစ်ခုအတွက် ပြန်ပေးဆပ်နိုင်အောင် ကြိုးစားသင့်တယ်လို့ မြင်မိတယ်။

 

Aug 30, 2012

“Life's hard. It's even harder when you're stupid.” John Wayne

 

Aug 29, 2012

အုန်းကျူး(န်) ဆိုတဲ့သူ၊ ရိုက်တဲ့သူက ခိုးကူးဘာညာ ညည်းတွားရင် လက်ခံနိုင်သေးတယ်။ နိုင်ငံခြားက သီချင်းတွေကျတော့ တရားမဝင် ကော်ပီဆိုတယ်၊ နိုင်ငံခြား ဇာတ်လမ်းတွဲတွေရဲ့ အကွက်တွေ အချိတ်အဆက်တွေ ကူးချတယ်။ ဒီလိုလူတွေက သောက်ရေးမပါ ခိုးကူးတွေဘာတွေ ပြောနေတာက လာဘ်စားတဲ့ လူကြီးတစ်ယောက်က ဒီကောင်တွေ သူခိုးတွေပါကွာလို့ ပြောနေတာနဲ့ အတူတူပဲ။ အပြောမခံချင်ရင် ကိုယ်ကလည်း ကင်းအောင်နေလေ။ သောက်ရေးမပါ။

 

ပြည်ကနေ ရန်ကုန် ကားလမ်းတလျှောက်မှာလည်း MAX က ဂိတ်တွေက ပိုက်ဆံကောက်တယ်။ ပိုက်ဆံတော့ ကောက်တယ်။ ပြေစာတော့ ပြင်မထားကြဘူး။ တောင်းမှပေးတယ်။ တော်တော်များများက မတောင်းကြပါဘူး။ ကျွန်တော်ကတော့ ပြောပစ်ခဲ့တာပဲ။ ပြီးတော့ ကောက်ပြန်တော့လည်း ၄၀၆ ကျပ်ကို ၄၅၀ ဆိုပြီး အစွန်းထွက်တွေကို အပြည့်ယူပြီး ကောက်နေတာ တွေ့ရတယ်။ လမ်းမြို့ကို ဖြတ်ပြန်တော့ မြို့စည်ပင်ကဆိုပြီး ဂိတ်တွေထား ပိုက်ဆံကောက်ပြန်တယ်။အစိုးရမှမဟုတ်ဘူး ပုဂ္ဂလိက ဝန်ထမ်းတွေ အကျင့်ပျက်နေတာလည်း အများကြီးပဲ။

 

တွေ့ခဲ့ဖူးသမျှ စစ်တပ်ထဲကလူကြီးတွေ စစ်တပ်အမတ်တွေမှာ ၉၀% လောက်က ဒေါ်စုကို ကွယ်ရာမှာ ကုလားမပဲ ခေါ်တယ်။ တခါတလေ အဝင်ဆိုးတဲ့ ဆေးခါးကြီးတွေဆို Sugar Coated လေး လုပ်ထားကြတာ တွေးမိတယ်။ ပြောင်းပြန်ပဲ။ အာဏာရှင်လို နေခဲ့ကြရတဲ့ သူတိုင်းဟာ အာဏာရှင်လို ဆက်နေချင်ကြတယ်။ ဒါကြောင့် တော်တော်များများ အာဏာပလ္လင်ကို အမြဲတမ်း ဖင်နဲ့ ကပ်ထားချင်ကြတာ မထူးဆန်းတော့ပါဘူး။

 

Aug 28, 2012

မိန်းမပိုင်းလုံးတွေ ဘာတွေကို နားလည်ပေးလို့ ရသေးတယ်။ ယောက်ျားပိုင်းလုံးတွေ မြင်မြင်နေရတာ စောက်ရမ်းရွံတယ်။ ပြောရရင် လယ်တီပဏ္ဍိတ ဦးမောင်ကြီးရေးတဲ့ ခင်ခင်ကြီး ၀တ္ထုတွဲကြီးမှာကတည်းက မင်းသား ပိုင်းလုံးကောင်ကို သနားအောင် ဂရုဏာသက်လာအောင် ရေးထားတာမျိုးတွေ ပြန်စဉ်းစားကြည့်ရင် အတော် ရွံဖို့ကောင်းမှန်း သိလာတယ်။

 

မိတ်ဆွေတစ်ယောက်နဲ့ အလုပ်တစ်ခုလုပ်ဖို့ ၁၀ သိန်းနဲ့ အလုပ်လက်ခံခဲ့တယ်။ ပရောဂျက်ကာလကို ၃ လ သတ်မှတ်ခဲ့တယ်။ စပြီဆိုတာနဲ့ ပရောဂျက်စကုပ်ထဲ မပါတဲ့ သူတို့ ဝန်ထမ်းပရိုဂရမ်မာတွေကို သုံးရက် အဲဒါနဲ့ ပတ်သက်တာ သွားသင်ပေးခဲ့တယ်။ ကြိုတင် လေ့လာနိုင်အောင် ဒေတာတွေလည်း ပေးခဲ့တယ်။ ဒါပေမယ့် သူတို့က အဲဒီပရောဂျက်ကို ဆက်မလုပ်ဘဲ တခြားဟာတွေ လုပ်နေတယ်။ ၂လခွဲ ကြာတဲ့အချိန်အထိ တစ်ပြားမှ မရလို့ ပြောတဲ့အခါမှ ၅ သိန်း ရတယ်။ ဒီလ ပထမပတ်မှာ ဒီဟာကို ပြန်စမယ် လုပ်ဖြစ်ဖြစ် မလုပ်ဖြစ်ဖြစ် ပိုက်ဆံအကြေချေမယ်လို့ ပြောပေမယ့် ဒီနေ့ဆို ၃ လ ခွဲလောက် ရှိလာခဲ့ပြီ။ ဒီသုံးလခွဲအတွင်း ကျွန်တော့်ဆီကို တစ်ကြိမ်မှ မဆက်သွယ်ခဲ့ဘူး။ ဆိုတော့ကာ ဘယ်လိုလုပ်ကြမလဲဗျာ။ ဒီဒေတာတွေနဲ့ ဒီစနစ်တွေ နားလည်တတ်ကျွမ်းဖို့ ကျွန်တော် နှစ်အတော်ကြာ အချိန်အကုန်ခံ ပိုက်ဆံ အကုန်ခံ လေ့လာခဲ့ရတယ်။ ဒါတွေကို မလေးစားကြတာတော့ စိတ်မကောင်းဘူး။ သူတို့ လုပ်ချင်တဲ့အချိန် ထလုပ်မှ ကျွန်တော် မအားလည်း လိုက်လုပ်ပေးရမှာလား။ ကိုယ့်ဒေတာတချို့ ပေးထားပြီး နည်းလမ်းတွေ သင်ပေးထားပြီး ကိုယ့်ဘက်က ငွေအကြေမရတာ တရားသလား။

 

Aug 22, 2012

ကိုယ်က ၂၀၀၇-၈ လောက်ကတည်းက Egress Capacity Building လုပ်ငန်းတွေကို ထောက်ခံပြီး ကိုယ်တတ်နိုင်တဲ့ဘက်က အားသွန်ခွန်စိုက် ပါဝင်ကူညီခဲ့တယ်။ အခုနောက်ပိုင်း Egress က ကိုယ့်ကို ဆက်ဆံလာတဲ့ ပုံစံက မမိုက်ဘူး။

 

(ကျွန်တော်တို့နှစ်နိုင်ငံဟာမျိုးနွယ်စုအတူတူတွေပါ။ ဘာသာစကားချင်းလဲ နီးစပ်ကြတယ်) ဒီစကားက မမှန်ပါဘူး။ ဗမာရော ရခိုင်ရောဟာ လူမျိုးစုကြီးအားဖြင့် မွန်ဂိုလွိုက်က ဆင်းသက်ပါတယ်။ အိန္ဒိယ ဘင်္ဂလီက Caucasoid ထဲ ပါမယ် ထင်ပါတယ်။ ဘာသာစကား အားဖြင့် ဆိုရင်လည်း ဗမာ ရခိုင်က Sino-Tibetan, Tibeto-Burman, Lolo-Burmese, Burmish, Southern ကနေ ဆင်းသက်ပါတယ်။ ဘင်္ဂလီ အနေနဲ့ ဆိုရင်တော့ Indo-European, Indo-Iranian, Indo-Aryan, Eastern zone, Bengali-Assamese ကနေ ဆင်းသက်ပါတယ်။ နယ်မြေချင်း နီးစပ်နေလို့ ဟိုကစကားဒီရောက် ဒီကစကား ဟိုရောက် ဖြစ်နေတာကို ဘာသာစကားချင်း နီးစပ်တယ်လို့ မဆိုနိုင်ပါ။ နယ်မြေကူးလူးကြရာက ဖြစ်တဲ့ ပြဿနာ ဆိုတာကို နားလည်ပါတယ်။ ဒါပေမယ့် အမှားကြီးကို အမှန်လိုလို ပြောနေလို့ပါ။

 

Aug 21, 2012

မြန်မာပြည်နဲ့ ဝေးဝေးနေလေ လူ့အခွင့်အရေးအကြောင်း များများပြောလေ။

 

Aug 19, 2012

အာနန္ဒာ ...ရဟန်းယောက်ျားဖြစ်စေ ရဟန်းမိန်းမဖြစ်စေ လူဥပါသကာ ယောက်ျားဖြစ်စေ လူဥပါသိကာမဖြစ်စေ မည်သူမဆို အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂပဋိပဒါ အမည်ရသည့် လောကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်လျက် နေထိုင် သည် ဖြစ်အံ့၊ လောကုတ္တရာတရား ကိုးပါးအား လျော်လျောက်ပတ်သောကြောင့် သာမီစိ အမည်ရသော လောကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်ကို အရိုအသေဖြည့်ကျင့်လျက် နေထိုင်သည် ဖြစ်အံ့၊ လောကုတ္တရာတရား ကိုးပါးအား လျော်သော ထိုကျင့်ဝတ်ပဋိပတ်ကိုပင် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်နေထိုင်သည် ဖြစ်အံ့၊ ထိုသူမျိုးသည်ကား တထာဂတ အမည်ရတော်မူသော သင်တို့ဆရာ ငါဘုရားကို ရိုသေသည် မည်၏ လေးစားသည် မည်၏ မြတ်နိုးသည် မည်၏ ပူဇော်သည် မည်၏ အမြတ်ဆုံးသော ပူဇော်ခြင်းဖြင့် ပသနေသည် မည်၏။ အာနန္ဒာ ...ထိုကြောင့် ဤသာသနာတော်၌ ငါတို့သည် အရိယမဂ်၏ ရှေးအဖို့၌ ဖြည့်ကျင့်အပ်သော ပုဗ္ဗဘာဂပဋိပဒါ အမည်ရသည့် လောကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်ကို ကျင့်ကြံကြိုး ကုတ် ပွားများအားထုတ်လျက် နေထိုင်ကြပါကုန်အံ့၊ လောကုတ္တရာတရား ကိုးပါးအား လျော်လျောက်ပတ်သော ကြောင့် သာမီစိအမည်ရသော လောကုတ္တရာတရား ကိုးပါးအား လျော်သော ကျင့်ဝတ်ပဋိပတ်ကို အရိုအသေ ဖြည့်ကျင့်လျက် နေထိုင်ကြပါကုန်အံ့၊ လောကုတ္တရာတရား ကိုးပါးအား လျော်သော ထိုကျင့်ဝတ်ပဋိပတ်ကိုပင် ပြည့်ပြည့်စုံစုံ ဖြည့်ကျင့်လျက် နေထိုင်ကြပါကုန်အံ့ဟု ဤသို့လျှင် အာနန္ဒာ ...သင်တို့သည် ကျင့်ကြံကြိုးကုတ် ပွားများ အားထုတ်ကြရမည် - ဟု မိန့်ကြားတော်မူလေသည်။ (ဒီ၊၂၊၁၁၃-၁၁၄။ ဒီ၊ဋ္ဌ၊၂၊၁၆၅-၁၆၈။) လောကုတ္တရာတရား ကိုးပါး ဆိုတာက မဂ်လေးပါး၊ ဖိုလ်လေးပါး နဲ့ နိဗ္ဗာန်ကို ဆိုတာပါတဲ့။ မဂ်ဆိုတာက လမ်းပဲ။ ဖိုလ်ဆိုတာက မဂ်ရဲ့ ရလာဒ်လို့ သဘောပေါက်မိတယ်။ မဂ်စိတ်ပေါက်မှ ဖိုလ်ကို ရောက်တယ်။ ဒီ မဂ်လေးပါး ဖိုလ်လေးပါးကို သိဖို့ဆိုတာကလည်း မဂ္ဂင်ရှစ်ပါးဆိုတဲ့ (၁) မှန်ကန်သော ဥာဏ်အမြင်၊ (၂) မှန်ကန်သော အကြံအစည်၊ (၃) မှန်ကန်သော စကား၊ (၄) မှန်ကန်သော အလုပ်၊ (၅) မှန်ကန်သော အသက်မွေးဝမ်းကျောင်းမှု၊ (၆) မှန်ကန်သော လုံ့လဝီရိယ၊ (၇) မှန်ကန်သော နှလုံးသွင်းဆင်ခြင်မှု၊ (၈) မှန်ကန်သော တည်ကြည်မှု တို့ ရှိဖို့ လိုအပ်ပါသတဲ့။ ဗုဒ္ဓဘာသာကို ချစ်ပါသည်ဆိုသော၊ မြတ်စွာဘုရားကို ပူဇော်ကိုးကွယ်နေပါသည်ဆိုသော ကျွန်တော်တို့ အခြေခံတရား ၈ ပါးမှာ ဘယ်နှစ်ခုများ ပြည့်စုံနေကြပြီလဲဗျာ။

 

မြန်မာအင်ဖိုတက် နေရာကို အရင်တုန်းက ဗိုလ်ချုပ်မှူးကြီးက ပညာရေးဝန်ကြီးဌာနပိုင်တဲ့ တက္ကသိုလ်နယ်မြေထဲမှာ တချက်လွှတ် အမိန့်နဲ့ ပေးခဲ့တယ်လို့ သိရတယ်။ အများပိုင်ကုမ္ပဏီလိုလို ဘာလိုလိုနဲ့ အဓိက ရှယ်ယာတွေ အားလုံးကလည်း လူနည်းစုတစ်စုရဲ့ လက်ထဲမှာချည်းပဲ။ အိုင်တီကဏ္ဍ ဖွံ့ဖြိုးလာခဲ့ရမှုမှာ ကျေးဇူးတင်ဖို့ ကောင်းပေမယ့် အရှည်ကြည့်ရင် ကုမ္ပဏီတစ်ခု ကောင်းစားဖို့ပဲ ဖြစ်နေတယ်။ အခုဆို အင်ဖိုတက်လို့ ပြောပြီး အထဲမှာ ဘာမှ မအိုင်တီတဲ့ ကုမ္ပဏီတွေ၊ စာသင်ခန်းတွေနဲ့ ပြည့်လို့နေတယ်။ တကယ် အိုင်တီလုပ်ချင်တဲ့ Start up သမားတွေအတွက် နေရာတစ်ခု ရဖို့ဆိုတာ အခြေအနေကို မပေးဘူး။ တကယ်ဆို အစိုးရက ပုဂ္ဂလိက မဟုတ်တဲ့ အိုင်တီ Campus တစ်ခုကို ထူထောင်ပေးသင့်တယ်။ အဲဒီ Campus ထဲမှာ R&D Centre တွေ၊ incubation centre အသေးစားလေးတွေ၊ ရုံးခန်းအသေးစားလေးတွေ လုပ်ပေးထားပြီး တကယ့်အိုင်တီသမားတွေအတွက် ဖန်တီးပေးမယ်ဆိုရင် အိုင်တီကဏ္ဍ ဒီထက်ပိုပြီး ဖွံ့ဖြိုးမှာ အမှန်ပဲ။ အခုတော့ လုပ်ချင်တဲ့ လူငယ်တွေ ရှိတာတောင် မြေနေရာတွေ အခန်းငှားခတွေ အင်တာနက်အင်ဖရာ တွေကြောင့် တစ်ခုခု စလုပ်ဖို့ဆိုတာ အတော်မလွယ်ဘူး။ မြန်မာအင်ဖိုတက် အနေနဲ့ကတော့ မြေနေရာ ပိုင်ဆိုင်မှု Asset ကတင် အခုကာလ ပေါက်ဈေးနဲ့ဆို ရှယ်ယာတန်ဖိုးတွေမပါ မြတ်နေလောက်ပါပြီ။ မြန်မာအင်ဖိုတက်အနေနဲ့ ဒီလို အိုင်တီ Campus မှာ ဘာမှမဆိုင်တဲ့ ကုမ္ပဏီတွေကို အခန်းငှားစားတဲ့ ကိစ္စကိုလည်း အလွန်ပဲ စိတ်ပျက်မိတယ်။

 

Aug 18, 2012

အကြောင်းပေါင်းစုံနဲ့ ပြန်လာကြတာပါ။ မြန်မာပြည် ရောက်တော့လည်း မြန်မာပြည်ကို အကျိုးပြုရအောင်လို့ ဘယ်သို့ဘယ်ပုံ အနစ်နာခံပြီး ပြန်လာခဲ့ရတယ် ဖြစ်သွားကြရော။ လှလိုက်တဲ့ နာမည်လေး။ တကယ်တော့ အကြောင်းပေါင်းစုံနဲ့ ပြန်လာကြတာပါ။

 

ကျုပ်ဟာတကယ်တော့ အရက်သမားကြီးပါဗျာလို့ ထုတ်ဖော်ဝန်ခံလိုက်တဲ့ အရက်သမားကြီးတစ်ယောက်ကို ချီးကျူးရမလိုလို အံ့သြရမလိုလို။

 

Aug 16, 2012

ယာဉ်ထိန်းရဲတွေရဲ့ ချီးထုပ်ကြတာကို ဖုန်းဆက်ပြောလာပြန်တယ်။ အမျိုးတွေက ဟိုဘက်ကနေ ဒီဘက်ကို အိမ်ပြောင်းတယ်ဗျ။ ကလေးစီး စက်ဘီးလေး တစ်စီးရယ်၊ ပေါင်းအိုး နှစ်လုံးရယ်၊ ဟိုဟိုဒီဒီ ပစ္စည်းလေးတွေရယ်ကို ဟာရီရာကားနောက်ခန်းထဲ ထည့်သယ်လာသတဲ့။ အဲဒါ လှည်းတန်းနားက ယာဉ်ထိန်းရဲကြီးများက တားပါလေရောတဲ့။ တားတာက ကားမှန်က စတစ်ကာ ကပ်ထားလို့ဆိုပြီး ဖမ်းတာပါတဲ့။ ဒါနဲ့ စတစ်ကာမဟုတ် အော်ရဂျင်နယ်မှန်ကြီး ကညနက လက်ခံလို့ ဝှီးတက်တောင ထုတ်ထားပေးပြီးသား ခွာကြည့်ဆိုတော့ အတင်းခွာကြည့်ပြန်ပါသတဲ့။ ဒါနဲ့ မရလေတော့ လိုင်စင်တောင်းကြည့်ပြီး ဒါက နယ်လိုင်စင်ကြီးလို့ ပြောပြန်သတဲ့။ နယ်လိုင်စင် ဘာဖြစ်လဲ မြန်မာတစ်နိုင်ငံလုံး မောင်းနှင်ခွင့် ရှိတာပဲ ဆိုတော့ ကားအထဲကို လှမ်းကြည့်ပြီး လူစီးယာဉ်ပေါ် ကုန်တွေ တင်လာလို့ အရေးယူရမယ်တဲ့ဗျား။ ဒါနဲ့ စကားတွေများကြပြီး လိုင်စင်ကို အရာရှိဆီ သွားပြပြီး ဘာတွေပြောမှန်း မသိပါဘူးတဲ့။ တော်တော်ကြာမှ ပြန်လာပြီး ခင်ဗျားကို ဒီတစ်ခါတော့ နားလည်မှုနဲ့ လွှတ်ပေးလိုက်မယ်လို့ ပြောသတဲ့ဗျာ။ ကျုပ်သာဆိုရင် အဲဒီနေရာမှာ ဒီလိုလာပြော ဒီလိုလာရစ်လို့ကတော့ ဘာနားလည်မှုလဲဆိုပြီး သောက်ခွက်ကို ဘတ်ခနဲ ပစ်ထိုးပစ်မယ်။ ရဲတွေကို တစ်ခုခုလုပ်မှ ရတော့မယ်။

 

ဝန်ထမ်းတွေကောင်းကြောင်း စိတ်ချမ်းသာရကြောင်းတွေပဲ ရေးရင်း ပြောရင်း စိတ်ချမ်းသာချင်ပါတယ်။ ကောင်းတဲ့သူကို ကောင်းတယ်လို့ ရေးဖို့လည်း လက်မတွန့်ပါဘူး။ စကားမစပ် လင့်လမ်းနားက ယာဉ်ထိန်းရဲ ကောင်းတဲ့အကြောင်း အင်တာနက် ဘလော့ပေါ်မှာ စရေးခဲ့တာ ကျွန်တော်ပါ။ နောက်မှ 7Day က အကျယ်တဝံ့ရေးပြီး ဆုတွေဘာတွေ ရသွားသွားတာ။ ထားတော့။ ဒါပေမယ့် တနေ့တနေ့ တွေ့နေရတာတွေက သောက်ချိုးမပြေတဲ့ အကျင့်ပျက် ဝန်ထမ်းတွေပဲမို့ ဘယ်လိုမှ အကောင်းမြင်ဝါဒ ကျင့်သုံးလို့ မရဘူး ဖြစ်နေတယ်ဗျာ။

 

