Tuesday, June 13, 2006

ပင့်ကူ

ပင့်ကူ


ပင့်ကူ
ငါ့ကိုစားပါ
ငါ့ရဲ့ ဦးနှောက်ကို မင်းဖောက်စားပါ
ဝေ့လည်ကြောင်ပတ် မင်းစမ်းသပ်ချက်တွေကို ရပ်ပြီး
ငါ့ကို စားလှည့်ပါတော့

ငါ့ခေါင်းထဲမှာ မရှုပ်ချင်တဲ့အခါ ဉာဏ်နီဉာဏ်နက်တွေရှိရဲ့
လိုအပ်သော သူများအတွက် လိမ်ညာခြင်း လှည့်ဖျားခြင်း ရှိရဲ့
နှလုံးခုန်သံကို လိုက်ပြီး လှည့်ပတ်နေတည့် သွေးတွေလည်း ရှိရဲ့
နောက်ထပ်
မိုက်မိုက်ကန်းကန်းတွေးတောတတ်တဲ့
စိတ်ကူးစိတ်သန်း တစ်ချို့ ရှိမယ်
အာရုံခြောက်ပါးကို နေရာဒေသအလိုက် ခံစားတတ်တဲ့
ကာမဂုဏ်တွေလည်း ရှိတယ်
သွေးတိုးရင်း မွှေးပျံ့တတ်တဲ့
လက်ကောက်ဝတ်က ရေမွှေးနံ့လေးများလည်း ကျန်သေးတယ်

ငါ့မှတ်ဉာဏ်က ဒီဒီအာတူး မဟုတ်ဘူး
ခဏတာ အလွမ်းတွေကိုလည်း သိမ်းမထားတတ်ဘူး
ငါ့ အတွေးအခှေါများက မီးရထားတစ်စင်းလို
ဂျုံးဂျုံးဂျက်ဂျက် စက်သံမမှန်လည်း
လူများများ ခရီးတွင်အောင် ငါခုတ်မောင်းတယ်

အမြင်အာရုံတွေက အာရုံကြောများကနေ
စိတ်ကို ပိုင်းဖြတ်တတ်လွန်းလို့
ငါ့မျက်လုံးများလည်း မင်းဖောက်စားလိုက်

ငါ့နှုတ်ခမ်းများက ဆိုလွယ် ညည်းလွယ်
အလွယ်တကူ ဖြစ်တတ်လွန်းလို့
မင်းဖောက်စားလိုက်

ငါ့နားများက ဆူညံရှည်လျားတဲ့
စကားသံများ ကြားရင် ပူလောင်တတ်လို့
မင်းဖောက်စားလိုက်

ငါ့လက်များ
အနုပညာမဲ့သွားရအောင်
မင်းဖောက်စားလိုက်

ငါ့ရင်တွေနာတယ်
မင်းရဲ့ ချွဲကျိကျိ နှောင်ကြိုးတွေကို ဖြတ်ချပြီးမှ
ငါ့အသွေးအသား မင်းဖောက်စားလိုက်

ငါက မလှုပ်ရှားဘူး
မရုန်းကန်ဘူး
မင်းဖောက်စားမယ့် အချိန်ကို စောင့်စားသူပေါ့ ပင့်ကူ
ငါ့သွေးများက အိပ်ခ်ျအိုင်ဗွီကင်းတယ်
ငါ့ကိုယ်ရည်ပြားက သန့်ရှင်းတယ်
ငါ့ဆံပင်များက ဖြောင့်စင်းတယ်

တွေဝေသလိုလို အလစ်ချောင်းသလိုလိုနဲ့
အနားလာလိုက် ပြန်ဆုတ်သွားလိုက် မင်းမလုပ်နဲ့
ဘာစကား တစ်ခွန်းမှ မပြောဘဲ ငါ့ကို ဖောက်စားလိုက်စမ်းပါ
ကျေးဇူးပြုပြီး
မင်းငါ့ကို ဖောက်စားနေတာ ငါမသိအောင်
ဦးနှောက်တွေကနေ စပြီးဖောက်စားပစ်လိုက်ပါ
ငါနေထိုင်ရတာ ပူလောင်လွန်းလို့
ဒါမှမဟုတ်
ဒီလိုအတွေးမျိုးတွေ ထွက်မလာချင်လွန်းလို့။


လင်းဆက်
13.06.06 6:06am

Technorati Tags: , ,

No response to “ပင့်ကူ”

 
© 2009 NYI LYNN SECK 18+ DEN. All Rights Reserved | Powered by Blogger
Design by psdvibe | Bloggerized By LawnyDesignz