တခါတလေ လူတွေရဲ့ သဘာဝကို အတော်ရယ်ချင်နေမိတယ်။ အခု ရိုဟင်ဂျာအရေးမှာ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြတ်ပြတ်သားသား ပြောကြားဆောင်ရွက်တယ်ဆိုပြီး ချီးကျူးကြ ထောက်ခံ နေလိုက်ကြတာ။ ဟိုးတချိန် သိပ်မကြာခင်က သူ့သမီးလေး နိုင်ငံခြားမှာ ကျောင်းတက်တာကို စစ်အစိုးရ အရာရှိကြီးသမီး နိုင်ငံခြားမှာ ကျောင်းတက်တယ်ဆိုပြီး ဝိုင်းအော်ကြ ကန့်ကွက်ကြလို့ သူတို့မိသားစုခမျာ ပြဿနာတွေ တက်ကြရတာလည်း သတိရနေမိသေးတယ်။ ဟက်ဟက်

 

(၄)

ငါ့ညီပြောင်တင်း မောင်လက်ဆင်း

ရှေးအတီခေတ် ပဒေသရာဇ်ကာလ

မြန်ဌာနမှာ နယ်စွန်နယ်ဖျား

အပိုင်စားတဲ့ ဘုရင်ခံများ 

ထားသတတ်

ငါတို့ရွှေခေတ် ပဒေသရာဇ်မှာလည်း

ရပ်စွန်ပယ်ဖျား နယ်စပ်နားက

အလွန်မော်ကြွား ဘုရင်ခံတစ်ပါးဟာ

ကာမကိစ္စ လွန်ဖောင်းပွလျက်

သမီးတူမ နာမည်ပြသည်

ကံခေလွန်းခဲ့ တပည့်အရင်း

ဗိုလ်လွန်ဖျင်းမှာ ထိုထိုတူမ

ဖြူကြွကြွကို မေတ္တာမုန်ယို

အချစ်ပိုကာ ပေါင်းရာပေါင်းကြောင်း

အခွင့်တောင်းလေသောအခါ

ထိုဘုရင်ခံ ဦးဂွင်ဖန်လည်း

တူမနှင့်တူ လွန်ကြည်ဖြူ၍

လက်ထပ်ထိမ်းမြား ပေးကာစား၏

အခါတပါး ထိုမင်းသားသည်

မန္တလေးရောက် ဘီယာသောက်နေသောခဏတွင်

ဆရာဝန်တစ်ယောက် ချဉ်းကပ်ရောက်ကာ

ထိုသူ့ဇနီး ရှုမငြီးလေးမှာ

သူ၏ယခင် မိန်းမပင် ဖြစ်လေကြောင်း

ဇာတ်ပေါင်းဖြေထုတ် ရှင်းချက်ထုတ်ကာ 

မည်ပုံမည်နည်း ဘုရင်ခံကြီး ဖြတ်ခုတ်သွားသနည်းကို

မျက်ရည်လည်ရွဲ ငိုပွဲဆင်ကာ ပြောသတဲ့လေ

အလားအလာ ကောင်းသူပါဟု

ထင်ရှားကြော်လစ်

ထိုပဒေသရာဇ်လည်း

နောက်ဆုံးသောအခါ လစ်ရရှာသည်

ထိုလိုလူညစ် ဘယ်သို့ဘယ်နည်း ဘုရင်ခံဖြစ်။

 

Aug 15, 2012

(၃)

ငါ့ညီပြောင်တင်း မောင်လက်ဆင်း

ကမ်းနားသစ်ပင်ပြောပြချင်၏

အခါတစ်ပါး စစ်သားကြီးမှာ

စစ်ရေးလည်းတော် ဖားလည်းတော်၏

သို့ပင်တစေ ကြမ္မာမွှေ၍

ရာထူးကြီးမား တိုင်းပိုင်စားလည်း

မယားရတနာ မရရှာ၍

တကိုယ်တည်းပွေ သာယာနေဆဲ

ဒင်းစစ်သူကြီး အေကိုက်ပြီးဟု

နေအောင်နေအုပ် ထိုဇာတ်ထုပ်ဖြင့်

ရိုက်ပုတ်ကြပေ

ရွာမှထွက်လေ

တောမှာနေသည်

ရပေ မယားတစ် ကလေးနှစ်။

 

(၂)

ငါ့ညီပြောင်တင်း မောင်လက်ဆင်း

ဗာရာဏသီ မင်းနေပြည်ဟု

ရုတ်ချည်းပေါ်ပေါက် တောခြောက်ခြောက်တွင်

တာဝန်ဆောင်ရွက် လွန်စွမ်းထက်သည့်

အမတ်ဝန်မင်း မလိုင်တွင်းများ၏

မိဘကျေးဇူး မြင့်မိုရ်ဦးဟု

မူးရာရူးရာ ဦးတည်ကာဖြင့် 

စီးပွားဈေးကွက် ပရောဂျက်များကို

မိဘအစား ဆောင်ရွက်သွားသည့်

ချီးကျူးလေးစား အားထားစရာ

သားရတနာများအား

မောင်ရင်လင်းဆက် ရှောင်ကြဉ်အပ်။

 

(၁)

ငါ့ညီပြောင်တင်း မောင်လက်ဆင်း

မင်းတို့နေရာ ပြည်မြန်မာဝယ်

တောတောင်ထပ်ထပ် မြောင်ခြေဖြတ်ပြီး

လူကြီးတစ်ပါး ခရီးသွားရာ

ကုတင်လည်းသယ် အိပ်ရာသယ်သတဲ့

အိမ်သူအကျော် ထိုကတော်လည်း

သင်္ကာမကင်း အနံ့ပြင်းသောကြောင့်

ချင်းနင်းဝင်ရောက် သတင်းထောက်သောခါ

ဒွိယံဒွိယံ ငှက်မောင်နှံအကြောင်း

တပည့်လက်သား အောက်ဆွဲများက

မြိန်ရေယှက်ရေ ဖွင့်ဟလေ၏

အမောင်လက်ဆင်း ထိုလူဖျင်း

ဘယ်သူဖြစ်မလဲ ပြောပါလေ။

 

စစ်သက် လေးဆယ် နီးပါးလောက် တစ်သွေး တစ်သံ တစ်မိန့်နဲ့ နေလာခဲ့တဲ့သူတွေ အရပ်ဘက် အုပ်ချုပ်ရေး ပြောင်းလာတဲ့အခါ အရင် အမူအကျင့်တွေ ပျောက်ဖို့ ဘယ်လောက် ကြာနိုင်မလဲဟင်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်တပ်က လူဝတ်ပြောင်းပြောင်းပြီး အုပ်ချုပ်မှုရာထူး ခပ်ကြီးကြီး နေရာတွေ ယူကြတာကို မဖြစ်မနေ ပြောင်းပစ်ရမယ်။ 

 

ဦးဝင်းမြင့်ဟာ သိပ်တော်တဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်ကောင်းဖြစ်ပေမယ့် စီးပွားရေးပညာရှင်လို့ ဘယ်သူမှ အသိအမှတ် မပြုဘူး။ ဦးကျော်ဆန်းဟာ ပြန်ကြားရေး၊ ဖျော်ဖြေရေးတွေ တာဝန်ယူထားရပေမယ့် သူဘယ်လောက် ဗဟုသုတကြီးမားတယ်၊ ဖျော်ဖြေရေးကျွမ်းကျင်တယ်ဆိုတာ ဘာအထောက်အထားမှ မရှိဘူး။ ငယ်ငယ်က ကျောင်းသားဘဝ ကျောင်းကပွဲတောင် ဝင်ကဖူးခဲ့ရဲ့လား မသိပါ။ သိပ္ပံနည်းပညာ ဝန်ကြီးကရော ဘဝမှာ ဘာတွေများ တီထွင်ပြခဲ့တာ ရှိလဲ။ ရထားဝန်ကြီးရဲ့ မိသားစုတွေ ရထားရောစီးဖူးရဲ့လား အများကြီးပါပဲ။ စစ်သားတွေဟာ သိက္ခာရှိရှိ စစ်တပ်ထဲမှာနေပြီး နိုင်ငံတော်ကို ကာကွယ်နေတာပဲ ကောင်းပါတယ်။ Civil Administration လောကထဲ မဝင်သင့်ဘူး။ ဒါဟာ ကိုယ့်အထုပ်ကို ကိုယ်ပြန်ဖြေတာနဲ့ သိပ်တော့ မထူးဘူး။ သူတို့တွေလည်း အရှက်ကွဲ၊ ကိုယ်တွေလည်း ခံစားရတာပေါ့လေ။

 

ဦးခင်ရီက ပြောခဲ့တယ် ရိုဟင်ဂျာဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူးတဲ့။ အခု ဦးသိန်းစိန်ကပြောတယ် ဘင်္ဂလီတွေ ဆိုကြပါစို့တဲ့။ နှစ်ယောက်စလုံး မှန်သလိုလိုပဲ။ ဟဲဟဲ ပြောပါတယ် စကားလုံး နှစ်လုံးကြား ကစားသွားလိမ့်မယ်လို့။ တကယ်တော့လည်း အဲ့ဒီ့မှာ နေနေကြတဲ့ သူတွေက နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒီလိုဖြစ်ပျက်ခဲ့တာလဲ သိပ်ပြီးတော့ မတွေ့ရဘူး ပါဘူးတဲ့ ဒါကတော့ ရခိုင်သားတွေနဲ့ ရှင်းပေတော့ ခင်ဗျ။ ကျွန်တော်တို့ကလည်း သူ့လူမျိုး ကိုယ့်လူမျိုး ကိုယ့်ဘာသာနဲ့ ခွဲခြားလို့မရဘူး။ ကျွန်တော်တို့ရဲ့အမြင်က လူသားဆိုတဲ့ အမြင်နဲ့ မြင်ရမယ်တဲ့။ ရိုဟင်ဂျာတွေ ကျူးကျော်သူတွေကို အမြစ်ပြတ် ချေမှုန်းပစ်ရမယ်လို့ ကြွေးကြော်ခဲ့တဲ့ သမ္မတရုံးက ဦးမှူးဇော်ကြီးတောင် သတိရသွားတယ်။ ဟင်းဟင်း။

 

၃၄၈။ နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့် နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ခွဲခြားမှုမရှိစေရ။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ် အတွင်းတော့ ဗိုလ်ချုပ်အေဘယ်တစ်ယောက်ပဲ စစ်တပ်ထဲမှာ ရာထူးအကြီးဆုံးရသူ ခရစ်ယာန်ဘာသာဝင် တစ်ယောက် ဖြစ်မယ် ထင်ပါတယ်။ နောက်ပိုင်း ကိုယ့်မိန်းမ ခရစ်ယာန် ဆိုရင်တောင် ရာထူးကြီး မပေးတော့ပါဘူး။ အခုရောဟင် ?

 

Aug 14, 2012

ရန်ကုန်တစ်မြို့လုံး ကားတွေကြပ်နေတယ်။ လှည်းတန်းမှ မဟုတ်ဘူး၊ ရွှေဂုံတိုင်မှ မဟုတ်ဘူး။ ပြန်ကြားရေးဝန်ကြီးဌာနကထုတ်တဲ့ စာအုပ်တွေမှာကြည့်လိုက်ရင် အစိုးရလက်ထက် ဖွံ့ဖြိုးတိုးတက်လာခဲ့တဲ့ တံတားကြီးများ လမ်းမကြီးများ ဆိုပြီး ဂုဏ်ယူဝံ့ကြွားစွာ ဖော်ပြလေ့ ရှိကြတယ်။ လုပ်တော့ လုပ်ရှာပါတယ်။ ပိုက်ဆံတွေလည်း သောက်သောက်လဲ ကုန်ခဲ့တာပါပဲ။ ဒါပေမယ့် ခြစားမှုနဲ့ အမြော်အမြင် မရှိမှုက ပိုများနေလေတော့ နောင်ဆယ်နှစ် ဘယ်နေရာမှာ လူတွေ များလာနိုင်တယ်၊ လူနေမှု ဘယ်လောက် ဖြစ်လာမယ် စတာတွေကို စနစ်တကျ မတွက်ချက်တတ်တော့ အခုဆို ဒုက္ခရောက်ကြပြီ။ ဘုရင့်နောင်တံတားကိုကြည့် စဆောက်ကတည်းက အနည်းဆုံး လေးလမ်းသွားလောက် မဆောက်ခဲ့သင့်ဘူးလား။ အခုဆို အဲဒီကိုဖြတ်ရင် ၁ နာရီလောက် လမ်းပိတ်တာ ခံနေရတယ်။ အခု အဲဒီတံတားကို တိုးချဲ့ဖို့ လုပ်နေရပြီ။ အလုပ်အပိုတွေ ထပ်လုပ်ရပြီး ပြည်သူ့ပိုက်ဆံတွေ ထပ်ခါထပ်ခါ ကုန်ရတယ်။ မိုးခပ်သည်းသည်း ရွာတာနဲ့ လမ်းတွေက ပြန်ပြန်ဖာနေရတယ်။ တခါထဲ အကောင်းစား လုပ်လိုက်ရင် ပြန်မပြင်ရတော့ ဝင်ငွေဘယ်ရှိတော့မလဲ ဆိုတဲ့ စကားတောင် ပေါ်လာတယ်။ လမ်းတွေမကောင်းတော့ ကားတွေက ရှောင်ကွင်းမောင်းရ လမ်းပေါ်ရေကျော်တော့ ဆလစ်တွေဖြစ်ပြီး ယာဉ်တိုက်မှုတွေ ဖြစ်ကြရ အများကြီးပါပဲ။ လမ်းပေါ်မှာ ဈေးမရောင်းရဆိုပြီး အမိန့်ထုတ်တယ် ပြီးရင် ဈေးသည်တွေဆီကနေ စည်ပင်က အကောက်ပြန်ကောက်ပြီး ဈေးရောင်းတာကို လက်ခံတယ်။ လိုင်းကားသမားတွေက ယာဉ်ထိန်းရဲကို အပြတ်ပေါင်းထားတယ်။ ပြီးရင် မောင်းချင်သလိုမောင်းတယ်။ အိမ်တွေဆောက်တဲ့အခါ ကားရပ်နားဖို့နေရာကို ထည့်မတွက်မိဘဲ ဆောက်လုပ်ခွင့်တွေပေးတယ်။ ကားတွေက လမ်းပေါ် တက်ရပ်တယ်။ ကားလမ်းတွေ ပိတ်ကုန်တယ်။ အများကြီးပါပဲဗျာ တကယ်တော့ အားလုံးက ဆက်စပ်နေတာပါ။ လုပ်ခဲ့တာတွေကို အသိအမှတ်ပြုပါတယ် ဒါပေမယ့် စောက်သုံးမကျခဲ့လို့ ငွေတွေကုန် ရလာဒ်မကောင်းတာတွေကိုလည်း အစိုးရအနေနဲ့ သတိပြုဖို့ လိုပါလိမ့်မယ်။ :(

 

ဒီအစိုးရလက်ထက်မှာ တိုးတက်ပြောင်းလဲမှုတွေ တွေ့လာရပေမယ့် ထိုင်ကျေးဇူးတင်နေရလောက်တဲ့ အပြောင်းလဲကြီး ပြောင်းလဲမှုတွေတော့ မဟုတ်ပါဘူး။ ဦးသိန်းစိန် အနေနဲ့ ဒီနေရာမှာ တကယ်ပြောင်းလဲချင်တယ်ဆိုရင် တရုတ်ပြည်က ယဉ်ကျေးမှု တော်လှန်ရေးတုန်းကလို ဖြုတ်ထုတ်သတ် လမ်းစဉ်ကို ရဲရဲဝံ့ဝံ့ ကျင့်သုံးသင့်တယ်။ အခုတော့ အကျင့်ပျက်ခြစားမှုက အမြစ်တွယ်ရုံမက အသီးပါ သီးနေတဲ့အပြင် ရာထူးယူထားတာနဲ့ ကျေးဇူးရှင်လိုလို ဖြစ်လာတဲ့ ဇာတ်လမ်းတွေက သူဘယ်လောက်လုပ်လုပ် ပြည်သူတွေ သိပ်မခံစားရဘဲ လမ်းတဝက်မှာ ဇာတ်ကြောင်းက ပြောင်းပြောင်းသွားတယ်။ နှစ်ပေါင်းများစွာ ရိုက်သွင်းခံထားရတဲ့ ဗျူရိုကရေစီစနစ်ကို ဖြေးဖြေးချင်း ပြောင်းလဲယူမယ် ဆိုရင်ဖြင့် ဒီတစ်သက်တော့ မီတော့မယ် မထင်ပါဘူး။ တကယ်တမ်းက ဒါတွေအားလုံးဟာ နိုင်ငံသားတိုင်း အရင်ကတည်းက မူလဘူတ ရသင့်တဲ့ အရာတွေချည်းပဲ။ ဒါကြောင့် ပြောရမယ်ဆိုရင် မျက်လုံးပြူး လျှာထွက်အောင် ညှစ်ထားတဲ့လက်လေး နဲနဲလောက် ဖြေပေးလိုက် ကျေးဇူးတင်လိုက်ရ ဇာတ်လမ်းမျိုး ဖြစ်နေတာပါပဲ။ ဒါတောင် လည်မျိုညှစ်ထားတဲ့လက်က လျှော့တော့လျှော့ပါရဲ့ နှာခေါင်းပေါက်ထဲ လက်နှစ်ချောင်း ပြန်သွင်းလိုက်တာမျိုးနဲ့ ကျေးဇူးရှင် အပေါက်ချိုးနေတဲ့ စရိုက်တွေ တွေ့မိတော့လည်း လေပါတယ်။ ဥပမာ- ကားတင်သွင်းခွင့်တွေ

 

ရခိုင်အရေးကိစ္စအတွင်း ဒုက္ခရောက်ကြရသော ရခိုင်တိုင်းရင်းသားများအတွက် ကမ္ဘာတဝှန်းရှိ အလှူရှင်များမှ ဒုတိယအကြိမ်မြောက် လှူဒါန်းငွေ ကျပ်သိန်း ခုနစ်ဆယ်ခန့်ကို Handy Myanmar Youths မှ ကိုသက်ထူးက မိသားစုတစ်စုလျှင် သုံးသောင်းနှုန်းဖြင့် မောင်တောမြို့နယ်အထိ သွားရောက် လှူဒါန်းပေးနိုင်ခဲ့ပါတယ်။ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း သွားရောက်ပေးခဲ့တဲ့ ကို Thet Htoo၊ အကူအညီတွေ အများကြီးပေးခဲ့တဲ့ ၀ံလက်အဖွဲ့က ကိုခိုင်ကောင်းဇံနဲ့ ခရီးသွားလာရေးမှာ အဆင်ပြေအောင် ဆောင်ရွက်ပေးခဲ့တဲ့ သူငယ်ချင်း ရတနာနဲ့ Unique Asia Travels တို့ကို ကျေးဇူးအထူးတင်မိပါတယ်။

 

အမြန်လမ်းမကြီးပေါ် မည်သည့်အကြောင်းကြောင့်ဖြစ်ဖြစ် ကားလုံးဝမရပ်ရ။ (ရဲကား စစ်ကား မပါ)

 

Aug 13, 2012

ဖားများ။ ဖားများ လွန်စွာအော်သည်။ ဖားအော်လို့ မိုးမရွာပါ။ မိုးရွာခါနီးတွင်သာ ဖားများအော်ကြသည်။ ဆောင်းတွင်းတွင် ဖားမအော်ခြင်းက သက်သေဖြစ်သည်။ ဖားအမျိုးအစား များစွာရှိသည်။ စားဖားကြီးများမှာ လွန်စွာ ဆူဖြိုး၏။ ချက်တတ်လျှင် အလွန် စားကောင်းသည်။ ဖားပျံခေါ်သော ဖားများကတော့ ဟိုကပ်ဒီကပ် ဟိုကူးဒီကူး အလွန်တော်သည်။ တခါတရံ သေးဖြင့် ပန်းသွားတတ်သေးသည်။ မထုံတတ်တေးနှင့် ပုန်းအောင်းကွယ်လျှိုးကာ အဖြိုးကြီး ဖြိုးနေကြသော ဖားပြုပ်ကြီးများလည်း ရှိသေး၏။ရုပ်ဆိုးသောကြောင့် အပြင်သိပ်မထွက်တတ်ပါ။ လယ်ရိုးတလျောက် တစာစာအော်တတ်သော ဖားပေါင်စင်းလေးများလည်း ရှိသေးသည်။ ဖားခုံညင်းကြီးများ အကြောင်းတော့ သိပ်မသိပါချေ။

 

Aug 8, 2012

Difficulties are hard to pass, but have to conquer. If not you are fail.

 

Aug 6, 2012

ဂျင်မီခရမ်တန်တို့ ဂျနီဖာတင်လေးတို့ကို မမီလိုက်ပေမယ့် မာမာမင်း၊ ခင်ခင်ထွေး၊ မကျင်လွမ်၊ ဂိုပါလ်၊ ပပ၊ ဖီးလစ် စတဲ့ နာမည်တွေကိုတော့ ကောင်းကောင်း မှတ်မိနေတယ်။ မှတ်မိဆို သူတို့ကလည်း နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ လွဲခဲတာကိုး။ သူတို့တွေ ပြိုင်ပွဲများ ပြနေရင် ကိုယ်တိုင် သွားမကြည့်ရပေမယ့် တီဗွီကနေတောင် အားပေးဝမ်းသာ နေခဲ့ရတာ။ အခုများတော့ ထွေးညိုလေးရယ် ~~ အူစိန်ဘော့ကို အားပေးနေရတယ်။

 

မြန်မာပြည်ထဲက မြေပုံတွေ GIS တွေလုပ်တဲ့ ကုမ္ပဏီ တစ်ခုကနေ မြန်မာပြည် မြေပုံဝယ်ထည့်တယ်။ သူတို့က Mapsource ကို Crack လုပ်ပြီး အပေါ်ကနေ မြို့ရွာတွေ လိုက်ထည့်လို့ ဝယ်တဲ့သူကို ခြောက်သောင်းနီးပါးနဲ့ ရောင်းတယ်။ ကျွန်တော်က တကယ့် Lincense Software လိုချင်တာဆိုတော့ ဒီလိုဆိုရတယ်ဆိုပြီး ကိုးသောင်းလား တစ်သိန်းလားမသိဘူး ပေးလိုက်ရတယ်။ ညနေ Update လုပ်တော့ စက်ထဲ ထည့်ထားသမျှ အားလုံး လစ်သွားတယ်။ Crack Version ကြီး ဖြစ်နေတာကိုး။ သူတို့ ထည့်ပေးထားတာက Version 3.0 လားမသိဘူး။ ဒါနဲ့ စိတ်နာနာနဲ့ အဲဒါတွေ ဘယ်လို Crack လုပ်တဲ့အကြောင်း ညလုံးပေါက် အင်တာနက်မှာ ထိုင်မွှေလိုက်တော့ အကုန်ထွက်လာတယ်။ နောက်တစ်နေ့ ဖုန်းနဲ့ ပြန်ခေါ်ပြီး ကောင်းကောင်းသမလွှတ်လိုက်တယ်။ သုံးသောင်းလား မသိဘူး ပြန်တောင်းပစ်လိုက်တယ်။ သူတို့သုံးနေတဲ့ဟာထက် မြင့်တဲ့ဟာတောင် ပြန်ပြီး လက်ဆောင်ပေးလိုက်ပါသေးတယ် ကိုယ်က လိုချင်တာဖြစ်လို့ တောင်းသလောက် ပေးဖို့လည်း ဝန်မလေးပါဘူး။ ဒါပေမယ့် အဲလိုဂျင်းထည့်တာတောင် မပြောနဲ့ မြေပုံမှာတောင် ဧရာဝတီမြစ်က မြစ်ကြီးနားလေးတဝိုက်မှာပဲ ရှိနေတာတော့ လွန်တာပေါ့။ ဒါနဲ့ နောက်ဆုံးထွက် Mapsource V.5.0 ကို နိုင်ငံခြားမှာ လှမ်းဝယ်ပါတယ်။ စင်္ကာပူမှာတောင် မရဘူး။ သူငယ်ချင်းတစ်ယောက် အကူအညီပေးလို့ အမေရိကားကနေ အဆင့်ဆင့် လှမ်းဝယ်ယူရတယ်။ ဒေါ်လာ ၁၅၀ လောက် ပေးရတယ်။ အဲဒါလေး ထည့်လိုက်တော့မှ ဧရာဝတီဟာ မြန်မာပြည် မြောက်ဖျားကနေ ဘင်္ဂလားပင်လယ်အော်ထဲ စီးဝင်နိုင်တော့တယ်။ သူများစီးပွားရေးကို အပြစ်မပြောချင်ပါဘူး။ ကိုယ်ပေးတဲ့ပိုက်ဆံနဲ့ တန်တဲ့ Service ကို ပြန်လိုချင်တာပါပဲ။ ကုမ္ပဏီကိုယ်တိုင်က အဲလိုလား ဝန်ထမ်းတွေက လုပ်နေတာလားလည်း မဝေခွဲတတ်တော့ဘူး။ 

 

Aug 4, 2012

သင်တန်းတွေ အတော်များများမှာ ကျွန်တော် စာသင်ရင် ကျောင်းသားတွေကို ကျွန်တော် မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုရှိတယ်။ အဲဒါက တာရာမင်းဝေနဲ့ ဂျူး ဘယ်သူက ပိုကောင်းလဲ ဘယ်လိုပိုကောင်းတာလဲလို့။ အဲလိုမေးရင် တာရာမင်းဝေ ကြိုက်တဲ့သူက တာရာမင်းဝေ ပိုကောင်းတယ်၊ ဂျူးကြိုက်တဲ့သူက ဂျူးပိုကောင်းတယ် ဖြေကြတယ်။ ဘယ်လိုကောင်းတာလဲ ဆိုတာကိုတော့ မဖြေတတ်ကြဘူး။ အများအားဖြင့် Emotionally Response တွေပဲ ရတယ်။ Statistically လေ့လာသူလည်း အပြင်ပညာရှင် နယ်ပယ်မှာတောင် မတွေ့ဖူးဘူး။ Academic Answer ဟာ Emotion ကို အားပြုလို့ မရဘူး။ အထောက်အထား ရှိရမယ်။ ပြရမယ်။ အဲဒီလို ပြောပြီးမှ သူတို့ကို Research လုပ်ပုံလုပ်နည်းကို ပြောပြပါတယ်။ တာရာမင်းဝေစာအုပ် ၁၀အုပ်၊ ဂျူးစာအုပ် ၁၀အုပ် ထဲက စာသားအားလုံးကို ကွန်ပျူတာထဲထည့်။ စာလုံး တစ်လုံးချင်းဖြတ်၊ စာလုံး အတွဲတွေဖြတ်၊ ဘယ်လို စာလုံးတွေကို ဂျူးကတော့ Frequency ဘယ်လောက်တောင် သုံးတယ်။ ကိုတာရာကတော့ ဘယ်လောက်သုံးတယ်။ ဘယ်စာလုံးတွေက အားကောင်းတယ်၊ ဘယ်စာလုံးတွေက အားပျော့တယ် စသည်ဖြင့် နှိုင်းယှဉ်ကြည့်ရင် အင်မတန် စိတ်ဝင်စားစရာ ကောင်းတယ်လို့။

 

Aug 3, 2012

စဉ်းစားနေတာ တစ်ခုရှိတယ်။ ကျွန်တော်က အရမ်းကို ချမ်းသာတဲ့ သူဌေးကြီးတစ်ယောက် ဆိုပါတော့။ ငယ်ငယ်တုန်းက ရွာမှာနေခဲ့ရတယ်။ ရွာက အိမ်ခြေ ၁၀၀ ရှိတယ်။ ကျွန်တော်က အဲဒီအိမ်ခြေ တစ်ရာလုံးကို တစ်အိမ် ၁၀ သိန်းလောက် တန်တာကို သိန်းတစ်ရာပေးပြီး ဝယ်မယ်ဗျာ။ အိမ်တစ်ရာဆိုတော့ သိန်းတစ်သောင်း။ ဒါဆို တစ်ရွာလုံးက ကျွန်တော့်မြေ ဖြစ်သွားပြီ။ ရွာလို့ ဆက်သတ်မှတ်လို့ ရလား။ ဆယ်အိမ်မှူးတွေ ရာအိမ်မှူးတွေ ဘာဖြစ်သွားမလဲဟင်။

 

Aug 2, 2012

ရှမ်းပြည်ဘက် တရုတ်ဖြူတွေ ကျူးကျော်တုန်းကလည်း ဗမာတွေဟာ ရှမ်းတွေဖြစ်တာ တို့နဲ့ ဘာဆိုင်လည်းဆိုပြီး မနေခဲ့ဘူး။ ကချင်မှာ တရုတ်က လက်ဝါးကြီးအုပ်ပြီး ရေအားလျှပ်စစ်စီမံကိန်းကို ဗမာစစ်ဗိုလ်ချုပ်တွေနဲ့ ပေါင်းလုပ်ခဲ့တော့ရော ကချင်တွေဖြစ်တာ ငါတို့နဲ့ဆိုင်လားဆိုပြီး ဗမာတွေ ငြိမ် နေခဲ့ပါသလား။ ရခိုင်မှာ ရိုဟင်ဂျာအရေးဖြစ်တော့ရော တနိုင်ငံလုံး ဝိုင်းကန့်ကွက် ကူညီပေးခဲ့တာပဲ မဟုတ်ဘူးလား။ ဘုရင်တွေလက်ထက်နဲ့ စစ်အစိုးရဟာ ဗမာတွေ အများစုဖြစ်ခဲ့တာ ဗမာလူမျိုးအားလုံးနဲ့ မဆိုင်ပါ။ ကချင်ပြည်နယ်မှာ ကျောင်းတက်ခဲ့တဲ့ ဗမာလူမျိုး ကျွန်တော်ဟာ ဘာပဲလုပ်လုပ် အမြဲတမ်း အဲဒီဒေသက ဂုဏ်ယူနိုင်သူဖြစ်အောင် စဉ်းစား ကြိုးစားပါတယ်။ ပဒေသရာဇ် အမွေဆိုး၊ အချောင်သမားတွေနဲ့ အကြွင်းမဲ့ အာဏာရှင်စနစ်တွေကြောင့် ဒီလူတွေအားလုံး မွဲပြာပုဆိုး ဖြစ်နေတာကို ဗမာတွေ ဗမာတွေလို့ နာမည်မတပ်သင့်ပါဘူး။ ဒီနိုင်ငံထဲနေတဲ့ ဘယ်သူမဆို ဘယ်တိုင်းရင်းသားဖြစ်ဖြစ် ကုလားဖြစ်ဖြစ် တရုတ်ဖြစ်ဖြစ် ကိုယ်ကရော အခြားလူမျိုးစုတွေ အပေါ်မှာ ဘာများ ကောင်းကျိုးပြုဖူးသလဲ ဆိုတာကိုလည်း ထည့်စဉ်းစားဖို့ မမေ့သင့်ဘူးလို့ ထင်ပါတယ်။ လူမျိုးရေး အစွဲကြီးမှုနဲ့ ကိုယ်လိုတာတစ်ခုပဲ သိတတ်မှုဟာ အလွန်ပဲ ကြောက်စရာ ကောင်းပါတယ်။ ဆင်းရဲ မွဲတေ စုတ်ပြတ် ဘဝနိမ့်ပါးနေတဲ့ ဗမာတွေ အများကြီး မြန်မာနိုင်ငံအနှံ့မှာ ရှိနေပါတယ်။

 

ကိုယ်က Technology ဘက်ကမို့ ဒီလို စဉ်းစားကြည့်တယ်။ E-Gov စနစ်နဲ့ E-Banking စနစ်ကို ပထမဆုံး စနစ်တကျ ခိုင်ခိုင်မာမာ တည်ဆောက်သင့်တယ်။ ပြီးရင် ပမာဏ ဘယ်လောက်ထက်ပိုသော မည်သည့်ငွေပေးချေမှုမျိုးမဆို Bank Transaction သာ အသုံးပြုရမည်။ အသုံးမပြုဘဲ Offline ပေးချေကြောင်း တွေ့ရှိရင် ကြီးလေးစွာ အပြစ်ပေးနိုင်သည်၊ ဘဏ်တွေဟာ အစိုးရက ဥပဒေကြောင်းအရ အလိုရှိတိုင်းမှာ ဒီ Transaction အားလုံးကို ပြနိုင်ရမည် ဆိုတဲ့ ဥပဒေမျိုး ထုတ်ပြန်သင့်တယ်။ အခုဟာက ၁၀၀၀၀ နဲ့ ၀ယ်ရင် ၁၀၀၀ ပြတယ်။ အဲဒီ ၁၀၀၀ အပေါ်မှာလည်း အခွန် မဆောင်ကြဘူး။ ဒီတော့ အတင်း အခွန်ဆောင်ခိုင်းလည်း တရားဝင် စာရွက်စာတမ်းပေါ်မှာရှိတဲ့ ၁၀၀၀ ပေါ်မှာပဲ ဆောင်ရမှာမို့ အေးဆေးကလေးမွေး သနားသေးတယ်။ အထက်ကလိုသာ ဥပဒေရော စနစ်ပါ ရှိမယ်ဆို ဘယ်သူမဆို ပိုင်ဆိုင်မှု လိမ်လို့ မရသလို၊ အခွန်ဆောင်သလား အခွန်ရှောင်သလား၊ ငွေဖြူလား ငွေမည်းလား ဒီငွေ ဘယ်ကရသလဲ ဆိုတဲ့ဟာတွေပါ အားလုံး ထိုင်ကြည့်နေရုံပဲ။ ပြတ်ပြတ်သားသား အပြစ်ပေးဖို့ပဲ လိုတာ။ အားလုံးလိုလိုက Corruption ဖြစ်နေတာမို့ ဒီစနစ်တွေ မအောင်မြင်တာ သိပ်တော့ မထူးဆန်းဘူး။

 

Aug 1, 2012

ပြဿနာကတော့ ဘုရားရှင်လက်ထက်တော်က ရခိုင်ရော ဗမာတွေမှာပါ မဟာမုနိဘုရားကြီးလို Smooth ဖြစ်ပြီး Structure ကျလွန်းတဲ့ လက်ရာမျိုး ကြေးသွန်းနိုင်တယ်ဆိုတဲ့ အထောက်အထားနဲ့ လက်ရာတူတွေ မတွေ့ရတာပါပဲ။ တွေ့တဲ့ဘုရားတိုင်း သီရိဓမ္မာသောကမင်းကြီး တည်တဲ့ ဘုရားတွေလို့ ယုံကြည်ပြန်ရင်လည်း အိန္ဒိယက မြန်မာပြည်ကို သြဇာလွှမ်းမိုးတယ်ဆိုတာကို လက်ခံရမယ်နဲ့ တူပါရဲ့။

 

ပြည်ထောင်စုလွှတ်တော် နာယကကြီး ခင်ဗျား။ မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၄) ရွေးချယ်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်ဟာ ၂၀၁၁၊ ဖေဖော်ဝါရီ ၉ ရက်နေ့ည ၈ နာရီခန့်မှာ ရေမြောင်းကို တိုင်ရိပ်ထင်ပြီး နင်းရာ နှစ်ပေအနက်ရှိ ရေမြောင်းအတွင်း ခြေချော်ကျပြီး မြောင်းပေါင်နှင့် ဘယ်ဘက်ရင်ဘတ်၊ ဝမ်းဗိုက်တွင် ဆောင့်မိ၍ နေပြည်တော် ခုတင်၁၀၀ ဆေးရုံကြီးသို့ တက်ရောက်ကုသရာ ဘယ်ဘက်နံရိုး သုံးချောင်း ကျိုးသွားပါတယ်။ ဘယ်ဘက်ကျောက်ကပ် အပေါ်ပိုင်းတွင်လည်း သွေးခြည် အနည်းငယ် ဥသွားပါတယ်။ ထိုရောဂါကို ကုသရန် အနည်းဆုံး တစ်ပတ်ခန့် အနားယူရမည် ဖြစ်ပါသောကြောင့် ခွင့်ပြုပါရန်....။ နာယကကြီးခင်ဗျား မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၄)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်သိန်းသည် ပင်ကိုက အားနည်းနေသူဖြစ်ပြီး ယခု အအေးမိ နေမကောင်းဖြစ်၍.......။ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးမှတ်တမ်းက ခွင့်တိုင်တာလေးတွေ ဖတ်မိပြီး သဘောကျနေမိတာ။ ဟိ။

 

ဓမ္မစေတီမင်း အနေနဲ့ စဉ်းစားကြည့်တယ်။ ဒီလောက် ဘုန်းတန်ခိုးအာဏာ ထက်မြက်နေချိန်မှာ သွန်းလိုက်တဲ့ ခေါင်းလောင်းက အသံမထွက်ရင် ဒီအတိုင်းထားမလား ပြန်အရေကျိုပြီး ဘာလို့ ပြန်မသွန်းခဲ့လဲ။ အသံမထွက်တဲ့ ခေါင်းလောင်းကို ဘုရားပေါ်မှာ ဒီအတိုင်းကြီးပဲ ဆက်ထားမလား။ ဒီလောက် ခေါင်းလောင်းကြီးကို ရွှေတိဂုံဘုရားပေါ်ကနေ ငဇင်ကာ ဘယ်လို သယ်ချသွားသလဲ။ အရှေ့ဘက်မုခ်က သယ်ပြီး ပုဇွန်တောင်ချောင်းအတိုင်း ဘာလို့ ခက်ခက်ခဲခဲ သယ်မလဲ၊ ကမ်းတလျှောက်မှာလည်း ဗုဒ္ဓဘာသာ ဗမာရွာတွေချည်းပဲ လုံခြုံရေးအရလည်း ခက်ခဲတယ်။ သယ်ခဲ့ရင်လည်း ကန်တော်ကြီးကို ဖြတ်သယ်ရမှာပဲ။ တကယ်လို့ တောင်ဘက်မုခ်က ချပြီး ရွှေတိဂုံဘုရားလမ်းတလျှောက် ဒလိမ့်တုံးတွေနဲ့ လှိုင်မြစ်အထိ သယ်မယ်ဆို တဖြောင့်ကြီး ပိုမလွယ်ဘူးလား။ 

 

လပ်ဇက်ကားနဲ့ သံလွင်ပင်စာအုပ်ကို ဖတ်ဖြစ်တုန်းက ဒီအပိုဒ်လေးကို ဖတ်မိတဲ့အချိန်မှာ ကျွန်တော် ဖရိုင်းမန်းကို အင်မတန်မှ အလေးပြုချင်စိတ် ပေါက်သွားတယ်။ Globalution:  ဒီမိုကရေစီ အခြေခံ အုတ်မြစ်တို့ကို ချပေးရာ၌ အီလက်ထရွန်းနစ်အုပ်က အကူအညီ ပေးခဲ့သော ဖြစ်စဉ်ကို အဝေးအလွန်မှ တော်လှန်ရေး (သို့) ဂလိုဘာလူးရှင်းဟု ကျွန်တော်က ခေါ်ပါသည်။ ၁၉၉၇ ခုနှစ် အလည်အပတ် ခရီးတွင် ဂလိုဘာလူးရှင်းကို ဆူဟာတို နေဝင်ချိန် အင်ဒိုနီးရှား၌ ကျွန်တော် ပထမဦးဆုံးအကြိမ် ရှာဖွေ တွေ့ရှိလိုက်သည်။ ကျွန်တော်က ဂျာကာတာ ရုပ်မြင်သံကြား ပေါ်ပြူလာ စကားပြောခန်း ပြောသူ ဝီမာဝီတိုလာနှင့် ညစာ စားနေစဉ် သူက အင်ဒိုနီးရှား လူလတ်တန်းစား၏ လူငယ် မျိုးဆက်သစ်တို့ အကြောင်းကို သရုပ်ဖော် ပြောသည်။ အသက် ၂၀ နှင့် အသက် ၃၀ ကြား အင်ဒိုနီးရှား ပညာတတ် လူငယ်တို့၌ တူညီသော အချက်တစ်ချက် ရှိကြောင်း၊ ၎င်းမှာ သူတို့သည် စာရိတဿ္တ မပျက်ပြားဘဲ သူဌေး ဖြစ်ချင်ကြကြောင်း၊ သူတို့ ဒီမိုကရေစီ လိုချင်ကြောင်း၊ သို့သော် သူတို့ လမ်းပေါ်ထွက်ပြီး ဤအတွက် မတိုက်ခိုက်လိုကြောင်း ပြောသည်။ သူက ဆက်လက်ပြီး ဤအင်ဒိုနီးရှား မျိုးဆက်သစ်က ဆူဟာတိုလက်ထက်၌ ထိပ်ပိုင်းမှစသော ဒီမိုကရေစီ တော်လှန်ရေးဆိုတာ ဘယ်သောအခါမှ ဖြစ်ပေါ်မည် မဟုတ်ကြောင်း၊ သို့သော် မျိုးဆက်သစ်တို့က အောက်ခြေစ ဒီမိုကရေစီ တော်လှန်ရေး ကိုလည်း ကြောက်ရွံ့ကြောင်း၊ ဘာ့ကြောင့်လည်း ဆိုတော့ မြို့နေ ဆင်းရဲသားလူထု ပုန်ကန် ထကြွလျှင် အလွန် အန္တရာယ်ကြီးစွာ နေရသည့် ဘဝကို ပြန်လည် ရောက်သွားသည့်နှစ် ဖြစ်လာမှာ ဖြစ်ကြောင်း၊ထို့ကြောင့် သူတို့၏ မဟာဗျူဟာသည် အဝေးအလွန်မှ တော်လှန်ရေး ဂလိုဘာလူးရှင်း ဖြစ်ကြောင်း၊ သူတို့၏ မဟာဗျူဟာ တစ်ခုလုံးက အင်ဒိုနီးရှားကို ဂလိုဘယ်စနစ်ထဲ စုစည်း ရောက်ရှိသွားရေးကို သူတို့တတ်နိုင်သမျှ တစ်ခါတစ်ရံ အသိရှိရှိနှင့်၊ တစ်ခါတစ်ရံလည်း မသိလိုက်ဘဲနှင့် အစစအရာရာ ဆောင်ရွက်ကြကြောင်း၊ အင်ဒိုနီးရှားကို ဂလိုဘယ် အဖွဲ့အစည်းနှင့် ဈေးကွက်တို့နှင့် ချိတ်ဆက် ချည်နှောင် ပေးခြင်းအားဖြင့် ကမဿ္ဘာ့ကုန်သွယ်ရေး အဖွဲ့နှင့် ဖြစ်စေ၊ ပီဇာဟတ်၊ အေပက်၊ အာဆီယံ၊ မာရီလင့်ခ်ျနှင့် ဖြစ်စေ၊ ပရိုက်စ်ဝါးတား ဟောက်စ်ကူးပါး နှင့်ဖြစ်စေ၊ အစိုးရ မဟုတ်သော လူ့အခွင့်အရေး အစုအဖွဲ့ NGO တို့နှင့်ဖြစ်စေ ချိတ်ဆက် ဆက်သွယ်မိခြင်း အားဖြင့် ထိပ်ပိုင်းမှ စတင် ကြိုးပမ်းလိမ့်မည် မဟုတ်သော၊ အောက်ခြေက ဘယ်လိုမှ မမွေးထုတ်နိုင်သော စည်းမျဉ်းအခြေခံ စနစ်တို့ကို အဝေးအလွန်မှသာ တင်သွင်းနိုင်ဖွယ် ရှိမည်ဟု သူတို့က မျှော်လင့်ကြသည်။ လက်ဇပ်ကားနှင့် သံလွင်ပင်၊ မောင်စူးစမ်း၊ စာ၂၂၃

 

ဆရာကျော်ဝင်းနဲ့ လှည်းတန်းမှာ တစ်ခါ အရက်သောက်ဖူးတယ်။ ဆရာဦးကိုလွင် ဒါနပြုတယ် ထင်ပါတယ်။ သူ့အပေါင်းအသင်း ရောင်းရင်း အငြင်းအခုံ သန်သူများနဲ့။ ဘာတွေ့လဲဆိုတော့ သူ့ကို ဘယ်လိုဝေဖန်ဝေဖန် အေးအေးဆေးဆေးပဲ ဒေါသလည်း မထွက်ဘူး ပြိုင်လည်း မငြင်းဘူး။ သူ့သဘောထားလေးတွေတော့ ခပ်ဖြေးဖြေး ပြောပြတတ်တယ်။ အဲဒီအထဲက ကျွန်တော့်ခံယူချက်နဲ့ တထပ်တည်းကျတဲ့ သဘောထားတစ်ခု Reactive or Proactive: ကျွန်တော် ငယ်ငယ်က ပြက်လုံးတစ်လုံး ကြားဖူးတယ်။ လက်ဝဲသမားတွေကို ခတ်တဲ့ ပြက်လုံးပေါ့။ အရင်ကတော့ မကြိုက်ဘူး။ အခုပြန်စဉ်းစားကြည့်တော့ သိပ်မဆိုးဘူးပေါ့။ လူတစ်ယောက် လမ်းလျှောက်သွားတာ ကျောက်တုံးတစ်တုံး ဝင်တိုက်မိတယ်။ ဒီလိုတိုက်မိရတာ နယ်ချဲ့စနစ်ကြောင့်ဆိုပြီး ကျောက်တုံးကို ပိတ်ကန်လိုက်တယ် ဆိုတာပေါ့။ အမှန်တော့ ကိုယ့်ဟာကိုယ် နမော်နမဲ့သွားလို့ တိုက်မိတာ။ အဲဒီလိုပဲ။ ဒီမှာလည်း ပြဿနာက လူငယ်တွေ အများစုက ခေတ်ကိုကြောင့်၊ စနစ်ကြောင့်ဆိုပြီး လက်ညှိုးထိုးကြတယ်။ ဒါမမှန်ဘူးလား ဆိုတော့ မှန်သင့်သလောက် မှန်တယ်။ ဒါပေမယ့် ဒါဟာ တိုးတက်မှုကို စေ့ဆော်တဲ့ စဉ်းစားပုံတော့ မဟုတ်ဘူး။ ဒါ Reactive ပဲ။ တရားခံရှာတာ။ အမှန် ဖြစ်သင့်တာက တာဝန်ယူစိတ်နဲ့ ချဉ်းကပ်သင့်တယ်။ ဒီလိုဖြစ်နေရင် ဘာလုပ်မလဲဆိုတဲ့ Proactive စိတ်နဲ့ ချဉ်းကပ်သင့်တာ။ ဘာကြောင့်လဲ ဆိုတော့ Reactive ဆိုတာ ကိုယ့်ကိုယ်ကိုယ် သားကောင်လို့ သတ်မှတ်တာ။ Victim ပေါ့။ ခေတ်ရဲ့ သားကောင်လို့ သတ်မှတ်တာ။ ဒါ ညံ့ရာကျတယ်။ တကယ်တမ်းကျတော့ သမိုင်းကို ဖန်တီးမယ့်သူတွေက သမိုင်းရဲ့ သားကောင်ဖြစ်သွားတယ်။ သမိုင်းရဲ့သားကောင် မဖြစ်သင့်ဘူး။ ဒီတော့ တစ်ဦးချင်း အနေနဲ့လည်း ခေတ်ကို အပြစ်တင်နေရုံနဲ့ မပြီးဘူး။ ပိုပြီး တာဝန်ရှိတာတော့ အဖွဲ့အစည်းတွေပေါ့။ Source: ကျော်ဆန်းမင်း၊ ဆရာကျော်ဝင်းနှင့်တွေ့ဆုံခြင်းဆောင်းပါး၊ The Voice Journal's Vol.5/ No.29

Friday, August 3, 2012

July 2012 Summary

 

31 July 2012
ဒီနေ့ထုတ် ဗီးနပ်(စ်)နယူးဂျာနယ်မှာ နိုင်ငံတော်သမ္မတ ခန့်အပ်တဲ့ ပုဂ္ဂိုလ်တွေကို စီးပွားရေးလုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေ စစ်ဆေးမယ့်သတင်း ပါတယ်လို့ ဆိုပါတယ်။ သတင်းစာထဲမှာလည်း မတွေ့ရ၊ သမ္မတရုံးဝဘ်ဆိုဒ်မှာလည်း မတွေ့ရလို့ သံသယတော့ အနည်းငယ် ရှိမိပေမယ့် ဒါမျိုးဆိုတာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမယ့် အရာပါ။ ဒါပေမယ့် မစိုးရိမ်ပါနဲ့ သူတို့ စစ်ဆေးမယ်ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတွေက စစ်ဆေးရေးအဖွဲ့က ခုံသမာဓိကြီးတွေပဲမို့ အဆင်ပြေသွားမှာပါ။ ပြီးတော့ အမြော်အမြင်ကြီးတဲ့ အဆိုပါ ပုဂ္ဂိုလ်ကြီးများဟာ ဘာလုပ်ငန်းလုပ်လုပ် ဟိုးအရင် အစကတည်းက နာမည်ခံ လုပ်ပေးတဲ့ လူလေးတွေ ရှိစမြဲမို့ သိပ်တော့ ထူးထူးခြားခြား ပြောင်းလဲမှု မမြင်မိဘူးလို့ ခံစားရပါတယ်။ :)
30 July 2012
သမဂ္ဂတစ်ခုဟာ ဘယ်လို အချင်းအရာတွေနဲ့ ကိုက်ညီရင် ဖွဲ့စည်းသင့်သလဲခင်ဗျာ။ အိမ်ရှင်တွေ နှိပ်စက်တာခံရတဲ့ ဆားပုလင်းတွေအတွက် မြန်မာနိုင်ငံ ဆားပုလင်းများသမဂ္ဂ၊ လယ်ရှင်ယာရှင်တွေ ဖိနှိပ်တာခံနေရတဲ့ နွားကျောင်းသားတွေအတွက် မြန်မာနိုင်ငံ နွားကျောင်းသားများ သမဂ္ဂ၊ နွားနဲ့ကျွဲ မတူလို့ ကျွဲကျောင်းသားများ သမဂ္ဂ၊ ငွေတစ်ရာမှာ ရှစ်ဆယ်လောက်ကို ခေါင်းကို ခွဲပေးနေရတဲ့ ပြည့်တန်ဆာတွေအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အဖြည့်ခံများ သမဂ္ဂ၊ တောပြုန်းလာတာတွေ သားကောင်ရှားပါးလာတာတွေ တိရစ္ဆာန်ကာကွယ်ရေး အဖွဲ့တွေရဲ့ ရိုက်ခတ်မှုကို တန်ပြန်ဖို့ မြန်မာပြည်လုံးဆိုင်ရာ မုဆိုးများ သမဂ္ဂ၊ ကဗျာတွေကို ကာကွယ်ဖို့ မြန်မာ့ကဗျာဆရာများသမဂ္ဂဗဟို၊ အဲဒီအောက်မှာ၊ လေးလုံးစပ်ကဗျာသမားများသမဂ္ဂ၊ မော်ဒန်ကဗျာဆရာများသမဂ္ဂ၊ ပိုစ့်မော်ဒန် ကဗျာဆရာများ သမဂ္ဂ စတဲ့ စတဲ့ သမဂ္ဂတွေ ဖွဲ့စည်းမယ် ဆိုရင်ရော ဖြစ်နိုင်ပါလားခင်ဗျာ။ မုဆိုး၊ ကဗျာဆရာ၊ ကျောင်းသား စတာတွေဟာ အလုပ်သမားတွေ မဟုတ်ကြတဲ့အတွက် အလုပ်သမားရေးရာ ဥပဒေနဲ့အညီ သမဂ္ဂ ဖွဲ့စည်းခွင့်ရော ရှိပါ့မလားခင်ဗျာ။ တကယ်သိချင်တာပါ။
ဒီသတင်းကို စဥ့်ကူးမင်းသာသိရင် ကျိန်ဆဲမှာတော့ အမှန်ပဲ။ ဖတ်ခဲ့ဖူးတဲ့ Ancient Future, Learning from Ladakh ဆိုတဲ့ စာအုပ်လေး ပြန်သတိရမိတယ်။ တခါတလေ တိုးတက်ရေးလုပ်တာဟာ ယဉ်ကျေးမှုစနစ်ကြီးကို ပျက်စီးသွားစေတယ်။ ဒါကြီးကို ဖက်တွယ်ထားပြန်တော့လည်း ခေတ်သစ်ကမ္ဘာနဲ့ အဆက်အသွယ် ပြတ်တောက် သွားပြန်တယ်။ လုပ်ခွင့်ရတဲ့ 3rd Party တွေကတော့ သူတို့မှန်တယ်ထင်တာ လုပ်ကြတာပဲ။ စဉ်းစားစရာတွေ အများကြီးပါပဲ။ (စဥ့်ကူးမင်းခေါင်းလောင်း ထိုးခွင့်မပြုတော့ခြင်း သတင်းနှင့် စပ်လျဉ်း၍)
မြန်မာအစိုးရဟာ ဘင်္ဂလီနဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံး နှစ်လုံးကြားမှာ ကစားသွားလိမ့်မယ်။ လည်တော့လည်တယ်။ ရိုဟင်ဂျာတွေကလည်း သူတို့ရပ်တည်ရေးအတွက် ကျွန်တော်တို့ဟာ ဘင်္ဂလီပါလို့ တစ်ထစ်လျှော့ချနိုင်ဖွယ် ရှိပါတယ်။ စိတ်ဝင်စားမိတာ တစ်ခုပဲ ရှိတယ်။ သူတို့ကို ဘယ်နေရာမှာ သွားထားမလဲ ဆိုတာပဲ။ စဉ်းစားကြည့်တော့ ကုလားတန်မြစ်စီမံကိန်းမှာ လုပ်သားအဖြစ် အသုံးချနိုင်ဖွယ် ရှိတယ်လို့ မြင်မိတယ်။
ကျုပ်ဘဝမှာ ငယ်ငယ်ကတည်းက ဆင်းရဲတဲ့လူတွေကို သနားတယ်။ ကိုယ်တိုင်လည်း မရှိမရှား မိသားစုက ကြီးပြင်းခဲ့ရသူမို့ ဒီလူတွေရဲ့ ဘဝကို စာနာတယ်။ အဖေ နိုင်ငံခြား သွားနေတဲ့အချိန် ဇီးထုပ်တွေ၊ အကြော်တွေရောင်းပြီး မိသားစုကို ကျွေးမွေးခဲ့တဲ့ အမေနဲ့ အတူဖြတ်သန်းခဲ့သူမို့ ဒီလိုဘဝတွေကိုလည်း နားလည်တယ်။ ဒါပေမယ့် ဆင်းရဲမွဲတေရင် သူခိုးဂျပိုးဖြစ်ရမယ်လို့ ဘယ်တုန်းကမှ စိတ်ဓာတ်မှာတောင် မရှိခဲ့ဖူးဘူး။ ခြေလေး လက်လေးပြတ်လို့ လာတောင်းတဲ့ သူတောင်းစားတောင် ပညာရပ် ကျွမ်းကျင်မှု တစ်ခုခု မပြရင် ပိုက်ဆံမထည့်ဘူး။ ဒီစာ ဘယ်သူရေးပေးတယ် မသိဘူး။ ညံ့ဖျင်းလိုက်တဲ့ အိုင်ဒီရော်လော်ဂျီ။ (ကျွန်ုပ်တို့ တောင်သူလယ်သမားများသာ ဖြစ်ချင်ကြပါသည်။ ဆင်းရဲမွဲတေမှုကြောင့် လူဆိုးသူခိုးများ မဖြစ်ချင်ကြပါ ဆိုသည့် ဆိုင်းဘုတ်ကိုင် ဆန္ဒပြဓာတ်ပုံတစ်ခုနှင့် စပ်လျဉ်း၍)
သခင်စိုးသည် ခြင်းခတ်သည့်အခါတိုင်း ၄င်းကြောင့် ဘေးထွက်သွားသော ခြင်း၊ မြေပေါ်ရောက်သွားသော ခြင်းတို့ကို ဘယ်သောအခါမျှ သွား၍ ကောက်လေ့မရှိ။ ခြင်းပွဲကို အတူကစားပေးရသည့် ရဲဘော်များကသာ ကောက်ပေးရလေ့ ရှိသည်။ ယင်းသို့ ကောက်ယူပေးခြင်း မရှိသည့်အပြင် လွန်စွာ အငြင်းသန်လေသည်။ ကြာသော် သခင်စိုးနှင့်အတူ မည်သည့်ရဲဘော်မျှ ခြင်းခတ်ကစားလိုခြင်း မရှိကြချေ။ အပေးအယူ၊ လွန်စွာမျှတ၊ ခြင်းမူစာဂ (စာအမှန်- အပေးအယူ လွန်ကြည်ဖြူ ခြင်းမူစာဂ မျှစိတ္တ) ဆိုသည့် ဆောင်ပုဒ်သည် သခင်စိုးနှင့် မသက်ဆိုင်သလို ဖြစ်နေသည်။ အနောက်တိုင်း စာရေးဆရာများက လူတစ်ယောက်အကြောင်း သိလိုပါက ခရီးအတူသွားကြည့်ပါဟု ရေးကြ ပြောကြလေ့ရှိသည်။ ဗကပအတွင်းမှ ရဲဘော်များကမူ သခင်စိုးအကြောင်း သိလိုပါက ခြင်းအတူကစားကြည့်ပါဟု နောက်ပြောင် ပြောလေ့ ရှိကြသည်။ (ဘခက်အကြောင်း၊ စာ-၁၄၁)
29 July 2012
မုန့်စိမ်းပေါင်းသည်တွေကို မော်ဒယ်ရွေးပွဲမှာ အကဲဖြတ်ခန့်လို့ မရဘူး။ ကားပွဲစားကို ကျောက်စိမ်း ရွေးခိုင်းလို့ မရဘူး။ လိုဂိုအကြောင်း မသိတဲ့လူတွေ လိုဂိုမရွေးသင့်ဘူး။ မဲပေးတယ်ဆိုတာလည်း အဲလိုပဲ။ ကိုယ်ကြိုက်တာနဲ့တင် အလုပ်မဖြစ်ဘူး။ ဒီနေရာနဲ့ဒီလူ တကယ်လိုက်မလိုက် အပ်စပ်သည် မအပ်စပ်သည် ဆိုတာက ရွေးချယ်တဲ့သူတွေမှာ အဲဒါနဲ့ ပတ်သက်တဲ့ အသိပညာ၊ သညာနဲ့ ဆင်ခြင်နိုင်စွမ်းအားလည်း လိုအပ်တယ်။
ကားမရပ်ရတဲ့ နေရာမှာ ရပ်ထားကြတဲ့ကားတွေ။ ၉ခ/၉၉၉၉ ကစလို့ ရဲကားအထိ စည်းကမ်း မလိုက်နာကြလေတော့ ပြည်သူတွေ စည်းပျက်ကမ်းပျက်ဖြစ်တာ မဆန်းပါဘူး။ ဘာမဟုတ်တဲ့ နေရာလေးမှာတောင် လူတွေဟာ အခွင့်ထူးခံ လူတန်းစား ဖြစ်ချင်ကြတယ်။ ၁၁၅ မိုင် နားနေစခန်း။ (၉ခ/၉၉၉၉ ဘယ်သူ့ကားလဲဟင်)
သြဇီမှာ လာနေတဲ့ တခြားနိုင်ငံသား ဘာသာခြားတွေနဲ့ ပတ်သက်လို့ သြဇီဝန်ကြီးချုပ် ဂျူလီယာဂီးလတ်ရဲ့ ပြတ်သားတဲ့ မိန့်ခွန်းဆိုတဲ့ဟာ တစ်ခုကို လူအတော်များများ Share လုပ်နေကြ Like လုပ်နေကြတာ တွေ့ရပါတယ်။ ရုတ်တရက် ဖတ်ကြည့်လိုက်ရင်တော့ လက်ငင်း အခြေအနေတွေအရ သဘောကျချင်စရာ နှစ်ခြိုက်ချင်စရာ၊ ပြတ်သားတယ်လို့ ထင်စရာ မိန့်ခွန်းတစ်ခုမို့ လူတွေ မစူးစမ်းမိဘဲ ကြိုက်ကြတာ သိပ်တော့ အထူးအဆန်း မဟုတ်ပေမယ့် ပြဿနာက အဲဒီဟာကြီးက အတုကြီး ဖြစ်နေတာပါပဲ။ သူမက ဒါမျိုးကို ဘယ်နေရာ ဘယ်အချိန်မှာ ပြောခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထားလည်း မရှိပါဘူး။ ဒီလို ကမ္ဘာ့ထိပ်သီး ခေါင်းဆောင်မျိုးဟာ ဒါမျိုး အရေမရ အဖတ်မရ စကားမျိုးကို မပြောကြပါဘူး။ ဘယ်နိုင်ငံရေးသမားမှ ကိုယ့်သေတွင်း ကိုယ်တူးမယ့် စကားမျိုး မပြော တတ်ကြပါဘူး။ ဒါဟာ Hoax News ကြီး တစ်ခုပါ။ Google မှာတင် ဟုတ်မဟုတ် ရှာကြည့်နိုင်ပါတယ်။ ဒီအကြောင်းကို ကျွန်တော့် မိတ်ဆွေတွေ ထဲကတောင် သတိမမူ ဂူမမြင်ဖြစ်ပြီး သဘောကျကြ ထပ်ရှဲကြတာတွေ တွေ့ရပါတယ်။ ဒီတော့ အင်တာနက်မှာ တစ်ခုခုတွေ့တိုင်း မယုံလိုက်ပါနဲ့။ စစ်ဆေး ဆင်ခြင် သုံးသပ်ကြပါဦး။
28 July 2012
ခင်ဗျားတို့တွေ တစ်ခါလာလည်း နောင်တော်ပါတီ တစ်ခါလာလည်း နောင်တော်ပါတီကြီးတွေနဲ့ ခင်ဗျားတို့ မုဆိုးမကို -ီး နဲ့ ခြောက်လို့ မရသလို ကျွန်တော်တို့ကိုလည်း ခြောက်လို့ မရဘူးဗျ~ သုံးပါတီညီညွတ်ရေးကွန်ဖရန့်အပြီး သခင်စိုးက သခင်သန်းထွန်းကို ဒေါသတကြီး ပြန်ကြားချက်။ ဘခက်အကြောင်း။ စာ-၁၄၀
အခု နောက်ဆုံးထွက်တဲ့ ရဲဘော်ဘခက်ရဲ့ ဘခက်အကြောင်း စာအုပ်ထဲ အမျိုးနာမည်တွေ ပြန်တွေ့နေရတယ်။ ဗိုလ်ချုပ်မှူးကြီး ဆိုတာ ဦးစောမောင် လက်ထက်မှ မဟုတ်ဘူး။ ဗကပ လက်ထက်က စတာပဲ။ သခင်သန်းထွန်းက ဗိုလ်ချုပ်မှူး ရာထူးတဲ့ဗျ။ ပြည်ခရိုင် ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က တပ်မှူးကြီး ဗိုလ်မင်းနိုင်ဆိုတာ အမျိုးရင်းကြီး။ နောက်ပိုင်းတော့ အလင်းဝင်ပြီး ကုန်သွယ်ရေး အဖွဲ့ဝင် ဖြစ်သွားသပေါ့။ သားသမီးတွေ အားလုံးက ပညာတတ်တွေ ဆရာဝန်တွေချည်းပဲ။ သားတစ်ယောက်ကို ရုရှား နာမည်မှည့်ထားတာ ယူရီမော်ဇင်နိုင်တဲ့။ သူလည်း ဆရာဝန်ဖြစ်ပြီး တောခိုသွားလိုက်ရာက နောက်ပိုင်း အဖမ်းခံရတယ်။ ထောင်ထဲမယ် အကြာကြီး နေလိုက်ရတယ်။ ဗကပ ပြည်သူ့ တပ်မတော်အောက်မှာ တပ်မကြီး ၄ ခုရှိတယ်။ တပ်မကြီး(၁) အောက်က တပ်မဟာ(၁)ရဲ့ တပ်မဟာမှူး ဗိုလ်မှူးကြီးမင်းဒင် ကလည်း အမျိုးကြီးပဲ။ အဖေဘက်က တော်တယ်။ သူ့သားတစ်ယောက်က ဦးမောင်မောင်သိမ်းတဲ့ သမီးက မမချိုချိုတင်တဲ့။ ဦးမောင်မောင်သိမ်း ကတော့ တောခိုသွားတာ အခုထိ ပြန်လာတဲ့ အထဲတော့ မကြားမိသေးဘူး။ ပေါက်ခေါင်းဆိုတာ ဗကပရဲ့ အခြေစိုက် စခန်းကြီး ဖြစ်ခဲ့ပေမယ့် ကိုယ့်အမျိုးတွေထဲက ဖြုတ်ထုတ်သတ် တွေထဲ မပါခဲ့တာ တော်သေးတယ် ပြောရမယ်။
27 July 2012
ဦးအောင်သိန်းလင်းရဲ့ အင်တာဗျူးကို ပြန်ဖတ်ဖြစ်တယ်။ အဲဒီအထဲက တရုတ်ဟာ မြန်မာတွေရဲ့ ထာဝရမိတ်ဆွေပါ။ အမြဲတမ်း မြန်မာဘက်က ရပ်တည်ပေးခဲ့တယ်။ ငါတို့ ဒုက္ခတွေ့ချိန်တွေမှာ ကူညီခဲ့တာတွေ ဟာလည်း မင်းတို့ပါပဲ စတဲ့ စကားတွေက မှန်တော့မှန်နေတာပဲ။ ဒါပေမယ့် မှန်တယ်ဆိုတာက အစိုးရ အတွက်ပဲ ဖြစ်လိမ့်မယ်။ ပြည်သူလူထု အတွက်တော့ မဟုတ်ဘူး။ အနည်းဆုံး မြန်မာပြည်သူတွေ တရုတ်ပစ္စည်းတောင် Quality ပစ္စည်း မသုံးခဲ့ရဘူး။ ဦးသိန်းစိန်က သမ္မတ လုပ်ပိုင်ခွင့် အာဏာနဲ့ မြစ်ဆုံကိစ္စကို ရပ်လိုက်တော့ ဟိုက ဒေါသထွက်တဲ့အခါ ဒုသမ္မတ လုပ်တဲ့သူက အပြေးအလွှား သွားပြီး တောင်းပန်ခဲ့ရရှာတာပဲ။ တရုတ်ကို အဖေတော်ထားတဲ့ ကိစ္စကို ရှင်းဖို့က ဒီကာလက အကောင်းဆုံးပဲ။ ခုရှုပ်မှ နောင်ရှင်းပဲ။
မြစ်ဆုံလို ပမာဏရော အရင်းအနှီးပါ ကြီးမားတဲ့ စီမံကိန်းမျိုးကို အိမ်နီးချင်း တရုတ် တစ်ယောက်ထဲကို ပေးလိုက်တာဟာ ကိုယ့်အန္တရာယ် ကိုယ်မမြင်တာပဲ။ နောင်မှာ ပြဿနာပိုရှုပ်ထွေးနိုင်တယ်။ တစ်နေ့နေ့မှာ လုံခြုံရေး အခြေအနေအရလို့ အကြောင်းပြပြီး တရုတ်က တပ်တော်တစ်ခု အတင်းအဓမ္မ လွှတ်လိုက်ရင်တောင် မြန်မာတွေ တွန်းလှန်နိုင်ပါ့မလား။
24 July 2012
တစ်သက်လုံး တရားဓမ္မထဲမှာ ဘဝင်မကျခဲ့တဲ့ ကိစ္စတစ်ခုရှိတာ ဘာလဲဆိုတော့ လှူဒါန်းတာချင်း အတူတူတောင် သာမန်လူကို လှူဒါန်းတာထက် အကျင့်သီလရှိတဲ့ ပုဂ္ဂိုလ်၊ ရဟန်းကို လှူဒါန်းတာ ပိုမြတ်သတဲ့၊ ဒီထက်ပိုပြီး ဘုရားရှင်ကို လှူဒါန်းတာ ပိုမြတ်တယ် ဆိုတာပဲ။ ကိုယ်တစ်သက်လုံး စိတ်ထဲ စွဲလာတာက ကိုယ့်အလှူဟာ ဘယ်သူ့ကို လှူလှူ စိတ်သာ အဓိကမို့ အဲဒါတွေက အရေးမကြီးဘူးလို့။  ဒီနေ့မှာ အကြောင်းကိစ္စတစ်ခု ကြုံလို့ တွေးမိရာက ပညာရှိများ၊ အကျင့်သီလ ရှိသူများဟာ သာမန်လူထက် သူတထူးရဲ့ ကျေးဇူးကို ပိုသိတတ်တယ်၊ ဘဝကို အကျိုးရှိရှိ ဖြတ်သန်းတတ်တယ်တာကို သတိပြုမိခဲ့တယ်။ သူလုပ်သမျှ အလုပ်တိုင်းကလည်း သာမန်လူတွေထက် ပိုပြီး အဓိပ္ပာယ် ရှိမှာပဲ။ စဉ်းစားဆင်ခြင် ဆုံးဖြတ်နိုင်စွမ်းအား ကောင်းတဲ့ အတွက်လည်း ကိုယ်လှူလိုက်တဲ့ အလှူအပေါ်မှာ ပိုပြီး အကျိုးရှိရှိ အသုံးချမှာပဲ။ လှူဒါန်းသူ အပေါ်လည်း အဖန်တလဲလဲ ကျေးဇူးဂုဏ်ကို ပွားများတတ်မှာပဲ။ သာမန်လူတွေ္မှမှာတော့ ကျေးဇူးသိတတ်ခြင်း၊ ကျေးဇူးဂုဏ်ကို ပွားများခြင်း၊ အကျိုးရှိအောင် အသုံးချခြင်းတွေ နည်းပါးတာမို့ လူ့ဘောင်လောကဟာ တဖြည်းဖြည်း အပျက်အစီးတွေ များလာကြတယ် ဆိုတဲ့အကြောင်းတွေ ဆက်စပ် စဉ်းစားမိပြီး နားလည်သွားတယ်။ ဒီလို ဖြတ်ခနဲ နားလည်သွားတဲ့ အရာလေးဟာ စာအုပ်ပေါင်း ထောင်သောင်း ဖတ်လို့ ရလာတာနဲ့လည်း မတူဘူး။ တစ်သက်လုံး စိတ်ထဲမယ် တင်းထားတဲ့အစွဲ လင်းခနဲဖြစ်ပြီး တိခနဲကို ဖြတ်ချသွားတော့တယ်။ အင်မတန်မှန်သော ဘုရားစကားပါတကား ဝိစိကိစ္ဆာတစ်ခု ပြတ်သွားလေတယ်။ (လှူတယ်ဆိုတဲ့ စကားပဲ ခေါင်းထဲပေါ်လာလို့ အဲဒါကို သုံးလိုက်မိတာပါ။ တကယ်က အဲဒါတစ်ခုထဲကိုပဲ ရည်ညွန်းချင်တာတော့ မဟုတ်ပါဘူး။ ဒီလိုလေးနဲ့လည်း သက်ဆိုင်ပါတယ်။ ဥပမာ- ကလေးနှစ်ယောက်ရှိတယ်။ တစ်ယောက်က ပင်ကိုယ် စာတော်တယ် တစ်ယောက်က ပင်ကိုယ် စာညံ့တယ်။ နှစ်ယောက်စလုံးက နွမ်းပါးတယ်။ ကိုယ်က နှစ်ယောက်စလုံးကို ကူညီမယ်ဆိုရင် နှစ်ယောက်စလုံး အတွက် အကျိုး ရှိမှာ အသေအချာပါပဲ။ ဒါပေမယ့် စာညံ့တဲ့သူဆိုရင် ကျောင်းပြီးသွားရုံလောက်သာ ဖြစ်နိုင်ပေမယ့် စာတော်တဲ့သူအတွက် ပညာရှင်အထိ ဖြစ်လာပြီး လောကကောင်းကျိုး ပိုပြုနိုင်သူ ဖြစ်လာနိုင်မယ် ထင်ပါတယ်။ ကူညီသူအတွက် အတူတူ ဖြစ်နိုင်တာတောင် သူတို့ နှစ်ယောက်စီက ပြန်ထွက်လာတဲ့ Impact က ကွာခြား နိုင်တာကို ဆိုချင်တာပါ။ အဲဒီ Impact ဟာ ကိုယ့်အတွက်လည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ ဘုန်းကြီး ရဟန်းကိုမှလှူရမယ်လို့လည်း မဟုတ်ပါဘူး။ တကယ်တော့ လှူဒါန်းတာတစ်ခုထဲကိုလည်း ရည်ရွယ် ပြောချင်တာတော့ မဟုတ်ဘူး။ ကျွန်တော် နားလည်သွားတဲ့ အရာကို သေချာ ရှင်းရှင်းလင်းလင်း မပြောတတ်လို့ပါ။)
23 July 2012
ဘုံဘေဘားမား ကုမ္ပဏီကနေ သူတို့ဆီမှာ တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူသွားတဲ့ Berkeley John Byron Stephens Esquire ဆိုတဲ့ ပုဂ္ဂိုလ်ကြီးကို လက်ဆောင်ပေးခဲ့တဲ့ ရှေးမြန်မာ့ ငွေထည်လက်ရာ။ ကြောက်ဖို့တောင်ကောင်းတယ်။ ကိုယ့်ဆီက သူဌေးတွေ ဒါမျိုးတွေ စိတ်မဝင်စားကြတာလည်း ဝမ်းနည်းစရာ။ http://www.michaelbackmanltd.com/1691.html
21 July 2012
စာအုပ်ဆိုင်မယ် တင်နိုင်တိုး စာအုပ်အသစ် တစ်အုပ် တွေ့ခဲ့တယ်။ နိုင်ငံတော် လုပ်ကြံမှု အကြောင်း သတင်းစာတွေထဲ ပါတဲ့ နောက်ဆက်တွဲ သတင်းတွေ။ အဲဒါတွေတော့ သိပ်ဖီးလ်မလာတော့လို့ မဝယ်ခဲ့ပေမယ့် နောက်ဆုံးနားမှာ စိတ်ဝင်စားစရာ သတင်းလေး ပါတယ်ဗျ။ ဗိုလ်ချုပ်တို့ သေပြီး မန္တလေးမှာ လူဝင်စားပြန်ဖြစ်သတဲ့။ ဝင်စားတာကမှ ဗိုလ်ချုပ်ရယ် မိုင်းပွန်စော်ဘွားကြီးရယ် အမွှာညီဆိုပဲ။ ရဲအောင်နဲ့ ရဲမောင်တဲ့။ စိတ်ဝင်စားသူများ ဖတ်ကြည့်နိုင်အောင် ညွှန်းတာပါ။ အခုအချိန်တော့ ဦးရဲအောင်နဲ့ ဦးရဲမောင်ခမျာ သူဌေးပဲ ဖြစ်နေမလား မသိဘူးရယ်။
20 July 2012
ဗိုလ်ချုပ်ပုံနဲ့ ကြပ်ထုပ်နေတဲ့ ဖင်ပိုင်ရှင် အမျိုးသမီးလေးက တကယ့် Compromise ဖြစ်တာပဲ။ ဒါဟာ အနုပညာမှာ အလင်းအမှောင်ကို ပြတဲ့သဘော။ ဖိုမကို ပြတဲ့သဘော။ ဒါရိုက်ရှင်ကို ပြတဲ့သဘော။ နှစ်ယောက်စလုံး မတ်တပ်ရပ်နေပေမယ့် ဗိုလ်ချုပ်က မြင့်နေတာကိုက အနိမ့်အမြင့်သဘော။ ဗိုလ်ချုပ်က ခပ်ပွပွ အဝတ်အစားဝတ်ထားပေမယ့် ကောင်မလေးက ကြပ်ထုပ်လေး။ ဒါကိုက ဆန့်ကျင်ဘက်တွေ အားပြိုင်သွားတာ။ ဓာတ်ပုံအနေအထားကတော့ ကင်မရာနဲ့ ရိုက်ထားတာမျိုးထက် တပ်ဘလက်လို ဟာမျိုးနဲ့ ရိုက်ထားလို့ ရှည်မျောမျော ဖြစ်နေလေရဲ့။ ကောင်မလေးက အလေးပြုနေတာမဟုတ်ဘူး၊ ရှိခိုးနေတာ မဟုတ်ဘူး လက်ထဲက ဖုန်းနဲ့ ဓာတ်ပုံရိုက်နေသလိုပဲ။ အို ဘာပဲဖြစ်ဖြစ် Centre of focus လေးကတော့ မိပါတယ်ဗျာ။ ပုံကြီးလေး ကူးထားလိုက်တယ်။ :)
19 July 2012
လွှတ်တော်ထဲက အမတ်တွေအကြောင်း Biography အကျဉ်း စာအုပ်လေးတွေ ကန့်သတ်နဲ့ ထွက်တယ်။ PDF အနေနဲ့တော့ ရှိပါတယ်။ ဒါပေမယ့် သိပ်မသေသပ်ဘူး။ တကယ်တော့ ဒီစာအုပ်တွေကို အပြင်ကိုလည်း ထုတ်ပေးသင့်တယ်။ ဒါမှ ပြည်သူပြည်သားအားလုံး အမတ်တွေအကြောင်း သေသေချာချာ သိရမယ်။ ဒါမှ ကိုယ်မဲပေးသင့်တဲ့သူ ထောက်ခံသင့်တဲ့သူတွေကို ပိုသိလာမယ်။
ဦးသိန်းညွန့် မတရားအသင်းများအက်ဥပဒေ (၁၉၀၈ ခုနှစ် အိန္ဒယအက်ဥပဒေ-၁၄) ကို ရုပ်သိမ်းသည့် ဥပဒေကို တင်သွင်းတာကို ချွင်းချက်မရှိ ထောက်ခံတယ်။ ဒါကို ကျားဖြူက ဒေါ်နန်းနုဝါ ထပ်ဆင့် ဆွေးနွေးတာမှာလည်း အတော်လေး ချီးကျူးဖွယ်ရာဖြစ်တယ်။ ဒီအမျိုးသမီး ဘာမှန်းမသိပေမယ့် ထူးထူးခြားခြားနှစ်နေရာမှာ မြင်လာရပြီ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဒီအဆိုကို အလေးအနက် စဉ်းစားစရာလို့ မြင်လာပြီး အဲဒီ ဥပဒေကို ဖျက်သိမ်းဖို့ တောင်းဆိုတာထက် အကျယ်ဆွေးနွေးဖို့ ပြင်ဆင်တောင်းဆိုမလား လို့ သဘောထား မေးမြန်းတာဟာ လှပတဲ့ အချက်ဖြစ်ပြီး အဲဒါကို ဦးသိန်းညွန့်က ဥက္ကဋ္ဌကြီးပြောတဲ့ဟာ အင်မတန်သင့်မြတ်တဲ့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးရဲ့ သဘောထားကို ကျွန်တော် လုံးဝသဘောတူပါတယ်လို့ ပြန်ပြောလိုက်တဲ့ အချက်ဟာ ပိုမို လှပတဲ့ နိုင်ငံရေး မျက်ကွင်းတစ်ခုလို့ ထင်မိပါတယ်။
18 July 2012
ကွန်ဟိန်းက ကျားဖြူပါတီအမတ် ဒေါ်နန်းနုဝါကို ဘာလို့ NLD အသိုင်းအဝိုင်းကလူတွေ ဝိုင်းကစ်နေကြတယ် မသိဘူး။ ကြံ့ဖွတ်ကလည်း မဟုတ်ဘူး။ သူတောင်းဆိုတာလည်း ကောင်းတဲ့ တောင်းဆိုမှုပဲ ဘာဖြစ်နေလို့လဲ။ ပုဂ္ဂလိက ပြဿနာတွေ ရှိလို့လား။ Sanction ဆက်မတိုးဖို့ လွှတ်တော်အနေနဲ့ ဆန္ဒပြုသင့်ကြောင်း တောင်းဆိုတာ ဘာဖြစ်လဲ။ တော်တော် အံသြနေမိတဲ့ ကိစ္စတစ်ခုပါ။ ကျားဖြူကို သွားမလုပ်သင့်ဘူး။ ဘယ်တိုင်းရင်းသားမှ ဆရာကြီး လုပ်ချင်တဲ့ ဗမာကို မချစ်ဘူးဆိုတာ မသိဘူးလား။ ဒီအတိုင်းဆက်သွားရင်၂၀၁၅ မှာ ရခိုင်နဲ့ ရှမ်း မဲရလဒ် တစ်မျိုး ပြောင်းကုန်လိမ့်မယ်။
မြန်မာ့နိုင်ငံရေးသမိုင်းမယ် သေသွားတဲ့ လူတွေကလွဲလို့ ကျန်တဲ့ လူတွေထဲ နာမည်ကောင်း ရတဲ့သူဆိုတာ လက်ချိုးရေလို့တောင် ရတယ်။ ဆက်သာ အသက်ရှင်ခဲ့ရင် ကိုးယောက်မှာ အနည်းဆုံး ခုနှစ်ယောက် လောက်ကတော့ မြန်မာ့နိုင်ငံရေး လောကရဲ့ နာမည်ပျက် စာရင်းထဲ ဝင်သွားနိုင်တယ်။
15 July 2012
ကိုယ်ခံစွမ်းအားကောင်းရင် တော်ရုံတန်ရုံ ဘယ်ရောဂါမှ ကြောက်နေဖို့ သိပ်မလိုပါဘူး။ ကိုယ်ခံစွမ်းအား မကောင်းရင်သာ ရာသီဥတုလေး နဲနဲပြောင်းတာနဲ့တင် ဖျားတတ်နာတတ်တာပဲ။ အဲဒါ ဘယ်သူမှ လုပ်ပေးလို့ မရတဲ့ ကိုယ့်ကိုကိုယ် လေ့ကျင့် ပြုစု စောင့်ထိန်းရတဲ့ အရာပဲ။
14 July 2012
FM လေး ကောက်ဖွင့်လိုက်ပါတယ်။ 88.6 Mhz ဆိုလားပဲ။ မင်္ဂလာပါ သဇင်ကိုသဘောကျ နှစ်ခြိုက်ကြတဲ့ ပရိသတ်များရှင်တဲ့။ ဒါ ငါ့ကို စော်ကားတာပဲ ဆိုပြီး တောက်ခနဲ ပြန်ပိတ် ပစ်လိုက်တယ်။
12 July 2012
ညက သူငယ်ချင်းတွေနဲ့ သမဂ္ဂ တစ်ခု ထောင်တဲ့ကိစ္စ ပြောဖြစ်တယ်။ ပြဿနာက သူတို့ လုပ်ချင်စိတ်ရှိတာလည်း မှန်တယ်။ လုပ်သင့်တာလည်း ဟုတ်တယ်။ ရှိလည်း ရှိသင့်တယ်။ ဒါပေမယ့် ဒီဟာ ပေါ်ပေါက်လာဖို့ အားကြိုးမာန်တက် လုပ်မယ့်လူ တစ်ယောက် နှစ်ယောက် မဟုတ်ဘူး အတော်များများ လိုအပ်တယ်။ အချိန်အတိုင်းအတာ တစ်ခုလည်း ပေးရမယ်။ နောက်တစ်ခုက စည်းရုံးရေး။ စည်းရုံးရေးလုပ်တယ် ဆိုတာ အပြောအဆို ခံနိုင်ရမယ်၊ မျက်နှာထား ချိုရမယ်၊ ရည်ရွယ်ချက်ကို တိတိပပ ထိထိရောက်ရောက် ပြောဆိုနိုင်ရမယ်။ လိုအပ်ရင် ငွေကြေးကို လက်မတွန့်ဘဲ သုံးစွဲသင့် သုံးစွဲရမယ်။ သူတို့က ဒေါ်လာ သုံးလေးထောင်စားတွေဆိုတော့ အလုပ်ကလည်း အပျက်မခံနိုင်ကြဘူး။ ဘယ်လောက် စိတ်စေတနာပါပါ၊ ဦးတည်ချက်ကောင်းကောင်း ဦးဆောင် လုပ်ကိုင်တဲ့ သူတွေက ကာလတစ်ခုကြာ အနစ်နာခံ ဆောင်ရွက်ပြမှ တခြားသူတွေကလည်း လိုက်ပါချင်လာမယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက အသစ်လုပ်ဖို့ လိုသလား။ အသစ်လုပ်ဖို့ လိုအပ်ရင် အသစ်ဟာ အဟောင်းနဲ့ ဘယ်လို ကွဲပြားသလဲ ဆိုတဲ့ ကွာခြားချက်ကို မြင်သာထင်ရှားအောင် ပြရမယ်။ နောက်ဆုံး တရားဝင်အဖွဲ့အစည်း ဖွဲ့စည်းမယ်ဆိုရင် အခြားအဖွဲ့တွေ အားလုံးကို အချိန်တိုင်း ကန်နေလို့ မရဘူး တချို့နေရာတွေမှာ လိုက်လျောသင့်တာ လိုက်လျော ငြင်းသင့်တာငြင်း ကန့်ကွက်သင့်တာ ကန့်ကွက်ရမယ်လို့ မြင်မိတယ်။
9 July 2012
မနေ့ညက မိုးတွေကလည်း ရွာနေချိန် ကားမှန်တွေ အကုန်တင်ပြီး မောင်းလာတာ သီချင်းဖွင့်လိုက်တော့ ကိုအံ့ကြီး ဆိုထားတဲ့ တူရိယာလုလင် ဆိုတဲ့ သီချင်း မန္တလေး FM က လာတယ်။ စန္ဒယား တစ်ခုထဲနဲ့ ဆိုထားလိုက်တဲ့ Jazz စတိုင်လေး ကောင်းလိုက်တာဗျာ။ အသံကလည်း ကြည်တောက်နေပြန်ရော။ နောက်ပိုင်း ပြန်ဆိုကြတဲ့လူတွေရော ပြန်တီးကြတဲ့ လူတွေရော အရမ်းညံ့တာပဲ။
7 July 2012
ဒီပုံမှာက ကျွန်တော် ဖျက်ထားပေးတာ။ News Watch Journal က ပုံထဲမှာတော့ ကလေးကို ပေါင်ကားခိုင်းပြီး အင်္ဂါနှစ်ခုလုံး ပြထားတယ်။ မိဘတွေဟာ အကူအညီလိုလို့၊ အသိဥာဏ်နည်းပါးလို့၊ နောက်ဆက်တွဲ ဇာတ်လမ်းတွေ မသိလို့ ဒါမျိုး ပေးရိုက်တယ် ထားပါတော့။ ဒါမျိုးကို ဂျာနယ်ထဲမှာ ဖော်ပြရလားဗျာ။ ကိုယ့်ကလေးကို ဒီလို ရိုက်ပြီး ဖော်ပြရင် ကြိုက်မလား တွေးကြည့်သင့်တယ်။ (အင်္ဂါနှစ်ခုပါ ကလေးငယ်တစ်ဦး မွေးဖွား သတင်းနှင့် စပ်လျဉ်း၍)
5 July 2012
မိန်းမတွေဟာ ယောက်ျားတွေထက် ဘုရားတရား ပိုလုပ်ကြ ပိုကြည်ညိုကြတယ်။ ဝေယျာဝစ္စဆိုလည်း ပိုပြီး လုပ်နိုင် ကိုင်နိုင်ကြတယ်။ ဒီလိုနဲ့ ကြာလာတော့ ဘုန်းကြီးတွေဘေး ကြည့်လိုက်ရင် မိန်းမတွေ တရုံးရုံးနဲ့ အများအမြင်မှာ မတင့်တယ်တော့ဘူး။ ဟိုခရီးသွားလည်း လိုက်ရတာနဲ့ ဒီခရီးသွားလည်း လိုက်ရတာနဲ့။ ရယ်တော့ ရယ်ရတယ်။
4 July 2012
JBRS ထဲက စာစောင်လေးတစ်ခု ပြန်ရှာနေတယ်။ မြန်မာပြည်က ဆရာကြီး တစ်ယောက်ပဲ (ဦးရွှေဇံအောင် ထင်မိတယ်) သူက မြန်မာစကားလုံးတွေရဲ့ ရင်းမြစ်ကို အသံစွဲပြီး ဒါကတော့ ဘယ်နိုင်ငံရဲ့ စကားလုံးက ယူသုံးတာ၊ ဒီဟာကတော့ ဘယ်နေရာက ဖြစ်မယ် ဆိုပြီး ခန့်မှန်းချက် အတွေး သက်သက်တွေနဲ့ ပညာရပ်ဂျာနယ် JBRS ထဲ ထည့်ရေးလိုက်တယ်။ သိပ်မကြာပါဘူး လန်ဒန်က မြန်မာစာပညာရှင် ဒေါက်တာလှဘေက JBRS ထဲ နာမည်တပ်ပြီးတော့ကို အဲဒီပုဂ္ဂိုလ်ဟာ သူကျွမ်းကျင်တဲ့ နယ်ပယ်မှာ ဆရာတစ်ဆူ ဖြစ်ပေမယ့် မြန်မာစကားနဲ့ ပတ်သက်ပြီး Linguistic သဘောတရား မသိဘဲ ခန့်မှန်းချက် သက်သက်တွေနဲ့ မရေးသင့်တဲ့အကြောင်း ပေါ်တင်ကို ချဲပါလေရော။ ဖတ်မိသလောက် အဲဒီ ပုဂ္ဂိုလ်ကြီးဟာ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေ ဘယ်တော့မှ ထပ်မရေးတော့ဘူး။ နှစ်ယောက်စလုံး လေးစားစရာ ကောင်းပါတယ်။ ပြန်ရှာတွေ့ရင် တင်ပေးမယ် :)
3 July 2012
ဗမာဖြစ်ဖြစ် မြန်မာဖြစ်ဖြစ် ကျွန်တော့် အနေနဲ့ကတော့ ဂရုမစိုက်ပါဘူး။ Standardization တစ်ခုကိုတော့ လိုက်နာရမယ် ထင်တယ်။ မြန်မာပြည်မှာ ဖြစ်နေတာဟာ Standardization တိတိကျကျ မပြဋ္ဌာန်းနိုင်တာပဲ။ တို့၊ ဒို့၊ ကျွန်တော်၊ ကျတော်၊ မြန်မာ၊ ဗမာ ခေတ်အဆက်ဆက် ငြင်းခုံနေကြတာနဲ့ကို မပြီးနိုင်တော့ဘူး။ ပညာရှင်တွေကိုယ်တိုင်ကလည်း ဟိုးတုန်းကတည်းက Democracy စနစ်နဲ့ အသားမကျလေတော့ ပညာရှင်အဖွဲ့တစ်ခု ဖွဲ့စည်းပြီး သဘောတူကြတဲ့ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းလိုမျိုး Standardization ကိုတောင် လိုက်နာသင့်တယ်ဆိုတာ လက်မခံနိုင်ဘဲ ဦးနေဝင်းကြီး အပြစ်တင် ဆဲနေပြီး ခဲလုံးကြီးကိုတော့ ခေါင်းပေါ် ရွက်နေကြသေးတယ်။ အဲဒါဟာ ဘာအလုပ်မှ မဖြစ်ပါဘူး။ ဒီအတွက် တိုင်းပြည်မှာ ဘာပဲဖြစ်ဖြစ် တိတိကျကျ စနစ်တစ်ခုရှိရမှာကို ကျွန်တော် လက်ခံတယ်။ ပုဂ္ဂလိက အမြင်နဲ့ ခင်ဗျား ဘယ်လိုမျိုး ယူဆသလဲ မေးရင် ဖတ်ထားတဲ့စာတွေ မကိုးကားဘဲ Common Sense တစ်ခုလောက် ပြောပြချင်ပါတယ်။ ဟိုးတုန်းက ဒီတိုင်းပြည်ကြီးထဲမယ် တိုင်းရင်းသားပေါင်းစုံ နေထိုင်ခဲ့ကြတယ်။ ယိုးဒယားကို သွားသွားတိုက်လို့ ယိုးဒယားတွေက ဖမ ဆို သိပ်မုန်းတယ်။ အဲဒီ ဖမတွေဟာ ယိုးဒယားတွေတင် မဟုတ်ပါဘူး ရခိုင်တွေကိုလည်း သွားတိုက်တာပဲ။ ရှမ်းကိုလည်း တိုက်တာပဲ။ မွန်ကိုလည်း တိုက်တာပဲ။ တစ်နိုင်ငံလုံးကို ဘုရင်လုပ် အုပ်ချုပ်နေတာလည်း ဖမတွေပဲ။ ရှမ်းစော်ဘွားတွေကလည်း ဗမာဘုရင်လို့ခေါ်တယ်။ ရခိုင်တွေကလည်း ဗမာဘုရင် ရခိုင်ကို ကျူးကျော်ပြီး မဟာမြတ်မုနိဘုရား ယူသွားခဲ့တာလို့ သမိုင်းထဲ အထင်အရှားရှိတယ်။ အဲဒီလို တိုင်းပြည်ကို ကြီးစိုးထားသူ ဖမတွေ ယိုးဒယားကို စစ်သွားတိုက်ရင် လက်အောက်ခံ ရှမ်းတွေ၊ မွန်တွေကလည်း လိုက်ရတာပဲ။ သူတို့ကိုယ်တိုင်က ယိုးဒယားကို သွားတိုက်ကြတာ မဟုတ်ဘူးနော်။ ဖမဘုရင်ကို မငြင်းသာလို့ တိုက်ရတာ။ ဒါပေမယ့် ရှမ်းလာတိုက်တယ်၊ မွန်လာတိုက်တယ်လို့ မပြောဘူး။ ဖမတွေ လာတိုက်တယ်လို့ပဲပြောတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဖမတွေက ရှမ်းတွေ မွန်တွေကိုလည်း သိမ်းပိုက်ထားတာကိုး။ လာတိုက်တဲ့အဓိက တရားခံကလည်း ဖမဘုရင်ကိုး။ ဒီတော့ ဖမဆိုတာ လူတွင်ကျယ် လုပ်နိုင်ခဲ့တဲ့ တိုင်းရင်းသား လူမျိုးတစ်ခုရဲ့ အမည်ဆိုတာ Common Sense နဲ့ စဉ်းစားရင်တောင် ရပါတယ်။ ဒါက ကျွန်တော့်ကိုယ်ပိုင် Common Sense အရ တွေးမိတဲ့ အတွေးပါ။ ဒါကို လက်ခံဖို့ မဟုတ်ဘူး။ Standardization ရှိဖို့ဆိုတာကတော့ လိုပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ဘဝမှာ ကိုယ်လုပ် ကိုယ်တော်မှ လူရာဝင်ပါတယ်။
2 July 2012
တခါတုန်းကပေါ့ဗျာ Lasalle SIA ကျောင်းဝင်ခွင့်ခေါ်တော့ ဒီလို ဝိုင်ယာအတ်တွေ ဖန်တီးပြီး Portfolio တင်ခဲ့တယ်။ အဲဒါနဲ့ ကျောင်း ဝင်ခွင့်ရသွားတယ်။ အဲဒီဟာတွေ ပြန်ယူလာပြီး ဦးဝိစာရနားက Energy မှာ ကားရေဝင်ဆေးတုန်း အလုပ်သမားလေးက ဝိုင်ယာတွေ လုံးထွေးနေတယ်ဆိုပြီး ဆွဲဖြောင့်ပစ်လိုက်တာ သိလိုက်တဲ့ အချိန်မှာ အားလုံး ကုန်ပြီ။ တက်လိုက်တဲ့ ပြဿနာ။ သူတို့မန်နေဂျာလားမသိဘူး ဘယ်လောက် ပြန်လျှော်ပေးရမလဲ ပြောလို့ တဆတ်ဆတ်တုန်ပြီး ကွိုင်တွေတက်။ အနုပညာဟာ အနုပညာခံစားတတ်တဲ့သူရယ် တန်ဖိုးထားတတ်တဲ့သူရယ်နဲ့မှ ထိုက်တန်တယ်။
တောက် ငါကွာ။ ပြောရင်လည်း သောက်ပြစ်တွေပဲ ပြောနေတယ် ဖြစ်မယ်။ တွမ်ခရု ဘယ်တုန်းကများ မိန်းမအသစ် ယူခဲ့တာလဲလို့ ကြောင်တောင် ကြောင်သွားတယ်။ ကိတ်ဟိုးလ်မက်စ် ဆိုလို့။ ပထမတစ်ချက် မြန်မာစာ အရေးအသားမှာ အသတ်နှစ်ခု မရှိဘူး လဒူတွေရဲ့။ ဒုတိယအချက် တစ်သက်လုံး ကြားဖူးခဲ့တဲ့ ရှားလော့ဟုမ်း ဆိုတာကြီး မေ့နေသလား လဒူများရဲ့။ လေတယ်ကွာ။ (July 2, 2012 မြန်မာ့အလင်း သတင်းစာပါ ကေတီဟုမ်းသတင်းနှင့် စပ်လျဉ်း၍)
1 July 2012
ဦးသန်းရွှေကြီးသာ တကယ်သေသွားပြီး လက်တလော ခလေးယူဖို့ စဉ်းစားနေတဲ့ ဒီမိုမမကြီး တစ်ယောက်ရဲ့ ဗိုက်ထဲ ပြန်ဝင်စားရင် ဘယ်လို လုပ်မလဲဟင်။ ကိုယ့်ကလေးဆိုတော့ ချစ်ကြမှာပဲ မဟုတ်လား။

Friday, July 13, 2012

Electronic Transaction Law of Myanmar 5/2004

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၅/၂၀၀၄)
၁၃၃၆ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါဥပဒေကို ပြဌာန်းလိုက်သည်။


အခန်း (၁)

အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

၁။ ဤဥပဒေကို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက် စေရမည် -

(က) သတင်းအချက်အလက် (Information) ဆိုရာတွင် အချက်အလက် (Data) မူရင်းစာ (Text) ပုံရိပ်သဏ္ဍာန် (Image) အသံ၊ သင်္ကေတ (Code) ကွန်ပျူတာပရိုဂရမ်၊ ဆော့ဖ်ဝဲ (Software) နှင့် အချက်အလက် အစုအဝေး (Database) တို့ ပါဝင်သည်။

(ခ) အီလက်ထရောနစ်မှတ်တမ်း (Electronic Records) ဆိုသည်မှာ သတင်းအချက်အလက် စနစ်တစ်ခုတွင် သော်လည်းကောင်း၊သတင်းအချက်အလက် စနစ်တစ်ခုမှ အခြားစနစ်တစ်ခုသို့ ပေးပို့ရေးအတွက် သော်လည်းကောင်း၊ အလင်းတန်း ဖြတ်သန်းခြင်းနည်း (Optical means) ဖြင့်ဖြစ်စေ၊ အလားတူ အခြားနည်းပညာ တစ်ရပ်ရပ်ဖြင့် ဖြစ်စေ၊ သတင်းအချက်အလက် တစ်ခုခုကို ဖြစ်ပေါ်စေသော၊ ပေးပို့သော၊ လက်ခံရယူသော သို့မဟုတ် သိုမှီးထိန်းသိမ်းသော အထောက်အထားမှတ်တမ်းကို ဆိုလိုသည်။

(ဂ) အီလက်ထရောနစ်အချက်အလက်သတင်းလွှာ Electronic Data message) ဆိုသည်မှာ အီလက်ထရောနစ် အချက်အလက် အပြန်အလှန်ပို့ဆောင်သည့် အီးဒီအိုင်စနစ် (Electronic data interchange)၊ ဖက်စ်၊ အီးမေးလ်၊ ကြေးနန်း၊ တဲလက်စ်နှင့် တယ်လီကော်ပီတို့ အပါအ၀င် အီလက်ထရောနစ် နည်းဖြင့်ဖြစ်စေ၊ အလင်းတန်း ဖြတ်သန်းခြင်း နည်းဖြင့်ဖြစ်စေ အလားတူ အခြားနည်းပညာ တစ်ရပ်ရပ်ဖြင့် ဖြစ်စေ၊ ဖြစ်ပေါ်စေသော ပေးပို့သော၊ လက်ခံရယူသော သို့မဟုတ် သိုမှီးထိန်းသိမ်းသော သတင်းအချက်အလက်ကို ဆိုလိုသည်။

(ဃ) ကွန်ပျူတာ ဆိုသည်မှာ သတင်းအချက်အလက်နှင့် မှတ်တမ်းများရယူခြင်း၊ ထားရှိခြင်း၊ တစ်နေရာမှ တစ်နေရာသို့ ပေးပို့ခြင်း၊ သိုမှီးထိန်းသိမ်းခြင်း၊ လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်ခြင်းနှင့် လိုအပ်သောအချိန်၌ ပြန်လည်ဖေါ်ထုတ်၍ အသုံးပြုခြင်းတို့ကို လည်းကောင်း၊ သင်္ချာဆိုင်ရာနှင့် ယုတ္တိဗေဒဆိုင်ရာ နည်းလမ်းများ အသုံးပြု ဆောင်ရွက်ခြင်းကို လည်းကောင်း၊ အီလက်ထရောနစ်နည်းဖြင့် ဖြစ်စေ၊ သံလိုက်ဓါတ်ဖြင့် ဖြစ်စေ၊ အလင်းတန်း ဖြတ်သန်းခြင်းနည်း ဖြင့်ဖြစ်စေ၊ အလားတူ အခြားနည်းပညာ တစ်ရပ်ရပ်ဖြင့် ဖြစ်စေ၊ ဆောင်ရွက်နိုင်သည့် ပစ္စည်း ကိရိယာကို ဆိုလိုသည်။

(င) ကွန်ပျူတာကွန်ရက် (Computer network) ဆိုသည်မှာ ဂြိုလ်တုမှတဆင့်ဖြစ်စေ၊ အခြားနည်း နည်းပညာတစ်ရပ်ရပ်မှ တစ်ဆင့်ဖြစ်စေ၊ ကွန်ပျူတာအချင်းချင်း ချိတ်ဆက်အသုံးပြုသော ကွန်ရက်စနစ်ကို ဆိုလိုသည်။

(စ) အီလက်ထရောနစ် ထိုးမြဲလက်မှတ် (Electronic signature) ဆိုသည်မှာ အီလက်ထရောနစ် မှတ်တမ်း၏ ပင်ရင်း စစ်မှန်ကြောင်းနှင့် ပြင်ဆင်မှု သို့မဟုတ် အစားထိုးမှု မရှိကြောင်းတို့ကို အတည်ပြုရန် အီလက်ထရောနစ် နည်းပညာဖြင့်ဖြစ်စေ၊ အလားတူ အခြားနည်းပညာ တစ်ရပ်ရပ်ဖြင့် ဖြစ်စေ ကိုယ်တိုင် သို့မဟုတ် ကိုယ်စား စီစဉ်ထားသည့် သင်္ကေတသို့မဟုတ် အမှတ်အသားကို ဆိုသည်။

(ဆ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ (Certification authority) ဆိုသည်မှာ အီလက်ထရောနစ် ထိုးမြဲလက်မှတ်နှင့် စပ်လျဉ်း၍ ၀န်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နိုင်ရန် ကြီးကြပ်မှုအဖွဲ့က ဤဥပဒေ ထုတ်ပေးသည့် လိုင်စင်ကို ရရှိသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ဆိုသည်။

(ဇ) သက်သေခံလက်မှတ် (Certificate) ဆိုသည်မှာ လက်မှတ်ရေးထိုးသူနှင့် ထိုးမြဲလက်မှတ် ဖန်တီးသော အချက်အလက်တို့၏ ဆက်နွယ်မှုကို သေချာစေသည့် အီလက်ထရောနစ် အချက်အလက် သတင်းလွှာ သို့မဟုတ် အခြားမှတ်တမ်းအဖြစ် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက ငှားရမ်းသုံးစွဲသူ (Subscriber) အား ထုတ်ပေးသည့် လက်မှတ်ကို ဆိုသည်။

(ဈ) မူလဆောင်ရွက်ပေးပို့သူ (Originator) ဆိုသည်မှာ အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာကို ဖန်တီးရန်ဖြစ်စေ၊ စတင်ဆောင်ရွက်ရန် ဖြစ်စေ၊ ပေးပို့ရန်ဖြစ်စေ၊ ဆောင်ရွက်သူသို့မဟုတ် ထိုသူ၏ ကိုယ်စားလှယ်ကို ဆိုသည်။ ယင်းစကားရပ်တွင် အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့် စပ်လျဉ်း၍ အခြားသူ တစ်ဦးတစ်ယောက်အတွက် ဆောင်ရွက်ပေးသည့် ကြားခံဆောင်ရွက်သူ မပါဝင်။

(ည) လက်ခံသူ (Addressee) ဆိုသည်မှာ မူလဆောင်ရွက်ပေးပို့သူက ပေးပို့သည့် အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာကို လက်ခံရရှိစေရန် ရည်ရွယ်သည့် ပုဂ္ဂိုလ်ကို ဆိုသည်။ ယင်းစကားရပ်တွင် အီလက်ထရောနစ် မှတ်တမ်းသို့မဟုတ် အီလက်ထရောနစ် အချက်အလက်သတင်းလွှာနှင့် စပ်လျဉ်း၍ အခြားသူ တစ်ဦးတစ်ယောက်အတွက် ဆောင်ရွက်ပေးသည့် ကြားခံဆောင်ရွက်သူ မပါဝင်။

(ဋ) ငှားရမ်းသုံးစွဲသူဆိုသည်မှာ သက်သေခံလက်မှတ်တွင် နည်းပညာတစ်ရပ်ရပ်အရ အမည်ဖော်ပြထားသော အီလက်ထရောနစ် ထိုးမြဲလက်မှတ် ရေးထိုးသူအမှတ်ဖြစ်ကြောင်း သတ်မှတ်ခြင်း ခံရသည့် ပုဂ္ဂိုလ် ကိုဆိုသည်။

(ဌ) ဗဟိုအဖွဲ့ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းထားသော အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဗဟိုအဖွဲ့ကို ဆိုသည်။

(ဍ) ၀န်ကြီးဌာန ဆိုသည်မှာ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနကို ဆိုသည်။

(ဎ) ကြီးကြပ်မှုအဖွဲ့ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ကြီးကြပ်မှု အဖွဲ့ကို ဆိုသည်။



အခန်း (၂)

ရည်ရွယ်ချက်များ

၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး နည်းပညာဖြင့် အထောက်အကူ ပြုနိုင်ရန်။

(ခ) အီလက်ထရောနစ် ဆက်သွယ်ရေး နည်းပညာဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးနှင့် ပညာရေးကဏ္ဍ အပါအ၀င် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်။

(ဂ) ကွန်ပျူတာကွန်ရက်ကို အသုံးပြု၍ ပြည်တွင်း ပြည်ပ ဆက်သွယ်ဆောင်ရွက်သည့် ကိစ္စများတွင် အီလက်ထရောနစ် မှတ်တမ်းနှင့် အီလက်ထရောနစ် အချက်အလက် သတင်းလွှာများ၏ စစ်မှန်မှုနှင့် ယုံကြည်စိတ်ချရမှုကို အသိအမှတ်ပြုပြီး ဥပဒေအရ အကာကွယ်ပေးနိုင်ရန်။

(ဃ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ ပြည်တွင်းပြည်ပ သတင်း အချက်အလက်များကို အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးပို့ခြင်း၊ လက်ခံဖမ်းယူခြင်းနှင့် သိုမှီးထိန်းသိမ်းခြင်းတို့ ပြုလုပ်နိုင်ရန်။

(င) ကွန်ပျူတာကွန်ရက်ကို အသုံးပြု၍ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်းပြည်ပအစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ ထိရောက်လျင်မြန်စွာ ဆက်သွယ်ပူးပေါင်းဆောင်ရွက်နိုင်ရန်။



အခန်း (၃)

သက်ဆိုင်ခြင်း

၎။ 
(က) ဤဥပဒေပါ ပြဌာန်းချက်များသည် ပြည်တွင်းပြည်ပဆက်ဆံမှု၊ လုပ်ငန်းဆက်စပ်ဆောင်ရွက်မှု၊ စီစဉ်မှု၊ သဘောတူညီမှု၊ ပဋိညာဉ်ချုပ်ဆိုမှု၊ သတင်းအချက်အလက်ဖလှယ်မှုနှင့် သိုမှီးထိန်းသိမ်းမှုများ အပါအ၀င် စီးပွားရေးနှင့် သက်ဆိုင်သော ကိစ္စရပ်တွင်ဖြစ်စေ၊ စီးပွားရေးနှင့် သက်ဆိုင်ခြင်းမရှိသော ကိစ္စရပ်များတွင်ဖြစ်စေ အသုံးပြုသည့် အီလက်ထရောနစ်မှတ်တမ်းနှင့် အီလက်ထရောနစ် အချက်အလက် သတင်းလွှာ အမျိုးအစား တစ်မျိုးမျိုးနှင့် သက်ဆိုင်စေရမည်။

(ခ) မည်သူမဆို ဤဥပဒေအရ အရေးယူနိုင်သော ပြစ်မှုတစ်ရပ်ရပ်ကို ပြည်တွင်းတွင် ကျူးလွန်လျှင် ဖြစ်စေ၊ ပြည်တွင်းမှ ပြည်ပသို့လည်းကောင်း၊ ပြည်ပမှ ပြည်တွင်းသို့လည်းကောင်း၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ ကျူးလွန်လျှင်ဖြစ်စေ ဤဥပဒေနှင့် သက်ဆိုင်စေရမည်။

၅။ ဤဥပဒေပါ ပြဌာန်းချက်များသည် အောက်ပါတို့နှင့် သက်ဆိုင်ခြင်းမရှိစေရ -

(က) အမွေဆက်ခံခြင်း အက်ဥပဒေပုဒ်မ - ၂၊ ပုဒ်မခွဲ (ဇ)တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသောသေတမ်းစာ၊

(ခ) လွဲပြောင်းနိုင်သော စာချုပ်စာတမ်းများ၊ အက်ဥပဒေ ပုဒ်မ-၁၃ တွင် အဓိပ္ပါယ် ဖွင့်ဆိုထားသော လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း၊

(ဂ) ယုံကြည်အပ်နှံမှု အက်ဥပဒေ ပုဒ်မ-၃ တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသော ယုံကြည်အပ်နှံမှု။

(ဃ) ကိုယ်စားလှယ်လွှဲအပ်ခြင်း အက်ဥပဒေအရ ပေးအပ်သော ကိုယ်စားလှယ်စာ

(င) ပိုင်ဆိုင်ခွင့်ဆိုင်ရာ စာတမ်းအမှတ်အသားများ။

(စ) တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မှတ်ပုံတင်ရမည်ဟု ပြဌာန်းထားသည့် စာချုပ်စာတမ်းများ။

(ဆ) ၀န်ကြီးဌာနက အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ကင်းလွတ်ခွင့်ပြုသော ကိစ္စများ။



အခန်း (၄)

အီလက်ထရောနစ်နှင့် ဆက်သွယ်ဆောင်ရွက်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏လုပ်ငန်းတာဝန်များ

၆။ အစိုးရအဖွဲ့သည် -

(က) ဤဥပဒေပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အလို့ငှာ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ကြီးက ဥက္ကဌအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန၊ အစိုးရဌာန၊ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အဖွဲ့ဝင်မျာအဖြစ်လည်းကောင်း ပါဝင်စေလျက် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းရမည်။

(ခ) ဗဟိုအဖွဲ့ကို ဖွဲ့စည်းရာတွင် ဒုတိယဥက္ကဌ၊ အတွင်းရေးမှူးနှင့် တွဲဘက်အတွင်းရေးမှူးတို့ကို သတ်မှတ် တာဝန် ပေးနိုင်သည်။

(ဂ) ဗဟိုအဖွဲ့ကို လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

၇။ ဗဟိုအဖွဲ့၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် -

(က) ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် တည်ဆောက်ရာတွင် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး နည်းပညာကို တစ်ဆင့်ပြီးတစ်ဆင့် ကျယ်ပြန့်စွာ အသုံးပြုနိုင်ရေးအတွက် စီမံချက်များ ချမှတ်ဆောင်ရွက်ခြင်း။

(ခ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာဆိုင်ရာ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝပြီး ကမ္ဘာလုံးဆိုင်ရာ ပေါင်းစည်းမှုဖြစ်စဉ်တွင် အဆင်သင့်ဖြစ်စေရေးအတွက် လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖေါ်ခြင်း။

(ဂ) အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ထိရောက်လျင်မြန်စွာ ပူးပေါင်းဆောင်ရွက်မှု၊ ဆက်သွယ်ဆက်ဆံမှု ပြုလုပ်နိုင်ရေးအတွက် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာဆိုင်ရာ မူဝါဒများ၊ ဥပဒေရေးရာများ၊ စံချိန်စံညွှန်းများနှင့် လိုက်လျောညီထွေ ရှိစေရန် ဆောင်ရွက်ပေးခြင်း။

(ဃ) အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ပြည်ပနိုင်ငံများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးပေါင်း ဆောင်ရွက်ခြင်း။

(င) ကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းခြင်း၊ ကြီးကြပ်ခြင်းနှင့် လမ်းညွှန်ခြင်း။

(စ) မိမိ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန် လိုအပ်သောလုပ်ငန်း အဖွဲ့များ ဖွဲ့စည်း၍ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း။

၈။ ဗဟိုအဖွဲ့သည် လိုအပ်ပါက မိမိ၏ လုပ်ငန်းတာဝန် တစ်ရပ်ရပ်ကို သင့်လျော်သည့် အစိုးရဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးအား လွှဲအပ်တာဝန် ပေးနိုင်သည်။



အခန်း (၅)

အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ကြီးကြပ်မှုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ယင်း၏လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့်များ

၉။ ဗဟိုအဖွဲ့သည် -

(က) ဤဥပဒေပါ ကိစ္စရပ်များအလို့ငှာ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဆိုင်ရာလုပ်ငန်းများကို ကြီးကြပ်နိုင်ရန် သင့်လျော်သော ပုဂ္ဂိုလ်များနှင့် ကျွမ်းကျင်သူများပါဝင်သည့် အီလက်ထရောနစ် ဆက်သွယ်ရေး ကြီးကြပ်မှုအဖွဲ့ကို ဖွဲ့စည်းရမည်။

(ခ) ကြီးကြပ်မှုအဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

၁၀။ ကြီးကြပ်မှုအဖွဲ့သည် ဗဟိုအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် အောက်ပါ လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံး ဆောင်ရွက်ရမည် -

(က) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူအဖြစ် ဆောင်ရွက်နိုင်ရန် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ထုတ်ပေးခြင်း၊ လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း။

(ခ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူနှင့် ငှားရမ်းသုံးစွဲသူတို့အကြား ဆက်သွယ် ဆောင်ရွက်ရမည့် နည်းလမ်းများကို သတ်မှတ်ခြင်း။

(ဂ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူကလုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာ ဆောင်ရွက် ရမည့် စည်းကမ်းချက်များနှင့် စံများကိုလည်းကောင်း၊ ထိုသူက ထိန်းသိမ်းရမည့် စာရင်းတွင် မှတ်တမ်းတင်ထားရမည့် အသေးစိတ် အချက်အလက်များကိုလည်းကောင်း သတ်မှတ်ခြင်း။

(ဃ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ၏ ၀န်ထမ်းများတွင် ရှိရမည့် အရည်အချင်းနှင့် လုပ်ငန်း အတွေ့အကြုံများကို သတ်မှတ်ခြင်း။

(င) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူနှင့် ငှားရမ်းသုံးစွဲသူတို့အကြား အကျိုးစီးပွားနှင့် စပ်လျဉ်း၍ ပေါ်ပေါက်သော အငြင်းပွားမှုများကို ဖြေရှင်းခြင်း။

(စ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ တစ်ဦးတည်းဖြစ်စေ၊ အခြားသက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူနှင့် ပူးပေါင်း၍ဖြစ်စေ ဆောင်ရွက်သည့် အီလက်ထရောနစ် နည်းပညာဖြင့် ဆက်သွယ် ဆောင်ရွက်ရေးစနစ် တည်ထောင်မှုကို အကူအညီပေးခြင်း။

(ဆ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက ထုတ်ဖေါ်ထားသော အများပြည်သူ အသုံးပြုမည့် အသေးစိတ် အချက်အလက်များ ပါဝင်သည့် အချက်အလက် အစုအဝေးကို ထိန်းသိမ်းခြင်း။

(ဇ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ သိုမှီးထိန်းသိမ်းထားသည့် မှတ်တမ်းစာရင်း၊ အချက်အလက်နှင့် အထောက်အထားများကို လိုအပ်ပါက ကူးယူခြင်း၊ မိတ္တူကူးယူခြင်း၊ ထုတ်နှုတ်ယူခြင်းနှင့် ယင်းတို့ကို စစ်ဆေးခြင်း။

(ဈ) ကွန်ပြုတာစနစ်တစ်ခု၏ လုပ်ငန်းလည်ပတ်မှုနှင့် ယင်းနှင့်သက်ဆိုင်သည့် ပစ္စည်းကိရိယာကို ဤဥပဒေအရ ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ အသုံးပြုနေသည် သို့မဟုတ် အသုံးပြုပြီးဖြစ်သည်ဟု သံသယဖြစ်ရန် အကြောင်းရှိပါက ၀င်ရောက်ကြည့်ရှုစစ်ဆေးခြင်း။

(ည) ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ လိုအပ်သော အချက်အလက် အထောက်အထား များကို ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ဖေါ်ထုတ်ရယူခြင်း

(ဋ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ၏ ဆောင်ရွက်ချက်များကို စစ်ဆေးခြင်းနှင့် ကြီးကြပ်ခြင်း။

(ဌ) ဤဥပဒေနှင့် ဤဥပဒေအရထုတ်ပြန်သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ကြော်ငြာစာများ၊ အမိန့်များနှင့် ညွှန်ကြားချက်များကို လိုက်နာခြင်း ရှိ/မရှိ စီစစ်နိုင်ရန် လိုအပ်သလို စုံစမ်းစစ်ဆေးခြင်း။

(ဍ) ပြည်ပနိုင်ငံများ၏ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူအား သတ်မှတ်ချက်များနှင့် အညီ အသိအမှတ်ပြုခြင်း။

(ဎ) မိမိ၏ ဆောင်ရွက်ချက်များကို သတ်မှတ်ချက်များနှင့် အညီ ဗဟိုအဖွဲ့သို့ တင်ပြခြင်း။

(ဏ) ဗဟိုအဖွဲ့ကဖြစ်စေ၊ ၀န်ကြီးဌာနကဖြစ်စေ အခါအားလျော်စွာ ပေးအပ်သည့် အခြားလုပ်ငန်း တာဝန်များကို ဆောင်ရွက်ခြင်း။

၁၁။ ကြီးကြပ်မှုအဖွဲ့သည် လိုအပ်ပါက မိမိ၏လုပ်ငန်းတာဝန်နှင့် လုပ်ပိုင်ခွင့် တစ်ရပ်ရပ်ကို အဖွဲ့ဖွဲ့စည်း၍ ဖြစ်စေ၊ ကျွမ်းကျင်သူ တစ်ဦးဦးအားဖြစ်စေ ဗဟိုအဖွဲ့၏ သဘောတူညီချက်ဖြင့် လွှဲအပ်တာဝန် ပေးနိုင်သည်။



အခန်း (၆)

သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူ

၁၂။ ပြည်တွင်းပြည်ပမှ ပုဂ္ဂိုလ်သို့မဟုတ် အဖွဲ့အစည်းသည် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူအဖြစ် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုပါက လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ကြီးကြပ်မှုအဖွဲ့သို့ လျှောက်ထားရမည်။

၁၃။ ကြီးကြပ်မှုအဖွဲ့သည် ပုဒ်မ - ၁၂ အရလိုင်စင်လျှောက်ထားချက်ကို စိစစ်ပြီး ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအား စည်းကမ်း ချက်များသတ်မှတ်၍ လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၁၄။ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူသည် -

(က) ကွန်ပျူတာဟတ်ဒ်ဝဲ (Hardware)၊ ဆော့ဖ်ဝဲနှင့် ကွန်ပျူတာလုပ်ထုံးများကို ၀င်ရောက် နှောက်ယှက်ခြင်း၊ အလွဲသုံးစားပြုခြင်းတို့ ဖြစ်ပေါ်ခြင်း မရှိစေရန် ယုံကြည်စိတ်ချရသော စနစ်ကို အသုံးပြုရမည်။

(ခ) မိမိရည်ရွယ်သော လုပ်ငန်း၏ ဆောင်ရွက်မှုနှင့် ကိုက်ညီသော ၀န်ဆောင်မှုလုပ်ငန်းတွင် သင့်လျော်သော ယုံကြည်အားထားရမှု အဆင့်တစ်ရပ်ကို သတ်မှတ်ပေးရမည်။

(ဂ) အီလက်ထရောနစ် ထိုးမြဲလက်မှတ်များ၏ လျှို့ဝှက်ထားရှိမှုကို လုံခြုံမှု နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်။

(ဃ) သတ်မှတ်ထားသော စံများကို လိုက်နာဆောင်ရွက်ရမည်။

(င) အီလက်ထရောနစ် နည်းပညာဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ သက်သေခံလက်မှတ်၏ အသေးစိတ် အချက်အလက်များကို ဖေါ်ပြရမည်။

(စ) သက်သေခံလက်မှတ် ထုတ်ပေးခြင်းနှင့် သက်ဆိုင်သော မိမိလက်တွေ့ ဆောင်ရွက်ပေးနိုင်မှုကို ဖေါ်ပြရမည်။

(ဆ) ထုတ်ပေးသည့် သက်သေခံလက်မှတ်၏ ယုံကြည်အားထားရမှုကိုဖြစ်စေ၊ တာဝန်ခံနိုင်မှု သို့မဟုတ် အာမခံနိုင်မှုကိုဖြစ်စေ၊ ယင်း၏၀န်ဆောင်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်နိုင်မှုကို ဖြစ်စေ၊ ထိခိုက်စေနိုင်သည့် အချက်များကို ဖေါ်ပြရမည်။

(ဇ) သက်သေခံလက်မှတ်တွင် ခွင့်ပြုထားသော အခြေအနေကြောင့် ဖြစ်စေ၊ ကွန်ပျူတာစနစ်၏ ချို့ယွင်းမှုကြောင့် ဖြစ်စေ ထိခိုက်မှုဖြစ်ပေါ်လာနိုင်သော အခြေအနေများရှိလာပါက -

(၁) ထိခိုက်မှုဖြစ်စေနိုင်သည့် ပုဂ္ဂိုလ်အား ဖြစ်နိုင်သည့် နည်းလမ်းဖြင့် အသိပေး အကြောင်းကြားရမည်။

(၂) အထက်ပါ အခြေအနေနှင့် ဖြစ်ပေါ်မှုများအတွက် သက်သေခံ လက်မှတ်ကို လက်တွေ့ဆောင်ရွက်ရာ၌ လိုက်နာရန် သီးခြား သတ်မှတ်ထားသည့် နည်းလမ်းများနှင့် အညီ ဆောင်ရွက်ရမည်။

(ဈ) ကြီးကြပ်မှုအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် စည်းမျဉ်းစည်းကမ်းနှင့် တာဝန်များကို လိုက်နာဆောင်ရွက်ရမည်။

၁၅။ 
(က) ပုဒ်မ-၁၃ အရ ထုတ်ပေးသည့် လိုင်စင်ကို ရရှိသော သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူသည် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရဖြစ်စေ၊ ပြည်ထောင်စုမြန်မာနိုင်ငံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရဖြစ်စေ ခွင့်ပြုမိန့်ရရှိရေးအတွက် အဆိုပြုချက်ကို တင်ပြရာတွင် ကြီးကြပ်မှုအဖွဲ့က ထုတ်ပေးသော လိုင်စင်နှင့်အတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ လျှောက်ထားရမည်။

(ခ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပုဒ်မခွဲ(က)အရ လျှောက်ထားချက်နှင့် စပ်လျဉ်း၍ လိုအပ်ပါက ကြီးကြပ်မှုအဖွဲ့၏ သဘောထားမှတ်ချက်ကို တောင်းခံနိုင်သည်။



အခန်း (၇)

ငှားရမ်းသုံးစွဲသူ

၁၆။ 
(က) ငှားရမ်းသုံးစွဲသူအဖြစ် ဆောင်ရွက်လိုသူသည် သက်သေခံလက်မှတ် ရရှိရန် သတ်မှတ်ချက်များ နှင့်အညီ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူထံ လျှောက်ထားရမည်။

(ခ) သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူသည် ပုဒ်မခွဲ(က)အရ လျှောက်ထားချက်ကို စိစစ်ပြီး စည်းကမ်းချက်များ သတ်မှတ်၍ သက်သေခံလက်မှတ် ထုတ်ပေးခြင်း သို့မဟု သက်သေခံ လက်မှတ် ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၁၇။ ငှားရမ်းသုံးစွဲသူသည် -

(က) အီလက်ထရောနစ် ထိုးမြဲလက်မှတ် ထုတ်ဖေါ်သည့်အချက်အလက်ဖြင့် တရားဝင်သော ထိုးမြဲ လက်မှတ်ကို အသုံးပြုသည့်အခါ ယင်းထုတ်ဖေါ်သည့် အချက်အလက်ကို အခြားသူများ တရားမ၀င် အသုံးပြုခြင်း မခံရစေရန် ဂရုစိုက်ရမည်။

(ခ) အီလက်ထရောနစ် ထိုးမြဲလက်မှတ်အတွက် ထုတ်ပေးထားသော သက်သေခံလက်မှတ်ကို ခွင့်ပြုထားသော သက်တမ်းကာလအတွင်း အသုံးပြုရာတွင် မိမိနှင့် သက်ဆိုင်သည့် အကြောင်းအရာများသော်လည်းကောင်း၊ ထပ်မံထည့်သွင်းရန် ဖြစ်သည့် အကြောင်းအရာများ သော်လည်းကောင်း တိကျပြည့်စုံပြီး မှန်ကန်မှုရှိစေရန် ဂရုစိုက်ရမည်။

(ဂ) အီလက်ထရောနစ် ထိုးမြဲလက်မှတ်ထုတ်ဖေါ်သည့် အချက်အလက်လျှို့ဝှက်မှု ပေါက်ကြားလျှင် ဖြစ်စေ၊ လျှို့ဝှက်မှု ပေါက်ကြားနိုင်သည့် အခြေအနေမျိုး ရောက်ရှိနေလျှင်ဖြစ်စေ၊ သက်သေခံလက်မှတ် ထုတ်ပေးနိုင်ခွင့် ရှိသူက စီစဉ်ပေးသည့် အတိုင်းသော်လည်းကောင်း၊ သင့်လျော်သည့် အစီအစဉ်ဖြင့် သော်လည်းကောင်း၊ မိမိ၏ အီလက်ထရောနစ် ထိုးမြဲလက်မှတ်နှင့် လုပ်ငန်း ဆက်စပ် ပတ်သက်နေသူများထံ နှောက်နှေးကြန့်ကြာခြင်း မရှိစေဘဲ အကြောင်းကြားရမည်။

၁၈။ ပုဒ်မ-၁၇ တွင် ဖေါ်ပြထားသော အချက်များကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် ထိခိုက်နစ်နာ ဆုံးရှုံးမှု အကျိုးဆက်များအတွက် ငှားရမ်းသုံးစွဲသူတွင် တာဝန်ရှိစေရမည်။



အခန်း (၈)

အီလက်ထရောနစ်မှတ်တမ်း၊ အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့် အီလက်ထရောနစ် ထိုးမြဲလက်မှတ်များ

၁၉။ 
(က) တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ စာဖြင့် ရေးသားရမည်ဟုလည်းကောင်း၊ လက်မှတ် ရေးထိုးရမည်ဟု လည်းကောင်း၊ ပြဌာန်းထားသည့် အကြောင်းအရာများကို အီလက်ထရောနစ်မှတ်တမ်း၊ အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့် အီလက်ထရောနစ် ထိုးမြဲလက်မှတ်တို့ဖြင့် ပြုလုပ်နိုင်သည်။

(ခ) ပုဒ်မခွဲ(က)အရ ပြုလုပ်ထားသော အီလက်ထရောနစ်မှတ်တမ်း၊ အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့် အီလက်ထရောနစ် ထိုးမြဲလက်မှတ်များသည် သက်ဆိုင်ရာ ဥပဒေအရ ပြုလုပ်ဘိသကဲ့သို့ တရားဝင်စေရမည်။

၂၀။ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့သည် အီလက်ထရောနစ်မှတ်တမ်း၊ အီလက်ထရောနစ် အချက်အလက် သတင်းလွှာနှင့် အီလက်ထရောနစ် ထိုးမြဲလက်မှတ်ပေးပို့ခြင်း၊ လက်ခံရယူခြင်းနှင့် သိုမှီးထိန်းသိမ်းခြင်းတို့ကို သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်။ သို့ရာတွင် မိမိတို့အချင်းချင်း သီးခြားသဘောတူညီချက် ရှိပါက ထိုသဘောတူညီသည့် နည်းလမ်းနှင့်အညီ ဆောင်ရွက်နိုင်သည်။



အခန်း (၉)

အီလက်ထရောနစ်နည်းပညာဖြင့် ပြုလုပ်သည့် ပဋိညာဉ်များ

၂၁။ ပဋိညာဉ်ပြုလုပ်ရာတွင် ပဋိညာဉ်ပြုလုပ်သူများအကြား အခြားနည်းဖြင့် သဘောတူညီချက် မရှိလျှင် ကမ်းလှမ်းခြင်း၊ ကမ်းလှမ်းချက်ကို လက်ခံခြင်းနှင့် အခြားလိုအပ်သော အချက်အလက် ပြုလုပ်ခြင်းတို့ကို အီလက်ထရောနစ် နည်းပညာဖြင့် ဆောင်ရွက်နိုင်သည်။

၂၂။ အီလက်ထရောနစ် မှတ်တမ်းနှင့် အီလက်ထရောနစ် အချက်အလက် သတင်းလွှာတို့ကို မူလဆောင်ရွက် ပေးပို့သူ ကိုယ်တိုင်က ဖြစ်စေ၊ ယင်း၏ကိုယ်စား ဆောင်ရွက်ခွင့်ရှိသူက ဖြစ်စေ၊ ကိုယ်တိုင် သို့မဟုတ် ယင်း၏ကိုယ်စား ဆောင်ရွက်ခွင့်ရှိသူက အလိုအလျောက် ဆောင်ရွက်ရန် စီစဉ်ပြုလုပ်ထားသော သတင်းအချက်အလက်စနစ် ဖြင့်ဖြစ်စေ ပေးပို့ခဲ့လျှင် မူလဆောင်ရွက်ပေးပို့သူ၏ အီလက်ထရောနစ် မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာဖြစ်သည်ဟု မှတ်ယူရမည်။

၂၃။ လက်ခံသူသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ကိုက်ညီလိုပါက မူလဆောင်ရွက်ပေးပို့သူ၏ သတင်းအချက်အလက်၊ အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာ အမှတ်အဖြစ် သတ်မှတ်ချက်များနှင့်အညီ မှတ်ယူပြီး ဆောင်ရွက်ခွင့်ရှိသည် -

(က) လက်ခံသူနှင့် မူလဆောင်ရွက်ပေးပို့သူတို့ သဘောတူညီထားသည့် နည်းလမ်းနှင့်အညီ အသုံးပြု ပေးပို့ခဲ့ခြင်း။

(ခ) မူလဆောင်ရွက် ပေးပို့သူနှင့် ဆက်နွယ်မှုရှိသူက ဖြစ်စေ၊ မူလဆောင်ရွက်ပေးပို့သူ၏ ကိုယ်စား ဆောင်ရွက်ခွင့်ရှိသူက ဖြစ်စေ ပေးပို့သည်ကို လက်ခံသူက လက်ခံရရှိခြင်းဖြစ်ပြီး မူလဆောင်ရွက် ပေးပို့သူ အသုံးပြုသည့် နည်းလမ်းဖြင့် ပေးပို့ခဲ့ခြင်း။

၂၄။ အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာကို ပေးပို့ဆဲ ဖြစ်စေ၊ မပေးပို့မီဖြစ်စေ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့သည် -

(က) အောက်ပါတစ်နည်းနည်းဖြင့် လက်ခံရရှိကြောင်းကို အသိအမှတ်ပြုနိုင်သည် -

(၁) လက်ခံသူက ကိုယ်တိုင်ဖြစ်စေ၊ အလိုအလျောက်နည်းဖြင့် ဖြစ်စေ၊ အခြား တစ်နည်းနည်းဖြင့်ဖြစ်စေ ဆက်သွယ် ပြန်ကြားခြင်း။

(၂) လက်ခံသူက လက်ခံရရှိပြီးဖြစ်ကြောင်း မူလဆောင်ရွက်ပေးပို့သူသို့ လုံလောက်သော ညွှန်ပြမှု တစ်ခုခု ပြုလုပ်ခြင်း။

(ခ) လက်ခံရရှိကြောင်း အသိအမှတ်ပြုခြင်းနှင့် စပ်လျဉ်း၍ သီးခြားသဘောတူညီချက် ပြုလုပ်နိုင်သည်။

၂၅။ အီလက်ထရောနစ် မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာ လက်ခံကြောင်း အသိအမှတ်ပြုချက်ကို လက်ခံရရှိမှသာ အတည်ဖြစ်ရမည်ဟု မူလဆောင်ရွက်ပေးပို့သူက -
(က) သတ်မှတ်ထားသည့် ကိစ္စတွင် လက်ခံကြောင်း အသိအမှတ်ပြုချက်ကို လက်ခံရရှိခဲ့ခြင်း မရှိလျှင် မူလဆောင်ရွက်ပေးပို့သူက မည်သည့်အခါမျှ ပေးပို့ခဲ့ခြင်းမရှိဟု မှတ်ယူရမည်။

(ခ) သတ်မှတ်ထားခြင်း မရှိသည့် ကိစ္စတွင် သီးခြားသတ်မှတ် သဘောတူညီထားသည့် အချိန်အတွင်း ဖြစ်စေ၊ အချိန်ကို သတ်မှတ်ထားခြင်း မရှိပါက သင့်လျော်သည့် အချိန်အတွင်းဖြစ်စေ၊ လက်ခံကြောင်း အသိအမှတ်ပြုချက်ကို မူလဆောင်ရွက်ပေးပို့သူက လက်ခံရရှိခြင်း မရှိလျှင် မူလဆောင်ရွက်ပေးပို့သူသည် ထိုသို့ မရရှိကြောင်း လက်ခံသူသို့ အကြောင်းကြားနိုင်သည်။

၂၆။ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့အကြား ပို့လွှတ်သည့် အချိန်နှင့် လက်ခံသည့် အချိန်တို့နှင့် စပ်လျဉ်း၍ သီးခြား သဘောတူညီချက် မရှိလျှင် အီလက်ထရောနစ် မှတ်တမ်းသို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာကို -

(က) ပို့လွှတ်သည့်အချိန်သည် မူလဆောင်ရွက်ပေးပို့သူ သို့မဟုတ် ယင်း၏ကိုယ်စားလှယ်၏ ထိန်းချုပ်မှုပြင်ပရှိ သတင်းအချက်အလက် စနစ်အတွင်းသို့ ၀င်ရောက်သည့်အချိန်ဖြစ်သည်။

(ခ) လက်ခံသည့်အချိန်သည် အောက်ပါအတိုင်း ဖြစ်သည် -

(၁) သတ်မှတ်ထားသော သတင်းအချက်အလက်စနစ်အတွင်းသို့ ၀င်ရောက်သည့်အချိန်။

(၂) လက်ခံသူက သတ်မှတ်ထားခြင်းမရှိသော သတင်းအချက်အလက်စနစ်ကို အသုံးပြုခဲ့ပါက လက်ခံသူက လက်ခံရရှိသည့် အချိန်။

(၃) သတ်မှတ်ထားသော သတင်းအချက်အလက်စနစ် မရှိပါက လက်ခံသူ၏ သတင်း အချက်အလက် စနစ်အတွင်းသို့ ၀င်ရောက်သည့်အချိန်။

၂၇။ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့သည် -

(က) သီးခြားသဘောတူညီချက်မရှိလျှင် မူလဆောင်ရွက်ပေးပို့သူ၏ လုပ်ငန်းတည်ရှိသော နေရာကို ပို့လွှတ်သည့် နေရာဟုလည်းကောင်း၊ လက်ခံသူ၏ လုပ်ငန်းတည်ရှိသော နေရာကို လက်ခံသည့်နေရာဟု လည်းကောင်း မှတ်ယူရမည်။

(ခ) စီးပွားရေးလုပ်ငန်းကို တစ်နေရာထက်ပို၍ လုပ်ကိုင်ပါက အဓိက စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် နေရာကိုလည်းကောင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သည့် နေရာမရှိပါက ထိုသူအမြဲတမ်း နေထိုင်သော နေရာကိုလည်းကောင်း အဖွဲ့အစည်းဖြစ်ပါက ဥပဒေနှင့်အညီ ဖွဲ့စည်းတည်ထောင် ထားသော နေရာကိုလည်းကောင်း အမြဲတမ်းနေရပ်လိပ်စာဟု မှတ်ယူရမည်။



အခန်း (၁၀)

စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၂၈။ ကြီးကြပ်မှုအဖွဲ့သည် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက လိုင်စင်စည်းကမ်းချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင်ဖြစ်စေ အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ချမှတ်နိုင်သည် -

(က) သတ်မှတ်ထားသောဒဏ်ကြေးငွေတပ်ရိုက်ခြင်း။

(ခ) လိုင်စင်ကိုကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း။

(ဂ) လိုင်စင်ကိုပယ်ဖျက်ခြင်း။

၂၉။ သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူသည် ငှားရမ်းသုံးစွဲသူက သက်သေခံလက်မှတ်ပါ စည်းကမ်း ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်လျှင်ဖြစ်စေ၊ ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်ဖြစ်စေ ထိုသူအား အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည်။

(က) သက်သေခံလက်မှတ်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း။

(ခ) သက်သေခံလက်မှတ်ကို ပယ်ဖျက်ခြင်း။



အခန်း (၁၁)

ပြင်ဆင်ပေးရန် လျှောက်ထားခြင်းနှင့် အယူခံခြင်း

၃၀။ 
(က) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက သက်သေခံလက်မှတ် ထုတ်ပေးရန် ငြင်းပယ်ခြင်း၊ သက်သေခံလက်မှတ်ကို ကာလ အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် စပ်လျဉ်း၍ ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကို မကျေနပ်သူသည် အဆိုပါ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် ချမှတ်သည့်နေ့ရက်မှ ရက်ပေါင်း ၃၀ အတွင်း ကြီးကြပ်မှုအဖွဲ့ထံ ပြင်ဆင်ပေးရန် လျှောက်ထားနိုင်သည်။

(ခ) ကြီးကြပ်မှုအဖွဲ့သည် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူက ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

၃၁။ 
(က) ကြီးကြပ်မှုအဖွဲ့က လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း၊ သတ်မှတ်ထားသော ဒဏ်ကြေးငွေ တပ်ရိုက်ခြင်း၊ လိုင်စင်ကို အကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းနှင့် စပ်လျဉ်း၍ဖြစ်စေ၊ ပုဒ်မ-၃၀၊ ပုဒ်မခွဲ(ခ)အရ ချမှတ်သည့် အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် တစ်ရပ်ရပ်ကိုဖြစ်စေ မကျေနပ်သူသည် အဆိုပါ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ချသည့် နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ဗဟိုအဖွဲ့သို့ အယူခံနိုင်သည်။

(ခ) ဗဟိုအဖွဲ့သည် ကြီးကြပ်မှုအဖွဲ့က ချမှတ်သောအမိန့်သို့မဟုတ် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုနိုင်သည်။

၃၂။ ဗဟိုအဖွဲ့က ပုဒ်မ-၃၁၊ ပုဒ်မခွဲ(ခ)အရ ချမှတ်သည့် အဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။



အခန်း (၁၂)

ပြစ်မှုနှင့် ပြစ်ဒဏ်များ

၃၃။ မည်သူမဆို အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး နည်းပညာကို အသုံးပြု၍ အောက်ပါ ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ်အနည်းဆုံး (၇)နှစ်မှ အများဆုံး (၁၅)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် -

(က) နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုကို ထိခိုက်စေသည့် ပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ခြင်း။

(ခ) နိုင်ငံတော်၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော်၏စီးပွားရေး သို့မဟုတ် အမျိုးသားယဉ်ကျေးမှုနှင့် စပ်လျဉ်းသည့် နိုင်ငံတော်၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်သော သတင်းအချက်အလက်တစ်ရပ်ရပ်ကို ရယူခြင်း သို့မဟုတ် ပေးပို့ဖြန့်ချီခြင်း။

၃၄။ မည်သူမဆို အောက်ပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူအား ထောင်ဒဏ် (၅)နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် -

(က) အီလက်ထရောနစ်မှတ်တမ်း အီလက်ထရောနစ်အချက်အလက် သတင်းလွှာသို့မဟုတ် ကွန်ပျူတာပရိုဂရမ် တစ်ခုလုံးကိုဖြစ်စေ၊ ပရိုဂရမ် တစ်စိတ်တစ်ဒေသကိုဖြစ်စေ မရိုးမဖြောင့်သော သဘောဖြင့် ပေးပို့ခြင်း၊ နှောက်ယှက်ခြင်း၊ ပြုပြင်ခြင်း၊ ပြောင်းလဲခြင်း၊ ဖျက်ဆီးခြင်း၊ ခိုးယူခြင်း သို့မဟုတ် ထိခိုက်ဆုံးရှုံးစေခြင်း။

(ခ) မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့၏ ခွင့်ပြုချက်မရှိဘဲ ကျွန်ပျူတာကွန်ရက်အတွင်း ဆက်သွယ်မှု တစ်ခုခုကို ကြားဖြတ်ခြင်း၊ ဆက်သွယ်မှု တစ်ခုခုတွင် ပါဝင်သည့် အချက်တစ်ရပ်ရပ်ကို အသုံးပြုခြင်း သို့မဟုတ် အခြားသူ တစ်ဦးဦးသို့ ထုတ်ဖေါ်ခြင်း။

(ဂ) ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ ခွင့်ပြုချက် သို့မဟုတ် သဘောတူညီချက် မရှိဘဲ ထိုသူ၏ လုံခြုံမှုအဆင့် ထားရှိသောအမှတ်၊ စကားဝှက် သို့မဟုတ် အီလက်ထရောနစ် ထိုးမြဲလက်မှတ်ဖြင့် အခြားပုဂ္ဂိုလ်တစ်ဦးဦးသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်အသုံးပြုခြင်း။

(ဃ) အဖွဲ့အစည်း တစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးကို ထိခိုက်နစ်နာစေရန် ဖြစ်စေ၊ ဂုဏ်သိက္ခာ ကျဆင်းစေရန် ဖြစ်စေ၊ သတင်းအချက်အလက်ကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ပြောင်းလဲခြင်း၊ ထိုသို့ပြုလုပ်ခြင်း၊ ပြုပြင်ခြင်းသို့မဟုတ် ပြောင်းလဲခြင်း ပြုလုပ်ထားသည့် အချက်အလက်ကို ဖြန့်ချီခြင်း။

၃၅။ မည်သည့်သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူ၊ ယင်း၏အရာရှိသို့မဟုတ် ၀န်ထမ်းမဆို ကြီးကြပ်မှု အဖွဲ့က ထုတ်ပြန်သောအမိန့်ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် (၃)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၃၆။ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်ထားသော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာနှင့် အမိန့်များပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် (၁)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

၃၇။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် (၁)နှစ်အထိဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

(က) သက်သေခံလက်မှတ်ရရှိရန် လျှောက်ထားရာတွင်ဖြစ်စေ၊ သက်သေခံလက်မှတ်ကို ရပ်ဆိုင်းရန် သို့မဟုတ် ရုပ်သိမ်းရန် တင်ပြရာတွင်ဖြစ်စေ မိမိ၏ အထောက်အထားသို့မဟုတ် အသုံးပြုခွင့်ကို သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူထံ သိလျက်နှင့် မမှန်မကန် တင်ပြခြင်း။

(ခ) ဤဥပဒေနှင့် အညီ လုပ်ငန်းတာဝန်များဆောင်ရွက်သော ဗဟိုအဖွဲ့နှင့် ယင်းကတာဝန်လွှဲ အပ်ခြင်း ခံရသည့်အဖွဲ့သို့မဟုတ် ပုဂ္ဂိုလ်ကိုဖြစ်စေ၊ ကြီးကြပ်မှုအဖွဲ့နှင့် ယင်းကတာဝန်လွှဲ အပ်ခြင်း ခံရသည့် အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်ကိုဖြစ်စေ၊ ဟန့်တားခြင်း၊ နှောက်ယှက်ခြင်း၊ တားဆီးခြင်း၊ လက်ရောက်မှုပြုခြင်း သို့မဟုတ် ဤဥပဒေနှင့်အညီ ဆောင်ရွက်ရန် တောင်းဆိုချက်ကို လိုက်နာရန်ပျက်ကွက်ခြင်း။

၃၈။ မည်သူမဆို ဤဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ရန်အားထုတ်လျှင်ဖြစ်စေ၊ ပူးပေါင်းကြံစည်၍ ပြစ်မှုမြောက်သော ပြုလုပ်မှုကို ပြုလုပ်လျှင်ဖြစ်စေ၊ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီလျှင်ဖြစ်စေ ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဌာန်းထားသည့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရမည်။



အခန်း (၁၃)

အထွေထွေ

၃၉။ အစိုးရဌာန၊ အဖွဲ့အစည်းများသည် အောက်ပါကိစ္စရပ်များအတွက် အီလက်ထရောနစ်မှတ်တမ်း သို့မဟုတ် အီလက်ထရောနစ် အချက်အလက် သတင်းလွှာဖြင့် ပြုလုပ်ခြင်းကို တရားဝင် အသိအမှတ်ပြု ဆောင်ရွက်ရမည် -

(က) စာတမ်းအမှတ်အသားများကို တင်သွင်းခြင်း၊ လက်ခံခြင်း သို့မဟုတ် ထိန်းသိမ်းခြင်း။

(ခ) ခွင့်ပြုချက်လိုင်စင်နှင့် သဘောတူညီချက်များ ထုတ်ပေးခြင်း။

(ဂ) ပေးချေရမည့် ငွေကြေးကို တောင်းဆိုခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်းနှင့် လက်ခံပြေစာ ထုတ်ပေးခြင်း။

၄၀။ အီလက်ထရောနစ် နည်းပညာဖြင့် ဆက်သွယ်ဆောင်ရွက်သူများသည် အီလက်ထရောနစ် မှတ်တမ်းနှင့် အီလက်ထရောနစ် အချက်အလက် သတင်းလွှာတို့၏ လိုအပ်သည့် လုံခြုံမှုအမျိုးအစားနှင့် အဆင့်တို့ကို သတ်မှတ်ပြီး မိမိတို့၏ လိုအပ်ချက်နှင့် ကိုက်ညီသည့် နည်းလမ်းများကို ရွေးချယ်အသုံးပြု၍ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်သည်။

၄၁။ ၀န်ကြီးဌာနသည် သက်သေခံလက်မှတ်ထုတ်ပေးပိုင်ခွင့်ရှိသူအဖြစ် ဆောင်ရွက်နိုင်ရန် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်နှင့် စပ်လျဉ်း၍ လိုင်စင်သက်တမ်း၊ လိုင်စင်ခနှင့် လိုင်စင်သက်တမ်း တိုးမြှင့်ခတို့ကို သတ်မှတ်ရမည်။

၄၂။ ကြီးကြပ်မှုအဖွဲ့သည် ဤဥပဒေအရ ရရန်ရှိသည့် အခကြေးငွေနှင့် ဒဏ်ကြေးငွေများပေးဆောင်ရန် ပျက်ကွက်သူထံမှ ထိုအခကြေးငွေနှင့် ဒဏ်ကြေးငွေများကို မြေခွန်မပြေကျန်ငွေဖြစ်ဘိသကဲ့သို့ အရကောက်ခံခွင့် ရှိသည်။

၄၃။ ၀န်ကြီးဌာနသည် -

(က) အစိုးရ၀န်ထမ်း မဟုတ်သော ဗဟိုအဖွဲ့အဖွဲ့ဝင်များအား ချီးမြှင့်ငွေ သတ်မှတ်ခံစားခွင့် ပြုနိုင်သည်။
(ခ) ဗဟိုအဖွဲ့၏ ရုံးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စီစဉ်ပေးရမည့်အပြင် ကုန်ကျစရိတ်ကိုလည်း ကျခံရမည်။

၄၄။ ဤဥပဒေအရ တရားစွဲဆိုရာတွင် ဗဟိုအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ကို ရယူရမည်။

၄၅။ ဤဥပဒေပါ မည်သည့်ပြစ်မှုကိုမဆို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူပိုင်ခွင့် ရှိသည်။

၄၆။ ဤဥပဒေအရ တရားစွဲတင်ပို့သော ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် သက်သေခံပစ္စည်းသည် တရားရုံးရှေ့သို့ တင်ပို့ရန် မလွယ်ကူသော ပစ္စည်းဖြစ်ပါက ယင်းသက်သေခံပစ္စည်းကို တရားရုံးရှေ့သို့ တင်ပို့ရန် မလိုဘဲ မည်ကဲ့သို့ ထိန်းသိမ်းထားကြောင်း အစီရင်ခံစာကို သက်ဆိုင်ရာ အခြားစာရွက်စာတမ်းများ၊ အထောက်အထားများနှင့်အတူ တင်ပြနိုင်သည်။ ယင်းသို့တင်ပြခြင်းကို တရားရုံးသို့ သက်သေခံပစ္စည်း တင်ပြဘိသကဲ့သို့ မှတ်ယူကာ သက်ဆိုင်ရာတရားရုံးက ဥပဒေနှင့်အညီ စီမံခန့်ခွဲခြင်း ပြုနိုင်သည်။

၄၇။ သက်သေခံအက်ဥပဒေ ပုဒ်မ-၄၅ တွင် ရည်ညွှန်းသည့် ကျွမ်းကျင်သူများ ဆိုသည့် စကားရပ်တွင် ကြီးကြပ်မှုအဖွဲ့၊ ယင်းအဖွဲ့က တာဝန်ပေးအပ်ခြင်း ခံရသည့်အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်နှင့် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူတို့ ပါဝင်သည်ဟု မှတ်ယူမည်။

၄၈။ မူလဆောင်ရွက်ပေးပို့သူနှင့် လက်ခံသူတို့အကြား ဆက်သွယ်ဆောင်ရွက်သည့် သတင်းအချက်အလက်၊ အီလက်ထရောနစ်မှတ်တမ်း၊ အီလက်ထရောနစ်အချက်အလက် သတင်းလွှာ၊ အီလက်ထရောနစ် ထိုးမြဲလက်မှတ်နှင့် အခြားစာတမ်း အမှတ်အသားများကို အီလက်ထရောနစ် နည်းပညာဖြင့် ပြုလုပ်ထားသည် ဆိုသည့် အကြောင်းပြချက် တစ်ခုတည်းဖြင့် ဥပဒေအရ အကျိုးသက်ရောက်မှု၊ တရားဝင်မှု သို့မဟုတ် အတည်ဖြစ်မှုကို ငြင်းပယ်ခြင်း မပြုရ။

၄၉။ ဤဥပဒေအရ လုပ်ငန်းတာဝန်များကို သဘောရိုးဖြင့် ဆောင်ရွက်သော ဗဟိုအဖွဲ့နှင့် ယင်းကတာဝန် လွှဲအပ်ခြင်းခံရသော အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်ကိုဖြစ်စေ၊ ကြီးကြပ်မှုအဖွဲ့နှင့် ယင်းကတာဝန် လွှဲအပ်ခြင်းခံရသော အဖွဲ့ သို့မဟုတ် ပုဂ္ဂိုလ်ကိုဖြစ်စေ၊ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့် ရှိသူကိုဖြစ်စေ တရားမကြောင်းဖြင့် သော်လည်းကောင်း၊ ပြစ်မှုကြောင်းဖြင့်သော်လည်းကောင်း တရားစွဲဆိုခွင့်မရှိစေရ။

၅၀။ ၀န်ကြီးဌာနသည် ဤဥပဒေပါ နည်းပညာပိုင်းဆိုင်ရာစကားရပ်တစ်ခုခု၏ အဓိပ္ပါယ်ကို ရှင်းလင်းပေးရန် လိုအပ်လျှင် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ ရှင်းလင်းပေးနိုင်သည်။

၅၁။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင် ပြဌာန်းပါရှိစေကာမူ ဤဥပဒေပါ ပြဌာန်းချက်တစ်ရပ်ရပ်နှင့် ညီညွတ်မှုမရှိသော သို့မဟုတ် ဆန့်ကျင်ကွဲလွဲသော ပြဌာန်းချက်များကို ဤဥပဒေပါ ပြဌာန်းချက်များက လွှမ်းမိုးစေရမည်။

၅၂။ ဤဥပဒေပါ ပြဌာန်းချက်များကို အကောင်အထည်ဖေါ်ဆောင်ရွက်ရာတွင် -

(က) ၀န်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ဗဟိုအဖွဲ့နှင့် ၀န်ကြီးဌာနတို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လည်းကောင်း၊ ကြီးကြပ်မှုအဖွဲ့သည် လိုအပ်သော ညွှန်ကြားချက်များကို လည်းကောင်း ထုတ်ပြန်နိုင်သည်။



(ပုံ)
သန်းရွှေ
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz